Premier League

တစ်ရွာပြောင်းမှ သူကောင်းဖြစ်ခဲ့ကြတဲ့ ချဲလ်ဆီးကစားသမား ၆ ဦး

ချဲလ်ဆီးအသင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကမ္ဘာ့အဆင့်ကစားသမားအနည်းငယ် ပိုမို မွေးထုတ်နိုင်ခဲ့ပေမယ့် အဲဒီကစားသမားတွေထဲက အားလုံးဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ထိပ်တန်းအဆင့်ကို ရောက်ရှိခဲ့ကြတာတော့ မဟုတ်ပါဘူး။

တစ်ရွာမကောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားကို လက်ကိုင်ထားပြီး တောက်မယ့်မီးခဲတွေဟာ ၎င်းတို့ကို အစွမ်းကုန်တောက်လောင်ခွင့်ပေးမယ့် နေရာကို ပြောင်းရွှေ့ခဲ့ကြပြီး အဲဒီလို အသင်းပြောင်းပြီးမှ စူပါစတားဖြစ်လာခဲ့တဲ့ ချဲလ်ဆီးကစားသမား ၆ ဦးက ဘယ်သူတွေလဲ…

မိုဟာမက် ဆာလား

ဆာလားဟာ ၂၀၁၄ ခုနှစ်မှာ ဘေဆယ်လ်ကနေ ချဲလ်ဆီးကိ ုပြောင်းလာခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၁၃ ပွဲသာ ပါဝင်ကစားပေးခွင့်ရရှိခဲ့ရာမှာ ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆာလားရဲ့ ချဲလ်ဆီးအတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ဟာ အက်ဖ်အေဖလားပွဲစဉ်မှာ အင်္ဂလန်ရဲ့ စတုတ္ထတန်းအသင်း ဘရက်ဖို့ဒ် စီးတီးကို ၄-၂ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဖြစ်ခဲ့တာတော့ မှတ်မှတ်ရရဖြစ်ခဲ့ပါတယ်။

၂၀၁၅ နဲ့ ၂၀၁၆ မှာ ဖီအိုရင်တီးနားနဲ့ ရိုးမားကို အငှားနဲ့ ထွက်ကစားခဲ့တဲ့ ဆာလားဟာ ရိုးမားကို အပြီးသတ်ပြောင်းရွှေ့ပြီးနောက် တစ်ရာသီမှာပဲ ပရီးမီးယားလိဂ်ကို ပေါင် ၃၆.၇ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဆာလားဟာ လီဗာပူးလ်အတွက် ပထမဆုံးရာသီမှာပဲ တစ်ရာသီ ၃၈ ပွဲမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ပရီးမီးယားလိဂ်စံချိန်ကိုပါ ရိုက်ချိုးနိုင်ခဲ့ပြီး အန်းဖီးကို စတင်ရောက်ရှိချိန်ကနေ ယနေ့အချိန်အထိ ၂၂၉ ပွဲမှာ ၁၄၈ ဂိုးသွင်းယူထားနိုင်ခဲ့သလို ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ကလပ်ဖလားတွေကိုလည်း ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကီဗင် ဒီဘရိုင်းနား

ဒီနေ့အချိန်မှာ ကီဗင် ဒီဘရိုင်းနားဟာ ကမ္ဘာပေါ်က အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးလို့ သတ်မှတ်နိုင်ပါတယ်။ ဒီဘရိုင်းနားဟာ ၂၀၁၂ ခုနှစ်မှာ ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချဲလ်ဆီးအတွက် ၂ နှစ်အတွင်း ၂ ပွဲသာ ပါဝင်ကစားပေးခွင့် ရခဲ့ပါတယ်။