Premier League

တကျော့ပြန် ကော်တင်ညို တောက်ပခဲ့တဲ့ ဗီလာ 2-2 ယူနိုက်တက်ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ ချက်

စိတ်ကြီးဝင်ရောဂါရနေတဲ့ မာတီနက်ဇ်ရဲ့ မမှားသင့်တဲ့ အမှား
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်တုန်းကအတိုင်းပဲ ပထမပိုင်းမှာ ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီဧရိယာအပြင်ဘက်က အပြင်းကန်သွင်းမှုကို အက်စတန် ဗီလာဂိုးသမား အီမီ မာတီနက်ဇ် ပိုက်ဖမ်းဖို့ ကြိုးပမ်းရာမှာ လက်ချော်ပြီး ပေါင်ကြားထဲက ဝင်သွားခဲ့တာဖြစ်ပါတယ်။ ဘောလုံးလာရာ လမ်းကြောင်းကို ကာဗာနီက နည်းနည်းသာ အာရုံလွှဲနိုင်ခဲ့တာဖြစ်ပြီး ပုံမှန်အားဖြင့် အားထားရတဲ့ အာဂျင်တီးနားဂိုးသမားအတွက်တော့ အလွယ်တကူ ကာကွယ်နိုင်တဲ့ ဂိုးကန်သွင်းမှု ဖြစ်ခဲ့သင့်ပါတယ်။

ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်ခဲ့တဲ့ ဖာနန်ဒက်စ်
ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တင်ပါးဒဏ်ရာပြဿနာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပေမယ့် အက်စတန် ဗီလာနဲ့ပွဲက ရန်းနစ်ခ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပျောက်ဆုံးနေခဲ့ပါတယ်။ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ယခုရာသီ ယူနိုက်တက်အတွက် တစ်ဦးချင်း ရုန်းကန်ပေးနေခဲ့သူဖြစ်ပြီး ၎င်း မပါဝင်နိုင်မှုအတွက် ဘယ်သူက နေရာဝင်ယူမှာလဲဆိုတဲ့ မေးခွန်းတွေ ရှိနေမှာ မလွဲမသွေဖြစ်ပါတယ်။

ဒါပေမယ့် ရန်းနစ်ခ်ရဲ့အသင်းဟာ ကြယ်ပွင့်တိုက်စစ်မှူး မပါဝင်ဘဲ ကစားနိုင်ခဲ့ပြီး မေဆင် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ရာသီက ဂရင်းဝုဒ်လိုမျိုး ကစားနိုင်ခဲ့တာကြောင့် ဗီလာ နောက်ခံကစားသမားတွေကို ပြဿနာတွေ ပေးနိုင်ခဲ့ပါတယ်။ ကာဗာနီရဲ့ အလွန်ကောင်းမွန်တဲ့ တိုက်စစ်မှာ နေရာပြောင်းရွှေ့ကစားမှုနဲ့အတူ အီလန်ဂါကလည်း ရှားရှားပါးပါး ပွဲထွက်ပါဝင်ကစားခွင့်ရမှုကို အခွင့်ကောင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ အထူးသဖြင့် ပထမပိုင်းမှာ ၎င်းရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေခဲ့တာကြောင့် ကွင်းလယ်ကနေ ပွဲကို ထိန်းညှိပေးနိုင်ခဲ့သလို ၄ ပွဲအတွင်း ပထမဆုံးအကြိမ် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ အန်းဖီးက ခြေစွမ်းမျိုး ပြသခဲ့တဲ့ ကော်တင်ညို
ဖိလစ်ပီ ကော်တင်ညိုဟာ ဘာစီလိုနာကနေ ပြောင်းရွှေ့လာပြီးနောက် အက်စတန် ဗီလာအတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်ပွဲစဉ်အဖြစ် လူစားဝင်ကစားပေးခဲ့ပြီး ၁၄ မိနစ်အကြာမှာပဲ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ကော်တင်ညို တိုက်စစ်မှာ ပါဝင်လာမှုက ဒုတိယပိုင်းမှာ ဗီလာရဲ့ အထင်ကြီးဖွယ် တိုက်စစ်ကစားပုံကို ပိုမို တောက်ပစေခဲ့တာဖြစ်ပြီး အိမ်ရှင်အသင်းအတွက် အခွင့်အရေး အများအပြား ဖန်တီးပေးခဲ့တဲ့ လူးကပ်စ် ဒီညီကလည်း ဘယ်တောင်ပံတကြောမှာ မရပ်မနား အဆင်းအတက်ပြုလုပ်ပြီး ပွဲဦးထွက်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။

ကော်တင်ညိုဟာ အကောင်းဆုံး ပွဲဦးထွက်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့အတွက် လာမယ့်အပတ် အဲဗာတန်နဲ့ကစားရမယ့် အက်စတန် ဗီလာရဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ တစ်နေရာ ရရှိဖို့အတွက် လုံလုံလောက်လောက် စွမ်းဆောင်ပြသနိုင်ခဲ့တယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဗီလာရဲ့ နောက်ကျ တိုက်စစ်ဆင်မှုအတွက် အဖြေမပေးနိုင်ခဲ့ဘဲ အဲဒါက အိမ်ရှင်အသင်းကို ကယ်တင်ပေးခဲ့တဲ့ ကော်တင်ညိုရဲ့ စွမ်းရည်တစ်ခုတည်းကြောင့်တင်မဟုတ်ခဲ့ဘဲ ၎င်း ပါဝင်ကစားပေးမှုက ကစားသမားတွေရော ပရိသတ်တွေကိုပါ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုဖြစ်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။