Premier League

ရော်နယ်လ်ဒိုရဲ့ မှတ်ချက်ကို တုံ့ပြန်ခဲ့တဲ့ ယူနိုက်တက်နဲ့ပတ်သက်ရင် စိတ်ဆတ်တဲ့ ဝိန်း ရူနီ

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ အင်တာဗျူးအစီအစဉ်အတွင်း အိုးထရက်ဖို့ဒ်က လူငယ်ကစားသမားအချို့ကို ဝေဖန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရုန်းကန်နေရမှုဟာ ယာယီနည်းပြအဖြစ် ရန်းနစ်ခ်ကို ခန့်အပ်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဆက်လက် ရှိနေဆဲဖြစ်ပြီး ကစားသမား ၁၄ ဦးအထိလည်း ယခုလထဲမှာ ထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းရဲ့အသင်းဖော်အချို့ရဲ့ ခံယူချက်နဲ့ပတ်သက်ပြီး စိတ်ပျက်နေခဲ့ပုံပေါ်ပြီး လက်ရှိအချိန်မှာ ၎င်းထက် ငယ်ရွယ်တဲ့အသင်းဖော်အချို့အနေနဲ့ အကြံပေးစကားတွေကို နားထောင်ချင်စိတ်မရှိပုံပေါ်တဲ့အကြောင်းကို ဘလွန်ဒေါ ၅ ဆုရှင်က အင်တာဗျူးအစီအစဉ်မှာ ထည့်ပြောသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဥပမာပေးလို့ရနိုင်တယ်။ တကယ်လို့ ခင်ဗျားကို ကျွန်တော် အကြံဉာဏ်ပေးရင် ခင်ဗျားက ကျွန်တော့်ထက် ငယ်ရွယ်တယ်ဆိုရင်တောင်မှ ခင်ဗျား နေ့စဉ်ဘဝမှာ အဲဒီအကြံဉာဏ်ကို ထည့်မတွက်ဘူးဆိုရင် အဲဒါက ခက်ခဲပါလိမ့်မယ်။ ကျွန်တော်က အကူအညီပေးတဲ့နေရာမှာ နံပါတ် တစ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ရဲ့အကူအညီကို မလိုချင်ဘူးဆိုရင် ခင်ဗျား အလုပ်ကို ခင်ဗျား မလုပ်တာ၊ ခင်ဗျားကိုယ် ခင်ဗျား ပြန်မကြည့်တာ၊ ခင်ဗျားရဲ့ အသင်းကို ကူညီဖို့အတွက် အကောင်းဆုံးမလုပ်တာပဲ”

“ကျွန်တော် ဒီလူတွေနဲ့ တစ်နေ့လုံး စကားပြောနိုင်တယ်။ ဒါပေမယ့် ခင်ဗျားကိုယ်တိုင် အသိစိတ်ဓာတ်မရှိဘူးဆိုရင် အဲဒါက မဖြစ်နိုင်ပါဘူး။ ကျွန်တော် အသက် ၁၈၊ ၁၉၊ ၂၀ လောက်တုန်းက ကျွန်တော့်ထက် အသက်ကြီးတဲ့သူအချို့ ကျွန်တော်နဲ့ စကားပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ‘ခရစ္စတီယာနို မင်း တိုးတက်အောင် လုပ်ရမယ်’ဆိုတဲ့စကားကို စိတ်ထဲမှာ အမြဲတမ်းထည့်ထားတယ်။ သူတို့တွေက ခင်ဗျားထက် ပိုပြီး သိတယ်။ သူတို့တွေက ခင်ဗျားထက် ပိုပြီး အတွေ့အကြုံရှိတယ်”