Match Report Premier League

ဘိုဝင်ရဲ့ သွင်းဂိုးတွေနဲ့ အာဆင်နယ်ကို ကျော်တက်ပြီး အဆင့် ၄ ရောက်တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖာဘီယန်စကီး၊ ဒီယော့ပ်၊ ဒေါ်ဆန်၊ ဆိုဖာလ်၊ ခရက်စ်ဝဲလ်တို့နဲ့ ခံစစ်ကို စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်နဲ့ လန်ဇီနီ၊ ဗလာရှစ်ချ်တို့ တွဲကစားခဲ့ကြသလို တိုက်စစ်မှာတော့ အန်တိုနီယိုကို အထောင်ထားပြီး ဖော်နယ်လ်စ်နဲ့ ဘိုဝင်တို့က ဘယ်ညာရံပြီး ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

နော့ဝစ်ချ်တို့ကတော့ ဂိုးသမား ကရူးလ်၊ ခံစစ်မှာ ဟန်လီ၊ ဂစ်ဘ်ဆန်၊ အာရွန်စ်နဲ့ ဘရန်ဒန် ဝီလီယမ်စ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာ လီးမေလူး၊ မက္ကလင်း၊ ရာရှီကာ၊ ပလာချက်တာတို့ကို ပွဲထုတ်ခဲ့သလို တိုက်စစ်မှာတော့ အီဒါးရဲ့ရှေ့ကနေ ပူကီက အထောင်နေရာမှာ ဦးဆောင်ခဲ့သလို အဝေးကွင်းမှာ တစ်မှတ်ခွဲယူနိုင်ဖို့ ပြင်ဆင်လာခဲ့ကြတာပါ။

ပွဲချိန် ၂ မိနစ်မှာကတည်းက ဝက်စ်ဟမ်းတောင်ပံသမား ဘိုဝင်က စတင်ခြိမ်းခြောက်ခဲ့မှုကို ကရူးလ် လက်စွမ်းပြ ဖမ်းယူသွားနိုင်ခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ နော့ဝစ်ချ်ကွင်းလယ်လူ ရာရှီကာက တစ်ကိုယ်တော် လိမ်ခေါက်ပြီး ကန်သွင်းခဲ့ရာမှာ ဖာဘီယန်စကီး ကာကွယ်သွားနိုင်ခဲ့သလို အိမ်ရှင်တွေကတော့ အသာစီးနဲ့ ဖိကစားနေခဲ့ပေမယ့် အလေအလွင့်လည်း များနေခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ညာထောင့်ကန်ဘောကို လန်ဇီနီနဲ့ အတိုအပေးအယူလုပ်ပြီး ရလာခဲ့တဲ့ ဘိုဝင်က ဖြတ်တင်ပေးခဲ့ရာမှာ ဘယ်သူနဲ့မှ မထိဘဲ ဂိုးထဲ ဝင်သွားခဲ့လို့ ဂိုးသမား ကရူးလ် အငိုက်မိခဲ့ရပေမယ့် ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးကတော့ ဒီဂိုးမှာ ဗလာရှစ်ချ်က လူကျွံနေခဲ့တယ်လို့ မှားယွင်းစွာ သတ်မှတ်ခဲ့တာကြောင့် အိမ်ရှင်တွေ နစ်နာခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၄၂ မိနစ်မှာတော့ ဘိုဝင်ကပဲ စိတ်မကျေပွဲနွှဲခဲ့ပြီး ညာခြမ်းကနေ ဖြတ်တင်ပေးခဲ့တဲ့ နောက်ခံလူ ဆိုဖာလ်ရဲ့ ပေးပို့မှုကို နော့ဝစ်ချ် နောက်ခံလူ နှစ်ယောက်ကြားထဲကနေ ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား ကရူးလ် မကာကွယ်နိုင်ခဲ့လို့ သူ့ရဲ့ ဒီရာသီ ၄ ဂိုးမြောက်နဲ့ ဝက်စ်ဟမ်းတို့ကို ဦးဆောင်စေနိုင်ခဲ့သလို ပထမပိုင်းကတော့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့တာပါ။