Match Report Premier League

မြေခွေးဟောင်းကြီး ရာနီရေးရီကို ချေမှုန်းပြီး အဆင့် ၁၀ ရောက်တဲ့ လက်စတာ

လက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲကို လူစုံထုတ်သုံးလာခဲ့ပြီး ၄-၂-၃-၁ ပုံစံကို အသုံးပြုခဲ့သလို ခံစစ်မှာ ရှမိုက်ကယ်၊ ဆိုယွန်ကျူ၊ အီဗန်စ်၊ ကက်စတာညာနဲ့ သောမတ်စ်၊ ကွင်းလယ်မှာ အန်ဒီဒီ၊ ဆူမာရေးနဲ့ မက်ဒီဆန်၊ တိုက်စစ်မှာ ဗာဒီ၊ ဟာဗီဘန်းစ်နဲ့ လွတ်ခ်မန်းတို့ကို ထုတ်သုံးခဲ့ပြီး အိမ်ကွင်းမှာ ပရီးမီးယားလိဂ်သုံးပွဲဆက်အနိုင်မရမှုကို ရပ်တန့်နိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ဝတ်ဖို့ဒ်ကတော့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရထားခဲ့တဲ့ အရှိန်နဲ့ ဒီပွဲမှာလည်း နည်းပြကြီး ရာနီရေးရီအနေနဲ့ လူစာရင်းကို ခပ်ရဲရဲပဲ ထုတ်သုံးခဲ့ပြီး ဂျိုရှူအာကင်း၊ အီမန်ညူယယ် ဒင်းနစ်၊ ကူချို ဟာနန်ဒက်ဇ်၊ ဆစ်ဆိုကို၊ လူဇာ၊ ကလယ်ဗာလီ၊ မာဆီနာ၊ ဖာမင်နီယာတို့လို ကစားသမားတွေကို အထိုင်ချခဲ့သလို ဂိုးသမားနေရာမှာတော့ ဝါရင့် ဖော်စတာအစား ဘက်ခ်မန်း ပါဝင်လာခဲ့တာပါ။

မြေခွေးတွေအနေနဲ့ သူတို့ရဲ့ နည်းပြဟောင်းကြီးကို အသွင်မတူတော့ချိန်မှာ သက်ညှာနေဖို့ မစဉ်းစားတော့ဘဲ ပွဲချိန် ၃ မိနစ်မှာကတည်းက မက်ဒီဆန်ရဲ့ ထောင့်ကျဉ်းကန်ချက်နဲ့ စတင်ခြိမ်းခြောက်ခဲ့သလို ပွဲချိန် ၉ မိနစ်မှာတော့ ဝတ်ဖို့ဒ်ဘက်ကနေ ဒင်းနစ်က ပြန်လည်ခြိမ်းခြောက်ခဲ့ပြီး နှစ်သင်းစလုံး ဖွင့်ကစားလာခဲ့ကြပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ လက်စတာတို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ခံစစ်ကနေ ဂျွန်နီ အီဗန်စ် ကန်တင်ပေးလိုက်တဲ့ ဖရီးကစ်ကို ဝတ်ဖို့ဒ်နောက်ခံလူ နှစ်ဦးဖြစ်တဲ့ ကက်သ်ကတ်နဲ့ အီကောင်တို့ နားလည်မှုလွဲပြီး ရှင်းမထုတ်နိုင်ခဲ့တာကို မက်ဒီဆန်က ရယူနိုင်ခဲ့ပြီး ဂိုးသမား ဘက်ခ်မန်းနဲ့ တစ်ယောက်ချင်း အတွေ့မှာ Volley ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာ ကက်စတာညာရဲ့ ဖြတ်တင်ဘောကို ဗာဒီ ခေါင်းမတိုက်နိုင်ဘဲ လွဲချော်သွားခဲ့သလို ပွဲချိန် ၂၈ မိနစ်မှာတော့ ဒင်းနစ်ပေးတာကို ဟာနန်ဒက်ဇ်ရဲ့ ကန်ချက်က ဆိုယွန်ကျူနဲ့ထိပြီး ဂိုးသမား ဘယ်လိုက်ဖမ်းရမှန်း မသိဘဲ အပျောက်ဖြစ်ခဲ့ပေမယ့် တိုင်ထိပြီး ပြန်ထွက်လာခဲ့တာကြောင့် ရှမိုက်ကယ် ပြန်ဖမ်းယူနိုင်ခဲ့ပြီး ဝတ်ဖို့ဒ်တို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ ဂိုးဧရိယာထဲ ဆွဲဝင်လာတဲ့ ဒင်းနစ်ကို အန်ဒီဒီ ခြေချိတ်မိခဲ့တာကြောင့် လက်စတာတို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ တိုက်စစ်မှူး ဂျိုရှူအာကင်းက ညာဘက်ကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရှမိုက်ကယ် ခန့်မှန်းမှု မှန်ကန်ခဲ့ပေမယ့် အနည်းငယ် နောက်ကျနေခဲ့တာကြောင့် ဂိုးပြန်ပေးခဲ့ရပြီး တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ လက်စတာတို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ မက်ဒီဆန်ရဲ့ ပေးပို့မှုက ခံစစ်ကို ကျော်ပြီး ကျလာရာမှာ အခွင့်အရေး သိပ်မကောင်းခဲ့ပေမယ့် မလိုအပ်ဘဲ ထွက်လာခဲ့တဲ့ ဂိုးသမား ဘက်ခ်မန်းကြောင့် ဗာဒီက ပြေးလိုက်ပြီး ကျော်ကန်သွင်းခဲ့ရာမှာ ခံစစ်က လိုက်လံဖျက်ထုတ်ပေမယ့် မမီခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုး ပြန်ဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အီဗန်စ်နဲ့ မက်ဒီဆန်တို့ရဲ့ ထိုးဖောက်မှုတွေက ဂိုးမဖြစ်ခဲ့ပေမယ့် ပွဲချိန် ၄၂ မိနစ်မှာတော့ ထောင့်ကန်ဘောကို မက်ဒီဆန်ပဲ ကန်တင်ပေးရာမှာ ဗာဒီက သူ့ကို ကပ်ထားတဲ့ ဝတ်ဖို့ဒ်နောက်ခံလူကို ခွာထွက်ပြေးပြီးမှ နောက်ပြန်ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့ရာမှာ ဂိုးသမား ဘက်ခ်မန်းရဲ့ အဝေးတိုင်ဘက်ကို ဝင်သွားခဲ့လို့ လက်စတာတို့ ပထမပိုင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ နှင်းတွေ တအားကျလာခဲ့ပြီး ကွင်းဖွေးဖွေးမှာ နှစ်သင်းယှဉ်ခဲ့ကြရသလို ပွဲချိန် ၄၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ကက်စတာညာကို ဘော်ဒီခုပြီး ဘောလုံးယူသွားတဲ့ ကူချို ဟာနန်ဒက်ဇ်ပေးတာကို ဂျိုရှူအာကင်း အနီးကပ် ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား ရှမိုက်ကယ် ကာကွယ်သွားနိုင်ခဲ့လို့ လက်စတာတို့ သက်သာခဲ့ရပါတယ်။

ဘောလုံးကွင်းကတော့ နှင်းတွေ အဖတ်လိုက် ကျနေချိန်မှာ မြက်ခင်းနဲ့မတူဘဲ ရေခဲပြင်နဲ့ ပိုတူနေခဲ့သလို ပရီးမီးယားလိဂ်ရဲ့ ဆောင်းရာသီ ဘောလုံးကလည်း ထင်သလောက် အနီရောင်တောက်ပခြင်းမရှိတာကြောင့် ပွဲကြည့်သူတွေအတွက်တော့ ပျောက်ဆုံးနေခဲ့ပြီး ကွင်းထဲက ကစားသမားတွေလည်း အနည်းနဲ့အများတော့ ရုန်းကန်ခဲ့ကြရတာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဝတ်ဖို့ဒ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ကွင်းလယ်က နောက်ပြန်ပေးတာကို ခံစစ်က ကက်စတာညာရဲ့ အထိန်းအသိမ်းမကောင်းဘဲ ဘောစရှည်သွားခဲ့ရာမှာ နောက်ကနေ ဒင်းနစ်က လိုက်လံလုယူပြီး ဂိုးသမား ရှမိုက်ကယ်နဲ့ တစ်ယောက်ချင်း အတွေ့မှာ အသာအယာ လှည့်စားကန်သွင်းနိုင်ခဲ့လို့ သုံးဂိုး-နှစ်ဂိုးဖြစ်နေခဲ့ပြီး လက်စတာကစားသမားတွေ စောဒကတက်ခဲ့ကြပေမယ့် ပြစ်ဒဏ်ဘော မဖြစ်ခဲ့ကြောင်း VAR က သတ်မှတ်ပြီး ဂိုးအဖြစ် အတည်ပြုပေးခဲ့ပါတယ်။

ပွဲချိန် ၆၈ မိနစ်မှာတော့ လက်စတာတို့ တစ်ဂိုးထပ်ရခဲ့ပြီး ဘယ်ခြမ်းကနေ သောမတ်စ် ထိုးပေးလိုက်တဲ့ ဘောလုံးကို ဝတ်ဖို့ဒ်နောက်ခံလူ နှစ်ယောက်ကြားက ဖောက်ထွက်သွားခဲ့တဲ့ ဘန်းစ်က ဂိုးတိုင်နားအထိ ဆွဲယူသွားခဲ့ပြီးမှ ပြန်ချိုးပေးရာမှာ ညာခြမ်းက ပါလာတဲ့ လွတ်ခ်မန်းက အနီးကပ် ပိတ်သွင်းပြီး စတုတ္ထဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဝတ်ဖို့ဒ်ဘက်က ဒင်းနစ်ပါ နာသွားခဲ့တာကြောင့် ကစားသမားအင်အားသာတဲ့ လက်စတာတို့ပဲ ဖိကစားသွားခဲ့သလို ဗာဒီကတော့ ဟက်ထရစ်ရနိုင်တဲ့ အခွင့်အရေးနှစ်ကြိမ်လောက်ကို အသုံးမချနိုင်ခဲ့တော့လို့ လေးဂိုး-နှစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ကင်းပါဝါကွင်းမှာ မြေခွေးတွေရဲ့ ခပ်ကြမ်းကြမ်းနိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် လက်စတာတို့အနေနဲ့ ၁၃ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲနိုင် ၃ ပွဲသရေ ၅ ပွဲရှုံး၊ ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၈ နဲ့ ၉ နေရာက မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန်တို့ထက် ဂိုးကွာခြားချက် လျော့နည်းမှုအရ အဆင့် ၁၀ မှာ အမှတ်တူနဲ့ ရပ်တည်နိုင်ခဲ့သလို ဝတ်ဖို့ဒ်ကတော့ တန်းဆင်းဇုန်နဲ့ ၄ မှတ်အကွာ အဆင့် ၁၆ မှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲကို လူစုံထုတ်သုံးလာခဲ့ပြီး ၄-၂-၃-၁ ပုံစံကို အသုံးပြုခဲ့သလို ခံစစ်မှာ ရှမိုက်ကယ်၊ ဆိုယွန်ကျူ၊ အီဗန်စ်၊ ကက်စတာညာနဲ့ သောမတ်စ်၊ ကွင်းလယ်မှာ အန်ဒီဒီ၊ ဆူမာရေးနဲ့ မက်ဒီဆန်၊ တိုက်စစ်မှာ ဗာဒီ၊ ဟာဗီဘန်းစ်နဲ့ လွတ်ခ်မန်းတို့ကို ထုတ်သုံးခဲ့ပြီး အိမ်ကွင်းမှာ ပရီးမီးယားလိဂ်သုံးပွဲဆက်အနိုင်မရမှုကို ရပ်တန့်နိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။














REF: INTERNET SOURCES
SPORTS A2Z.