Match Report Premier League Serie A UCL&UEL

ဆာဖာဂီရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကို ပြသပြီး နောက်ကလိုက် နိုင်ပွဲရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဝန်ဘစ်ဆာကာ၊ လုခ်ရှော၊ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့ရှေ့က မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ကို အထိုင်ပြန်ချလာခဲ့သလို ဘယ်တောင်ပံမှာလည်း အလုပ်မဖြစ်တဲ့ ဆန်ချိုအစား Dr. Rashford MBE ကို ထည့်သွင်းခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ရော်နယ်လ်ဒိုတို့နဲ့ ၄-၂-၃-၁ ပုံစံ ပွဲထွက်လာခဲ့ပါတယ်။

အတ္တလန်တာကတော့ သူတို့တွေ ကစားနေကျပုံစံအတိုင်းပဲ ၃-၄-၁-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့ကြပြီး အီလီချစ်ချ်၊ မြူရီယယ်လ်၊ ပါဆာလစ်ချ်၊ မေလီ၊ ဖရွိုင်လာ၊ ကူးပ်မိန်းနားစ် စတဲ့ ခြေစွမ်းပြနေတဲ့ ပထမကစားသမားအများစုနဲ့ ကစားခဲ့ကြသလို နည်းပြ ဂျန်ပျယ်ရို ဂက်စ်ပါရီနီရဲ့ နည်းဗျူဟာတွေက ယူနိုက်တက်တို့ကို တော်တော်လေး ဖိအားပေးထိုးနှက်နိုင်ခဲ့တာပါ။

ပွဲချိန် ၈ မိနစ်မှာ ရော်နယ်လ်ဒို ကန်ခွင့်မရအောင် တက်ရှင်းထုတ်တဲ့ အတ္တလန်တာဂိုးသမား မူဆိုကြောင့် ရက်ရှ်ဖို့ဒ် ဘောလုံးရခဲ့ပေမယ့် အလော သုံးဆယ်ကန်ရာမှာ ဘာမှဖြစ်မလာခဲ့သလို အီတလီသားတွေကတောင်မှ တန်ပြန်တိုက်စစ်တွေကနေ တိကျတဲ့ ပုံစံတွေနဲ့ ပြန်လည်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဧည့်သည် အတ္တလန်တာတို့ အဖွင့်ဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ညာခြမ်းကနေ ထိုးဖောက်လာခဲ့တဲ့ တန်ပြန်တိုက်စစ်ကနေ ချဲလ်ဆီးအငှားကစားသမား ဇက်ပါကော့စတာက အနိမ့်ဘောဖြတ်ချိုးပေးတာကို ချဲလ်ဆီးဟောင်းပဲဖြစ်တဲ့ ကွင်းလယ်လူ ပါဆာလစ်ချ်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ နောက်က လိုက်ကစားခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ ညာခြမ်းကနေ ရော်နယ်လ်ဒို တင်ပေးတဲ့ ဘောလုံး ပြန်ကျလာတာကို ဖရက်ဒ်က တစ်ချက်ထိန်းပြီး ကန်သွင်းခဲ့ပေမယ့် ဂိုးသမား မူဆို ကာကွယ်သွားနိုင်ခဲ့သလို ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကတော့ အတ္တလန်တာခံစစ်ကို မကျော်နိုင်ဘဲဖြစ်နေခဲ့ပြီး နည်းပြ ဆိုးလ်ရှားအတွက် ခေါင်းခဲစရာဖြစ်နေခဲ့ပါတယ်။