Premier League Transfer News

ပွဲ ၁၀၀၀ ပြည့်အပြီးမှာ နယူးကာဆယ်လ်နဲ့ ဘရုစ်လမ်းခွဲ၊ ရိုးမားနည်းပြဟောင်းနဲ့ နီးစပ်နေ

နယူးကာဆယ်လ်အသင်းကို သူ့ရဲ့ နည်းပြဘဝ ပွဲ ၁၀၀၀ ပြည့်အဖြစ် စပါးစ်အသင်းနဲ့ ပွဲမှာ ကိုင်တွယ်ခွင့်ရခဲ့တဲ့ စတိဗ် ဘရုစ်အနေနဲ့ အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကတည်းက အသံထွက်နေခဲ့တဲ့ ရေနံမှိုင်းတလူလူနဲ့ မြေဝိုင်းဇာတ်ကို ပြည်ဖုံးကားချချိန်ကတော့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ငှက်ကျားပရိသတ်တွေ မဆိုထားနဲ့ ဘောလုံးပရိသတ်တွေနဲ့ ကျွမ်းကျင်သူတိုင်းအတွက် ရည်မှန်းချက်ကြီးမားတဲ့ ပိုင်ရှင်သူဌေးမျိုးနဲ့ဆို စတိဗ် ဘရုစ်ဟာ ဘယ်လိုမှ မအပ်စပ်တဲ့ ဘုန်းကြီးနဲ့ ဘီးလိုဖြစ်နေတယ်ဆိုတာကို သိထားကြပြီး ဆော်ဒီလုပ်ငန်းရှင်တွေအနေနဲ့ မျက်နှာချိုချိုထားပြီး အချိန် ပေးသွားဦးမယ်ဆိုတဲ့ ကိစ္စကတော့ လက်ရှိမှာ ပြီးဆုံးသွားခဲ့တာပါ။

နှစ်ဦးနှစ်ဖက် သဘောတူ လမ်းခွဲတယ်ဆိုပေမယ့် ဘရုစ်ကို မဖြစ်နိုင်တဲ့ ရည်မှန်းချက်မျိုးနဲ့ ဖိအားပေးခဲ့ပုံရပြီး ဒါကို မလုပ်ဆောင်နိုင်တဲ့ အသက် ၆၀ အရွယ် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းအနေနဲ့ လမ်းခွဲဖို့ကိုပဲ ရင်နာနာနဲ့ ရွေးချယ်ခဲ့ပုံရတယ်လို့ တချို့သတင်းတွေက ဆိုနေကြပြီး တချို့ကတော့ အဖြုတ်ခံလိုက်ရတာလို့တောင် ဆိုနေကြပါတယ်။

နယူးကာဆယ်လ်အသင်းဆီကို ၂၀၁၉ နွေရာသီက ရောက်ရှိလာခဲ့တဲ့ အင်္ဂလိပ်နည်းပြကြီးဟာ သူ့အတွက်တော့ အဆင့်အမြင့်ဆုံးအဖြစ် ဒီအသင်းနဲ့ အက်စ်တန်ဗီလာအသင်းတွေကို ကိုင်တွယ်ဖူးတာဖြစ်ပြီး စိန့်ဂျိမ်းစ်ပါ့ခ်မှာတော့ ၉၇ ပွဲ ကိုင်တွယ်ပြီးချိန်မှာ နိုင်ပွဲရာနှုန်း ၂၈.၉ ရာနှုန်းနဲ့ လမ်းခွဲခဲ့ရတာဖြစ်ပြီး လျော်ကြေးအနေနဲ့ ပေါင် ၈ သန်းရရှိခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဆော်ဒီအသင်းပိုင်ရှင်တွေအနေနဲ့ အသင်းကို လွှဲပြောင်းရယူပြီး ၁၃ ရက်အကြာမှာ သူတို့အတွက် တစ်ပွဲသာ ကိုင်တွယ်ပေးခဲ့ရတဲ့ ဘရုစ်ကို ထုတ်ပယ်ခဲ့ပြီးတဲ့နောက် ရိုးမားအသင်းနည်းပြဟောင်း ပေါ်လို ဖွန်ဆီကာကို အစားထိုး ခန့်အပ်သွားဖို့ စီစဉ်နေပြီး နာမည်ကြီးနည်းပြတွေကို စည်းရုံးဖို့ မအောင်မြင်ခဲ့ချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ ပေါ်တူဂီသားက လက်တွေ့ကျတဲ့ ခေါ်ယူမှုဖြစ်လာနိုင်တာပါ။