Analysis Premier League

နေရာပြန်ယူဖို့ ဗိုလ်ဝင်ခံတဲ့ ချေးဝဲလ်နဲ့ ဘရန့်ဖို့ဒ် 0-1 ချဲလ်ဆီးပွဲအပြီး ထုတ်နုတ်ပြောစရာ 7 ချက်

နေရာပြန်ယူဖို့ ဗိုလ်ဝင်ခံတဲ့ ချေးဝဲလ်
ရာသီအစက ပွဲတွေဆက်တိုက်မှာ မားကို့စ် အလွန်ဆိုကို နေရာပေးထားခဲ့ရပြီး အရန်ခုံမှာသာ အချိန်ကုန်ခဲ့ရတဲ့ နောက်ခံလူ ဘန်ချေးလ်ဝဲလ် အနေနဲ့တော့ ဒီနေ့မှာလည်း ချဲလ်ဆီးတို့ကို သုံးမှတ်ရယူပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ရင်အေးစေမယ့်ဂိုးကို သွင်းယူပေးခဲ့တဲ့ အင်္ဂလန် ဘယ်နောက်ခံလူအနေနဲ့ နှစ်ပွဲဆက်တိုက် Volley ကန်ချက်တွေနဲ့ ဂိုးရယူနိုင်ခဲ့တာလည်းဖြစ်ပြီး ဒီနေ့မှာတော့ အဖိုးတန်အနိုင်ဂိုးနဲ့အတူ သူကမှ ပိုကောင်းတဲ့ ကစားသမားဖြစ်ကြောင်းကို သက်သေပြခဲ့ပြီး တူဟယ်လ်ကို ခေါင်းကိုက်စေတော့မှာဖြစ်သလို ပွဲထွက်နေရာကို ထိန်းသိမ်းပြီး အလွန်ဆိုရဲ့ ပြန်ပွင့်လာတဲ့ စပိန်လက်ရွေးစင်တံခါးကိုလည်း ပိတ်ပေးသွားတော့မလား စောင့်ကြည့်ရမှာပါ။

ရေဘဝဲ မန်ဒီ ယူပေးခဲ့တဲ့ နိုင်ပွဲ
ဘယ်လွန်ဒေါ ဆန်ခါတင် ၃၀ ဦးစာရင်းမှာ မပါခဲ့တာက ဂိုးသမား မန်ဒီအတွက်တော့ မခံချင်စိတ်နဲ့ ပိုမိုလက်စွမ်းပြနိုင်ခဲ့သလားလို့ ဆိုချင်စရာ ဖြစ်ခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ အပိုင်ကန်သွင်းမှု ၆ ကြိမ်အထိ လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပြီး သူ့ရဲ့ ကိုယ်လုံးကိုယ်ထည်၊ ရေဘဝဲများလားလို့ ထင်ရနိုင်တဲ့ နေရာတကာ သူ့လက်တွေက အဆင်သင့်ဖြစ်နေတဲ့ ပုံစံနဲ့ ဆီနီဂေါသားဟာ ဒီနေ့ပွဲမှာ တစ်ဂိုးမှာသာ အကြောင်ရိုက်ခံခဲ့ရပြီး ဒါကိုလည်း နောက်ခံလူ ချာလိုဘာက ရှင်းထုတ်နိုင်ခဲ့သလို Clean Sheet နဲ့ ချိုမြိန်တဲ့ နိုင်ပွဲအရသာကို ခံစားပျော်ရွှင်နိုင်ခဲ့တာပါ။ လီဗာပူးလ်ကိုတောင် အိမ်ကွင်းမှာ သုံးဂိုးသွင်းခဲ့တဲ့ ဘရန့်ဖို့ဒ်တိုက်စစ်ကို ဂိုးမပေးခဲ့ရတာကတော့ နည်းပြ တူဟယ်လ်အတွက် တော်တော်လေး ကျေနပ်စရာဖြစ်နေပါလိမ့်မယ်။

စိန်ခေါ်ဖို့ အသင့်ဖြစ်နေတဲ့ RLC
RLC လို့ အတိုကောက်ခေါ်တဲ့ ရူဘင် လော့ဖ်တပ်ချိခ်ကတော့ ချဲလ်ဆီးကွင်းလယ်အမာခံတွေကြားကို တိုးဝင်လာခဲ့ပြီး ဂျော်ဂျင်ညို၊ ကွန်တေနဲ့ ကိုဗာချစ်တို့ရဲ့ ဘယ်သူ့နေရာမှာ ဝင်ကစားရကစားရ ပုံမှန်ခြေစွမ်းကို ပြသနိုင်သလို RLC ဆိုတာ Right Left Center လည်းဖြစ်တာကြောင့် နေရာမရွေး ခြေစွမ်းပြနိုင်တာလားလို့ မေးရမလိုဖြစ်ခဲ့ပါတယ်။ တူဟယ်လ်အတွက်တော့ ကွင်းလယ်မှာ ရွေးချယ်စရာတိုးလာခဲ့ပြီး ပွဲကျပ်ကာလမှာ ကောင်းကောင်းကြီး အားကိုးရနိုင်သလို လုပ်အားနှုန်း ဦးစားပေးမယ့်ပွဲတွေမှာ ထုတ်သုံးနိုင်ပြီး အက်သလက်တီကိုကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဆာအူးလ် ညီးရက်ဇ်အတွက်တော့ အခြေမလှဘဲ အိမ်ပြန်ရတော့မလား တွေးရမလိုဖြစ်လာခဲ့ပါပြီ။

မာလန်းဆားရ်နဲ့ ချာလိုဘာရဲ့ အဆင်သင့်ဖြစ်မှု
ပြီးခဲ့တဲ့ ရာသီက ပေါ်တိုကို အငှားနဲ့ သွားကစားခဲ့တဲ့ နောက်ခံလူဟာ ဒီနေ့ပွဲမှာတော့ ချဲလ်ဆီးအသင်းရဲ့ သုံးယောက်တန်းခံစစ်မှာ ဘယ်အစွန် ကနေ ပွဲထွက်လာခဲ့ပြီး ဒဏ်ရာရနေတဲ့ ရူဒီဂါနေရာကို ဖြည့်ဆည်းကစားခဲ့ရတာပါ။ အရပ် ၅ ပေ ၁၁ လက်မရှိတဲ့ ပြင်သစ်သားအနေနဲ့ ကြံ့ခိုင်မှုနဲ့ အမြင့်ဘောအပိုင်းမှာ ရူဒီဂါကို မမီခဲ့ပေမယ့် အိမ်ကွင်းကောင်းတဲ့ ဘရန့်ဖို့ဒ်တို့ကို ထိန်းချုပ်ရာမှာ ကျေနပ်လောက်အောင် ကစားနိုင်ခဲ့ပြီး ညာခြမ်းက လူငယ် ချာလိုဘာကလည်း အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ခရစ္စတင်ဆန်က ဝါအရင့်ဆုံးဖြစ်နေလို့ သူတို့တွေ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် သေချာပေါက် ပေးရမယ့် ချေပဂိုးကို ဂိုးစည်းပေါ်ကနေ ရှင်းထုတ်သွားနိုင်ခဲ့တဲ့ ချာလိုဘာရဲ့ တည်ငြိမ်မှုအတွက်လည်း အမှတ်ကောင်းကောင်းပေးရမှာပါ။

ဂိုးရှုံးပေမယ့် ခြေမရှုံးတဲ့ ဘရန့်ဖို့ဒ်
ဒီနေ့ပွဲမှာ ဘရန့်ဖို့ဒ်တို့အနေနဲ့ ချဲလ်ဆီးတို့ကို အပြန်အလှန်ကစားနိုင်ခဲ့ပြီး ကစားသမားတွေရဲ့ အတွေ့အကြုံချင်း ကွာဟမှုကြောင့်သာ အိမ်ကွင်းနိုင်ပွဲ မရခဲ့တာလည်းဖြစ်ပါတယ်။ ဂိုးပေါက် ၁၇ ကြိမ်ကန်ရာမှာ ၇ ကြိမ် ဂိုးပေါက်တည်ခဲ့တဲ့ ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ်မှူး အမ်ဘူးမိုရဲ့ အခွင့်အရေး နှစ်ကြိမ် တိုင်ထိခဲ့တာနဲ့ နော်ဂါ့ဒ်ရဲ့ ကန်ချက်နှစ်ကြိမ်ကို ချဲလ်ဆီးဂိုးသမား မန်ဒီ ကာကွယ်သွားနိုင်ခဲ့တာက ပျားတွေကို ခါးသက်စေခဲ့ပြီး ဘာပဲဖြစ်ဖြစ် သူတို့တွေရဲ့ အကြောက်အလန့်မရှိ ကစားပုံနဲ့ ပရီးမီးယားလိဂ် စွန့်စားခန်းကို ဖိုက်တာဆန်ဆန် ဖြတ်သန်းနိုင်ခဲ့တာကိုတော့ လက်ခုပ်တီး အားပေးရဖို့ ရှိနေခဲ့တာပါ။

လူကာကူးအတွက် စိုးရိမ်လာရတဲ့ တူဟယ်လ်
အက်စတန်ဗီလာနဲ့ပွဲမှာ နှစ်ဂိုးသွင်းယူအပြီး လေးပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေခဲ့တဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူးအတွက်တော့ ဖိအားတွေ တိုးတက်လာနေပြီး နည်းပြ တူဟယ်လ်အတွက်လည်း စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။ တိုက်စစ်မှာ ဟန်ချက်ညီမျှမှုနဲ့ အချိတ်အဆက်မိမှုတွေကို ရှာဖွေ မထားနိုင်ခဲ့တဲ့ ဂျာမန်သားနည်းပြအနေနဲ့ နာမည်ကြီးပြီး အလုပ်မဖြစ်တဲ့ တိုက်စစ်မှာ ဟိုလူလိုလိုက် တိုင်ပတ်လိုက်၊ ဒီလူလိုလိုက် တိုင်ပတ်လိုက်ဖြစ်နေပြီး မေဆန်မောင့် မပါဝင်နိုင်ချိန်မှာ ကွင်းလယ်က Creative Force ကို ဘယ်နည်းနဲ့ အသုံးချမလဲဆိုတဲ့ ပြဿနာမှာ ဘယ်လ်ဂျီယမ်သားက အဓိက ရိုက်ခတ်ခံနေရပြီး သူ့အကြိုက်မလိုက်နိုင်တဲ့ တိုက်စစ်အဖော်တွေကြားမှာ နာမည်ပျက်ရဖို့ဖြစ်နေခဲ့ပါတယ်။

ကံမကောင်းဆုံး အမ်ဘူးမို
ပြီးခဲ့တဲ့ နှစ်ရာသီအလွန်က ဘရန့်ဖို့ဒ်မှာ ခြေစွမ်းပြခဲ့တဲ့ ဘင်ရာမာ၊ အမ်ဘူးမို၊ ဝပ်ကင်းစ်ဆိုတဲ့ BMW တိုက်စစ်မှာ အသင်းကြီးတွေဆီ မရောက်ဘဲ တစ်ဦးတည်းကျန်ခဲ့တဲ့ အမ်ဘူးမိုဟာ တိုနီနဲ့ အတွဲအဖက်အသစ်ကို ရရှိခဲ့အပြီးမှာ ခြေစွမ်းဆက်ပြနိုင်ခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ ကံမကောင်းတဲ့ ကစားသမားတွေထဲ ပါဝင်နေပြီး သူ့ရဲ့ တိုင်နဲ့ ဘားတန်းထိနှုန်းက မယုံနိုင်လောက်အောင် မြင့်မားနေခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ ပြင်သစ်သားအနေနဲ့ ၆ ကြိမ် တိုင်/ဘားထိခဲ့ပြီး ဒီအရေအတွက်ဟာ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ ဘန်လေတို့ရဲ့ အသင်းလိုက် မှတ်တမ်းတွေထက်တောင် များပြားခဲ့တာဖြစ်သလို ချဲလ်ဆီးဘက်ကိုလည်း ဘယ်တိုင်တစ်ကြိမ် ညာတိုင်တစ်ကြိမ် ထိခဲ့သေးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.