Article Premier League

လီဗာပူးလ်အသင်းမှာ ယာဂန် ကလော့ပ်လက်ထက် အကောင်းဆုံးကစားသမား ၅ ဉီး

လီဗာပူးလ်အသင်းမှာ နည်းပြ ယာဂန် ကလော့ပ်လက်ထက်မှာ သူနဲ့ အသင်းတာဝန်ရှိသူတွေ၊ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒဝပ်တို့ ခေါင်းချင်းရိုက်ပြီး ကစားသမားခေါ်ယူမှုတွေကို ပြုလုပ်ခဲ့သလို ရှိနေတဲ့ ကစားသမားတွေကိုလည်း အရည်အချင်းနဲ့ ကိုက်အောင် စင်တင်ပေးခဲ့ပြီး ဒီထဲကမှ အကောင်းဆုံးလို့ ဆိုရမယ့် ကစားသမား ၅ ဦးကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်။

၅။ ဆာဒီယို မာနေး
ဆီနီဂေါသားဟာ ကလော့ပ်ရဲ့လက်ထက်မှာ ငွေကြေးမြင့်မြင့်မားမား သုံးစွဲပြီး ခေါ်ယူခဲ့တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်ပြီး သူတို့တွေနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ဆောက်သမ်တန်ကနေ ခေါ်ယူထားခဲ့တာပါ။ ဂျာမန်သားကြီးရဲ့ ကစားကွက်မှာ မာနေးရဲ့ အကွက်မြင်တဲ့ အဆုံးသတ်မှု၊ ဖန်တီးမှုနဲ့ မရပ်မနား ပြေးလွှားကစားပြီး တစ်ဖက်ခံစစ်ကို ဖိအားပေးနိုင်မှုတွေက ရွှေဖြစ်ခဲ့တဲ့ အရာတွေလည်းဖြစ်ပါတယ်။

မာနေးအနေနဲ့ ပြီးခဲ့တဲ့ ၁၀ ရက်လောက်က အသင်းအတွက် ရာပြည့်ဂိုးကိုလည်း သွင်းယူပေးခဲ့ပြီး လီဗာပူးလ်တို့ရဲ့ MSF တိုက်စစ်မှာ ဖာမီနိုရဲ့ အခန်းကဏ္ဍလျော့ကျသွားပေမယ့် သူကတော့ ဆရာတစ်ဆူဖြစ်နေတုန်းပဲဆိုတာကို ပြသခဲ့တာပါ။ မိုဟာမက် ဆာလားနဲ့ အတွင်းကြိတ်ပြိုင်ဆိုင်မှုတွေ ရှိနေနိုင်ပေမယ့် အသင်းအတွက် ပေးဆပ်ဖို့အတွက်တော့ စိတ်ချရတဲ့ ၂၉ နှစ်သားဟာ ပွဲကြီးတွေမှာ အီဂျစ်သားထက်တောင် ပိုပြီး စိတ်ချရသူဖြစ်ပါတယ်။

၄။ အယ်လစ်ဆန် ဘက်ကာ
ပရိသတ်တွေနဲ့ ဘောလုံးကျွမ်းကျင်သူတွေကတော့ လီဗာပူးလ်အသင်းကို ပြည့်စုံသွားစေတဲ့ ခေါ်ယူမှုက ဂိုးသမား အယ်လစ်ဆန်ပဲလို့ ဆိုခဲ့ကြပြီး သူရောက်လာမှာ ချန်ပီယံလိဂ်ဖလားကို တစ်ဖန်ရယူခဲ့မှုနဲ့အတူ ချီးကျူးစရာတွေလည်းဖြစ်ခဲ့ပါတယ်။ နောက်တစ်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကိုပါ ရယူနိုင်ခဲ့သလို အသင်းရဲ့ ခံစစ်ကို ကွပ်ကဲနိုင်မှုတွေက သူ့ကို မန်ချက်စတာစီးတီးဂိုးသမား အီဒါဆန်ထက် သာလွန်စေပြီး လက်ရွေးစင်အသင်းမှာပါ ရှေ့ကို ခြေတစ်လှမ်း သာပြနိုင်ခဲ့တာပါ။

အီဒါဆန်က တိုက်စစ်ကို ပံ့ပိုးတာကောင်းတယ်၊ ရှေ့တက်ကစားတာ ပိုကောင်းတယ်လို့ လူတွေက ပြောနေကြတုန်းမှာပဲ ဖခင် ဆုံးရှုံးထားလို့ ပေါက်ကွဲနေတဲ့ အယ်လစ်ဆန်က ခေါင်းတိုက်ပြီး ဂိုးပါတက်သွင်းပြလိုက်တော့ ဟိုဘက်ရပ်ကွက်သားတွေ အသံတိတ်သွားခဲ့ပါတယ်။ သူ့အတွက် ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးကို သုံးခဲ့ရပေမယ့် နှမြောစရာတော့ လက်ရှိအချိန်အထိ စဉ်းစားလို့ကို မရသေးတာလည်းဖြစ်ပါတယ်။