Premier League

စပါးစ်နဲ့ပွဲအတွက် ချဲလ်ဆီးကို တူဟယ်လ် အပြောင်းလဲလုပ်ရမယ့် အချက်များ

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ဖော်ဆောင်ထားနိုင်ပြီး ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်သူစာရင်းမှာ ဂိုးသွင်းယူနိုင်မှု ကွာခြားချက်ကြောင့်သာ မန်ချက်စတာယူနိုက်တက်နောက် ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် အားမရစရာတွေလည်း ရှိနေခဲ့ပြီး ဒါတွေကို လာမယ့် စပါးစ်နဲ့ပွဲမှာစပြီး နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ အပြောင်းအလဲ လုပ်သွားရနိုင်ပါတယ်။

ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ် ဇင်းနစ်နဲ့ပွဲကတော့ ကွင်းထဲက တူဟယ်လ်ရဲ့လူတွေ ဂိုးရဖို့ စိတ်ရှည်ခဲ့သလောက် ကွင်းပြင်က ပရိသတ်တွေကတော့ စိတ်မရှည်ခဲ့ရတဲ့ အချိန်မျိုးဖြစ်ပြီး သူ့ရဲ့ ၃-၄-၃ ကစားကွက်ဟာ Defensive Minded ကစားသမားတွေ များနေသလို ဘယ်ခြမ်းတိုက်စစ်က မြန်နှုန်း နိမ့်နေတာကလည်း ၅-၄-၁ နဲ့ ပိတ်ကစားလာတဲ့ အသင်းကို ထိုးဖောက်ဖို့ လိုတာထက်ပိုပြီး ပင်ပန်းခဲ့ရတဲ့ အချက်ဖြစ်ပါတယ်။

ဒါကြောင့် တူဟယ်လ်အနေနဲ့ လာမယ့်ပွဲမှာ အားနည်းချက်တွေကို ပြင်ဆင်သွားမလား စောင့်ကြည့်ရမှာဖြစ်ပြီး Football London ကတော့ စပါးစ်နဲ့ ရင်ဆိုင်ရာမှာ အဓိက စဉ်းစားသင့်တဲ့ အချက်သုံးချက်ကို ပြောင်းလဲလုပ်ဆောင်လာမလားဆိုတာ ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁ ချေးလ်ဝဲလ် – အလွန်ဆို ဘယ်သူ့ကို ရွေးမလဲ
စပါးစ်အသင်းဟာ ချဲလ်ဆီးအသင်းထက်တောင်မှပိုပြီး ပိတ်ကစားတတ်သလို ကောင်တာအားကိုးတဲ့ အသင်းမျိုးပါ။ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတင် မကဘူး၊ တစ်သင်းလုံးက ဘယ်ကစားသမားပဲဖြစ်ဖြစ် ကောင်တာကစားဖို့ အဆင်သင့်ဖြစ်နေတတ်တဲ့ အသင်းမှာ ဘယ်ခြမ်းမှာ တိုက်စစ် လိုက်ပြီးရင် ပြန်မဆင်းချင်တဲ့ မားကို့စ် အလွန်ဆိုနဲ့တော့ မထင်မှတ်ဘဲ ပွဲဖြစ်သွားနိုင်သလို သူ့ကို ဆက်သုံးမယ်ဆိုရင်တော့ ဟာကွက်အတွက်ပါ ထည့်သွင်းစဉ်းစားရမှာပါ။

ယူရို ၂၀၂၀ ဖိုင်နယ်ရောက် အင်္ဂလန်မှာ နေရာမရဘဲ ရာသီကြိုမှာ စိတ်ပင်ပန်းတဲ့ ပုံစံနဲ့ ပြန်ရောက်လာခဲ့တယ်လို့ တူဟယ်လ် ပြောထားဖူးခဲ့တဲ့ ဘန် ချေးလ်ဝဲလ်ကတော့ ပြီးခဲ့တဲ့ ဇင်းနစ်နဲ့ပွဲကမှ သူ့ရဲ့ ဒီရာသီမိနစ် ၇ မိနစ်ကို စုဆောင်းနိုင်ခဲ့သလို ကစားခွင့်အရတော့ ကြံ့ခိုင်ဖို့ လိုအပ်ချက်တွေ များနေနိုင်ပါတယ်။ ဒါပေမယ့် အလွန်ဆိုရဲ့ အားနည်းချက်အတွက် သူ့ကို တူဟယ်လ်အနေနဲ့ ဒုတိယပိုင်းမှာ ထည့်သွင်းလာနိုင်ပြီး ပွဲထုတ်လာမယ်ဆိုရင် စွန့်စားရာကျပေမယ့် ဆန်းတာမျိုးတော့ မဟုတ်နိုင်တာပါ။

၂ ကွန်တေကို နိုးလို့ ပြောဦးမှာလား
ကွင်းလယ်လူ အန်ဂိုလို ကွန်တေရဲ့ ခြေကျင်းဝတ်ပေါ် ဆာဒီယို မာနေး ပိမိခဲ့တဲ့အဖြစ်က တစ်လကိုးသီတင်းလောက် ကြာခဲ့ပါပြီ။ လီဗာပူးလ်နဲ့ ပွဲမှာ အထုတ်ခံခဲ့ရတဲ့ ရီးစ်ဂျိမ်းစ်တောင်မှ ဒီနေ့ပွဲမှာ ပြန်ကစားတော့မှာဖြစ်ပြီး ထရိန်နင် ပြန်ဆင်နေတဲ့ ပြင်သစ်သားကြီးကလည်း ပြန်ကစားမယ်ဆိုရင် ဖြစ်သင့်ပါပြီ။ တူဟယ်လ်အနေနဲ့ ကွင်းလယ်အထိုင်အတွက် အင်အားသုံးဦး ရှိနေသေးလို့ ကွန်တေကို သုံးစွဲဖို့ အသာအယာနှပ်ထားတာလည်းဖြစ်နိုင်ပြီး အရေးကြီးတဲ့ပွဲမှာတော့ ခေါ်ဆောင်လာဖို့ ရှိနေမှာပါ။

ကွန်တေ မပါရင် ချဲလ်ဆီးရဲ့ ခံစစ်ရော တိုက်စစ်ပါ ထက်မြက်မှု နည်းသွားခဲ့တာကတော့ အားလုံးလက်ခံထားတဲ့ အချက်လည်းဖြစ်နေချိန်မှာ ကိုဗာချစ်ကို သူ့နေရာ အားကိုးဖို့ စပါးစ်နဲ့ အဝေးကွင်းဆိုတာ ဗီလာလောက်တော့ လွယ်ကူမှာ မဟုတ်တာကြောင့် အနည်းဆုံးတော့ ဒီနေ့ပွဲမှာ သူ့အတွက် ၄၅ မိနစ်လောက် မြင်ရနိုင်ပြီး ရာသီအစမှာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ဖို့ ကြိုးစားနေတဲ့သူတွေအနေနဲ့ အတတ်ဆန်းပြီး သရေကျသွားခဲ့ရင် တူဟယ်လ်ကို ဘယ်သူမှ အကောင်းမြင်မှာ မဟုတ်နိုင်ပါဘူး။

၃ ဂိုးသွင်းမုဆိုးကို ဘယ်သူက ထောက်ပံ့ပေးမှာလဲ
ပြီးခဲ့တဲ့ ပွဲတွေမှာ လူကာကူးရဲ့ သွင်းဂိုး ၄ ဂိုးကို ရယူနိုင်ဖို့ အများဆုံးဖန်တီးပေးထားသူက အသင်းခေါင်းဆောင် ဆီဇာ အက်ဇ်ပီလီကွေတာ (၂ ဂိုး)ဖြစ်နေပြီး အားမနာတမ်းပြောရရင် သူနဲ့ တူဟယ်လ် တွဲပေးနေတဲ့ ဟာဗတ်ဇ်၊ မေဆန်မောင့်၊ ဇီးယက်ရှ်ဆိုတဲ့ တိုက်စစ်အတွဲအဖက်တွေက ရီးစ်ဂျိမ်းစ်နဲ့ ကိုဗာချစ်တို့လိုတောင် တစ်လုံးစီ ဖန်တီးပေးပို့ထားတာမျိုး လုပ်မပြနိုင်ခဲ့တာပါ။

ဟာဗတ်ဇ်နဲ့ မောင့်တို့ဟာ လူကာကူးကို နားလည်မှု မရှိတာလား၊ အတွင်းကြိတ်ပြိုင်ဆိုင်မှု ရှိနေတာလားတော့ မပြောတတ်ချိန်မှာ ဇီးယက်ရှ်ကတော့ ပွဲထွက်ဖို့ မထိုက်တန်သေးသူလည်းဖြစ်နေပါတယ်။ ချဲလ်ဆီးပရိသတ်တွေကတော့ ဂိုးမသွင်းနိုင်ချိန်မှာ ပိုရုန်းပြီး အရှက်ပြေဖန်တီးမှုတွေ ပိုမိုရောက်ရှိလာတတ်တဲ့ တီမို ဗာနာကို ဘယ်ခြမ်းမှာ ပွဲထွက်လာဖို့ မျှော်လင့်နေကြပြီး မေဆန်မောင့်နဲ့ သုံးဦးတိုက်စစ်မှာ ဘယ်လ်ဂျီယမ်သားကြီးအတွက် အဆင်ပြေစေနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.