Analysis Premier League

ပရီးမီးယားလိဂ်မှာ အထနှေးနေလို့ ဒီတစ်ပတ် စောင့်ကြည့်ရမယ့်သူ ၅ ဦး

ဒီနှစ် ပရီးမီးယားလိဂ်မှာ ခြေစွမ်းမပြနိုင်သေးဘဲ ပွဲစဉ် ၄ ရောက်တဲ့အထိ ခြေစွမ်းက ကျေနပ်စရာမဖြစ်သေးတာမို့ ပရိသတ်တွေအနေနဲ့ မချင့်မရဲ ဖြစ်နေရတဲ့သူတွေ များနေခဲ့ပါတယ်။ နာမည်ကြီးတွေထဲက ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဘရူနို ဖာနန်ဒက်စ်၊ ရိုမီလူ လူကာကူး၊ မိုဟာမက် ဆာလားနဲ့ ဂျက်ခ် ဂရီးလစ်ရှ်တို့ ခြေစွမ်းပြနိုင်ချိန်မှာ တချို့တွေကတော့ လောက်လောက်လားလားလုပ်မပြနိုင်သေးဘဲ ကျေနပ်နေရပြီး ဒီထဲကမှ ၅ ဦးကို ရွေးထုတ်လိုက်ပါတယ်။

၅။ ပက်ထရစ် ဘမ်ဖို့ဒ်- လိဒ်စ်ယူနိုက်တက်
ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ၁၇ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးခဲ့တဲ့ အင်္ဂလန်သားဟာ ဒီရာသီမှာတော့ ရုန်းကန်နေရပြီး သူ့ကို အထင်တကြီးနဲ့ ရွေးလိုက်တဲ့ လက်ရွေးစင်နည်းပြ ဂါရက်သ် ဆောက်ဂိတ်ကိုတောင် အန်ဒိုရာနဲ့ပွဲမှာ မျက်နှာပျက်စေခဲ့တာပါ။ ချဲလ်ဆီးအကယ်ဒမီထွက် တိုက်စစ်မှူးအနေနဲ့ ဒီရာသီမှာတော့ ခြေစွမ်းတည်ငြိမ်မှု မရှိသေးသလို ဒါကလည်း ဘီယယ်လ်ဆာရဲ့ အသင်းကို ရုန်းကန်စေခဲ့ရပါတယ်။

သောကြာနေ့က နယူးကာဆယ်လ်နဲ့ တစ်ပွဲစောစောစီးစီး ကစားထားတဲ့ ၂၈ နှစ်သားအနေနဲ့ ဒီရာသီမှာ ၁ ဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ်သာ ရရှိသေးပြီး သိပ်မဆိုးဘူးဆိုပေမယ့် ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းကို ထိန်းသိမ်းမထားနိုင်တဲ့ ပုံစံမျိုးက အင်္ဂလန်မှာ ဆက်ပါဖို့ဆိုရင်တော့ မဖြစ်နိုင်တာကြောင့် လာမယ့်ပွဲတွေမှာ အထနှေးမှုကို ပြင်ဆင်သွားရဖို့ ရှိနေတာပါ။

၄။ ကက်ဂလာ ဆိုယွန်ကျူ- လက်စတာစီးတီး
လက်စတာစီးတီးအသင်းရဲ့ တကယ့်ကို တစ်ဟုန်ထိုး ရှေ့ထွက်လာတဲ့ ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ရာသီကုန်ခါနီးမှာ စတင်ရုန်းကန်ခဲ့ရပြီး ဒီရာသီ မှာလည်း ထင်သလောက် ကြံ့ခိုင်မှုမရှိသေးဘဲဖြစ်နေပါတယ်။ မြေခွေးတွေရဲ့ ခံစစ်မှာ လက်ထောက်အသင်းခေါင်းဆောင် အီဗန်စ် ဒဏ်ရာများနေပြီး ကပ္ပတိန် ဂိုးသမား ရှမိုက်ကယ်လည်း လေးလံလာချိန်မှာ ဆိုယွန်ကျူအနေနဲ့ ပိုရုန်းပြဖို့ တာဝန်ရှိနေပေမယ့် နာပိုလီနဲ့ပွဲမှာ သူ့ရဲ့ အားနည်းချက်တွေကနေ ဂိုးပေးခဲ့ရပြီး ပရီးမီးယားလိဂ်မှာတော့ အရင်လိုပုံစံမျိုးရအောင် ဆွဲတင်နိုင်ဖို့ လိုအပ်နေပါတယ်။

၃ ရာဟင်းမ် စတာလင်- မန်ချက်စတာစီးတီး
စပါးစ်နဲ့ ရာသီအဖွင့်မှာ ရှုံးနိမ့်ခဲ့တဲ့ အဝေးကွင်းပွဲစဉ်နောက်ပိုင်း တစ်ခါမှ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ရသေးခြင်းမရှိတဲ့ စတာလင်ဟာ နည်းပြ ဂွါဒီယိုလာအတွက် ဖယ်ရန် တောရက်စ်လောက်တောင် အားကိုးစရာ မဟုတ်တော့ဘူးလားလို့ ထင်မြင်ခံနေရပါတယ်။ အင်္ဂလန်နဲ့ ပွဲပန်းထားခဲ့တဲ့ တောင်ပံကစားသမားဟာ ဆာဂျီယို အဂွေရို မရှိတော့တဲ့အချိန်မှာ တိုက်စစ်ကို ဦးဆောင်မယ့်သူလို့ ထင်ကြေးပေးခံထားရပေမယ့် တကယ်တမ်းတော့ မိုးထဲရေထဲ ရောက်နေခဲ့တာပါ။

နော့ဝစ်ချ်နဲ့ပွဲမှာ လူစားဝင်လာပြီး တစ်ဂိုးသွင်းပေးနိုင်ခဲ့တာကလွဲလို့ မာရက်ဇ်နဲ့ ဂျေဆူးစ်တို့လောက် ခြေမမှန်တဲ့ စတာလင်ဟာ ဒီရာသီအတွက် မခံချင်စိတ်နဲ့ ပေါက်ကွဲအားကို ပြသဖို့လည်း လိုအပ်နေပြီး ရာသီကြိုမှာ အာဆင်နယ်၊ စပါးစ်နဲ့ လီဗာပူးလ်တို့ဆီ အသင်းပြောင်းဖို့ သတင်းထွက်ခဲ့တဲ့ အချက်ကလည်း သူ့ရဲ့ တည်ငြိမ်မှုနဲ့ ခြေစွမ်းကို ထိခိုက်စေခဲ့ပါတယ်။

၂ ဂျေဒန် ဆန်ချို- မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားကတော့ အသင်းဟောင်းရဲ့ မြို့ခံပြိုင်ဘက်ဆီကို ရောက်ရှိလာခဲ့ချိန်မှာ အသင်းသစ်နဲ့ အသားကျအောင် ရုန်းကန်နေရဆဲဖြစ်ပြီး ဒီရာသီ ကစားပြီးသမျှ ပရီးမီးယားလိဂ် ၄ ပွဲမှာတော့ ပထမ ၂ ပွဲကို လူစားဝင်ခဲ့လို နောက် ၂ ပွဲကိုတော့ ပွဲထွက် ကစားထားခဲ့သလို ဂိုးပါဝင်ပတ်သက်မှုအပိုင်းမှာတော့ သုညပဲ ဖြစ်နေခဲ့ပါတယ်။

ဘယ်တောင်ပံမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ နောက်ကနေ နေရာလွတ်တွေကို ပိုမိုအသုံးချနိုင်မှုက လာမယ့်ပွဲတွေမှာ သူ့ကို ခြေစွမ်းပြနိုင်ဖို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပြီး ဂျာမန်မြေနဲ့ မတူဘဲ တောင်းဆိုမှု ပိုမိုကြီးမားတဲ့ ပရီးမီးယားလိဂ်မှာ လက်တွဲခေါ်ယူပေးမယ့် အသင်းဖော်ကောင်း အများစုရဲ့ အင်အားနဲ့ နည်းပြ ဆိုးလ်ရှားရဲ့ အခွင့်အရေးပေးမှုကတော့ အပေါင်းလက္ခဏာလည်းဖြစ်နေတာပါ။

၁ ဟာရီကိန်း- တော့တင်ဟမ်ဟော့စပါးစ်
ဘောလုံးသတင်းတွေကို အမြဲဖတ်နေသူတစ်ယောက် မဟုတ်ခဲ့ရင်တော့ ဟာရီကိန်းက ဘယ်အသင်းမှာလဲလို့ အမှတ်တမဲ့ မေးလိုက်ရင် နွေရာသီက သတင်းကြီးခဲ့တဲ့ မန်ချက်စတာစီးတီးလို့တောင် အယောင်ယောင် အမှားမှား ဖြေကြလောက်ပါတယ်။ စပါးစ်အသင်းက ထွက်ခွာဖို့ တောင်းဆိုခဲ့တဲ့ အင်္ဂလန်ကပ္ပတိန်ဟာ နောက်ဆုံးမှာတော့ ပြောင်းရွှေ့ကြေး အဆင်မပြေခဲ့လို့ ပရော်ဖက်ရှင်နယ်ပီပီ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် လက်ရှိ အချိန်အထိတော့ ခြေစွမ်းက အားရစရာ မရှိသေးတာပါ။

တွဲဖက်တိုက်စစ်မှူး ဆွန်ဟောင်မင်ကပါ ဒဏ်ရာတွေ များနေခဲ့ချိန်မှာ ဟာရီကိန်းအနေနဲ့ တစ်ကိုယ်တော် ရုန်းနိုင်စွမ်းကိုတောင် တည်ဆောက်ရမလိုဖြစ်နေပြီး ပြီးခဲ့တဲ့ ရာသီက ရွှေဖိနပ်ရော ပလေးမိတ်ကာဆုပါ ယူခဲ့တဲ့ ပုံစံနဲ့တော့ ဒီနှစ်က ဆီနဲ့ ရေလိုဖြစ်နေခဲ့တာပါ။ သူ့အနေနဲ့ ဝှိုက်ဟတ်လိန်းမှာ တကယ်တမ်း စိတ်နှစ်နိုင်ဖို့ တစ်ရာသီစာဖြစ်ဖြစ် အာရုံစိုက်ရဦးမှာဖြစ်ပြီး အကောင်းဆုံးပုံစံကို ပြန်ရဖို့တော့ အချိန်ယူရနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.