Analysis Premier League

ပဲလေ့စ် 3-0 အာဆင်နယ်ပွဲမှာ ဗီယာရာ ဘာတွေမှန်ပြီး အာတီတာ ဘာတွေမှားခဲ့သလဲ

ဆဲလ်ဟာ့စ်ပါ့ခ်ကို လာခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ အများဆုံး ဆုံးရှုံးရရင် အမှတ်နှစ်မှတ်နဲ့ သရေပွဲဖြစ်ရတာလောက်ပဲလို့ အားလုံးက ထင်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ခံစစ်မှာ မပြည့်စုံမှုတွေနဲ့အတူ ဖရိုဖရဲ အရှက်တကွဲ ရှုံးပွဲတွေ့ခဲ့ရချိန်မှာ မီခယ်လ် အာတီတာတစ်ယောက် ဘာတွေ မှားခဲ့ပြီး ပဲလေ့စ်နည်းပြ ပက်ထရစ် ဗီယာရာကတော့ ဘယ်လို မှန်ခဲ့သလဲဆိုတာ သုံးသပ်ဖော်ပြလိုက်ပါတယ်။

ဗီယာရာ-၁။ အာဆင်နယ်အားသာတဲ့ ညာခြမ်းကို ဆို့ထားခဲ့တာ
အာဆင်နယ်တို့ရဲ့ ပွဲတိုင်းပုံဖော်မှုတွေက ဘူကာယို ဆာကာ၊ မာတင် အော်ဒီဂွါဒ်နဲ့ သောမတ်စ် ပါတေးတို့ရဲ့ Central Right တြိဂံဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။ ဒါကို ဗီယာရာကလည်း ကောင်းကောင်းသိမြင်ထားပါတယ်။

ဒါကြောင့် သာမန်သုံးစွဲမှု တိုင်ရစ် မစ်ချဲလ်ရှေ့ ကွင်းလယ်သုံးယောက်တန်းရဲ့ ဘယ်အစွန်ကနေ ဂျက်ဖရီ ရှလု(ပ်)ကို နေရာချခဲ့ပြီး Box to Box အဖြစ်နဲ့ ဘောလုံးဆုံးရှုံးချိန်မှာ ဘယ်နောက်ခံလူနှစ်ယောက်ဖြစ်အောင် လုပ်သွားခဲ့ပြီး အာဆင်နယ် ညာခြမ်းတိုက်စစ် သေသွားအောင် ထိုးနှက်သွားခဲ့ချိန်မှာ အရင်ပွဲတွေမှာ မြင်နေကျ ဂန်းနားတွေရဲ့ တွဲလုံးတွေ Link ပြတ်ထွက်သွားခဲ့ရပြီး တစ်ဂိုးမှ ပြန်မချေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဗီယာရာ-၂။ လူစာရင်းကို ဖတ်ပြီး ပြောင်းလဲနိုင်တာ
အာဆင်နယ်လူစာရင်းမှာ ကီရန် တီယာနီတစ်ယောက် စကော့တလန်က ဒဏ်ရာကြောင့် ပါမလာခဲ့ပါဘူး။ မာဆယ်လို ဖလောရက်စ်ကို လူစာရင်းထဲ ထည့်ပြီဆိုကတည်း တစ်ယောက်ယောက်ပျောက်မယ်လို့ ထင်ခဲ့ကြပေမယ့် တီယာနီအစား ဘယ်ခြမ်းမှာ ခံစစ်မရတဲ့ နူနို တာဗာရက်စ် ပါဝင်လာချိန်မှာတော့ ဂန်းနားပရိသတ်တွေ ဟင်ခနဲဖြစ်ခဲ့ကြပါတယ်။

ဒီအချိန်မှာ ကရင် ထန်းလျက်အိုးတွေ့သလိုဖြစ်သွားခဲ့တာကတော့ ဗီယာရာဖြစ်ပြီး ညာတောင်ပံသမား ဂျော်ဒန် အာယူးကို တွဲကစားနေကြမဟုတ်တဲ့ ပေါ်တူဂီသားနဲ့ ဂါဘရီယယ်လ်တို့ကြားက မွှေနှောက်ခိုင်းခဲ့သလို ပွဲကို စောစောစီးစီး အသာရအောင်လုပ်နိုင်ခဲ့တာပါ။

ဗီယာရာ-၃။ အာဆင်နယ်ခံစစ်ကို အနားမပေးခဲ့တာ
အာတီတာရဲ့ ခံစစ်က ဘောလုံးကိုင်ကစားပြီး ကစားကွက်ကို ပုံဖော်နေခဲ့တာကြာပါပြီ။ ဒါပေမယ့် ဒီနေ့ရဲ့ ပွဲအစကနေ နာရီဝက်လောက်အထိ အဲ့ဒီလို လုပ်မရခဲ့တာပါ။ မန်စီးတီးကို ထိုးနှက်ခဲ့သလို ဘောလုံးအိုင်ဒီယာချင်းတူတဲ့ အာဆင်နယ်ကိုလည်း ဒီနည်းနဲ့ပဲ ဗီယာရာတို့ ထိုးနှက်လာခဲ့ပါတယ်။

ကွင်းလယ်က တိုက်စစ်သမား ဂါလာဂါရဲ့ ကစားအား၊ သူ့ရဲ့ရှေ့က ဇာဟာနဲ့ မာတက်တာတို့ရဲ့ အာဆင်နယ်ခံစစ် Channel တွေကြား တရစပ်တိုးဝင်ပြီး ဖိအားပေးမှုတွေနဲ့ အနားမပေးဘဲ ထိုးဖောက်ခဲ့ရာမှာ ဘန်ဝှိုက်နဲ့ ဆီးဒရစ်ရဲ့ ညာခြမ်းကပါ အမှားတွေ ပေါ်လာခဲ့ပြီး အော်ဒီဂွါဒ် ပေးလိုက်တဲ့ ပင်နယ်တီက ပဲလေ့စ် ရှေ့တန်းသုံးယောက်စလုံး တစ်ဂိုးစီ အကောင့်ဖွင့်နိုင်အောင် ကူညီမိခဲ့တာဖြစ်ပါတယ်။

အာတီတာ-၁။ အရန်အစီအစဉ် မရှိတာ
အာဆင်နယ်နည်းပြရဲ့ လက်ရှိအချိန်အထိ အကြီးဆုံးနဲ့ တစ်ခုတည်းသော အမှားက အရန်အစီအစဉ်မရှိတာ၊ အစားဝင်ဖို့သူကို အဆင်သင့် ဖြစ်နေအောင် နွှေးမထားတာမျိုးပါ။ ဒီနေ့ပွဲမှာ အသင်းရဲ့ ဘယ်ခြမ်းကို တိုက်စစ်နဲ့ ခံစစ် ချိန်ခွင်လျှာမျှအောင် တက်သင့်တက် ဆုတ်သင့်ဆုတ်နဲ့ တာဝန်ကြီးကြီး ယူထားရတဲ့ တီယာနီ မပါနိုင်ချိန်မှာ ဒီနေရာအတွက် ဝင်ကစားဖို့ ချာကာကို ရွေးချယ်ရမယ့်အစား အိုးနင်းခွက်နင်း တာဗာရက်စ်ကိုပဲ သုံးခဲ့ပါတယ်။

အဲ့ဒီမှာ သူ့ကို လုံးဝမယုံတဲ့ ဂါဘရီယယ်လ်နဲ့ အတွဲအဖက်က ဖိအားဝင်ပြီး စိတ်ပျက်စရာ ဂိုးတွေ ပေးခဲ့ရသလို ချာကာကို နေရာပြောင်းမကစားခိုင်းခင်အထိ ဆိုးရွားလွန်းခဲ့တာပါ။ အာတီတာအနေနဲ့ အစကတည်းက ပေါ်တူဂီသားကို မယုံခဲ့သင့်တာဖြစ်ပြီး ပေးဆပ်ရမှုကတော့ ကြီးမားလွန်းခဲ့တာဖြစ်ပါတယ်။

အာတီတာ-၂။ ခေါင်းဆောင်ကောင်းကို မရှာနိုင်သေးတာ
အာဆင်နယ်ရဲ့ ခံစစ်ပိုင်းကို ဘယ်သူ ဦးဆောင်မှာလဲဆိုတာက အမြဲတမ်း ပြဿနာဖြစ်နေတာပါ။ ခံစစ်ပိုင်းမှာ အသံကျယ်ကျယ် အော်ဟစ်ပြီး Vocal ဖြစ်ရမယ့်သူက ဂိုးသမားဖြစ်နေလို့ မရဘဲ ဗဟိုနောက်ခံလူတစ်ဦးက Commanding Center Back ဖြစ်မှ လက်ရှိ ပရီးမီးယားလိဂ်မှာ စံပြုစရာ လီဗာပူးလ်ခံစစ်ကို ဗန်ဒိုက် ဦးဆောင်တဲ့ ပုံစံမျိုးကို အနည်းနဲ့အများ လိုက်မီနိုင်မှာဖြစ်ပါတယ်။

အာတီတာရဲ့ ခံစစ်မှာတော့ အထိုင်ဖျက်မယ်လို့ ထင်ရဖူးတဲ့ ပါတေးကလည်း တိုက်စစ်မှာ ပျော်ရွှင်နေခဲ့သလို အော်ဟစ်ညွှန်ကြားမယ့်သူကတော့ ပျောက်ဆုံးနေခဲ့ပြီး ဘန်ဝှိုက်နဲ့ ဂါဘရီယယ်လ်တို့ရဲ့ တစ်ဦးချင်း ပျာယာခတ်မှုတွေ ဖြစ်ပေါ်လာခဲ့ချိန်မှာ ဒီလိုပွဲမျိုး ရှုံးရတာဟာ ဘာမှ မဆန်းဘူးလို့ပဲ ဆိုရမှာပါ။

အာတီတာ-၃။ တိုက်စစ်ပုံစံက တစ်ခုတည်းဖြစ်နေတာ
အာဆင်နယ်တို့ ဘယ်လိုကစားကစား ညာခြမ်းက ဆာကာရဲ့ Final Ball တွေ မျှော်တာ၊ ဘယ်တောင်ပံသမား ပြန်ချိုးပေးတာကို ပိတ်သွင်းတာ ဒီနှစ်မျိုးပဲ သူတို့ လုပ်တတ်တာဖြစ်ပါတယ်။

လီဗာပူးလ်က သူတို့ကို ထိုးနှက်နေကျဖြစ်တဲ့ ခံစစ်တန်းပေါ်ကျော်ချပြီး အလစ်မှာ ဂိုးတွေ သွင်းတဲ့ ပုံစံကို မတတ်မြောက်တာက ခန့်မှန်းရ လွယ်ကူစေပြီး ယုံကြည်မှုပါ ပျောက်ဆုံးသွားချိန်မှာ စမစ်ရိုးက ပျော့ပျော့လေးပိတ်၊ လာကာဇက်က ထိပြီးရော ခေါင်းတိုက်၊ အော်ဒီဂွါဒ်က သွေးအေးအေးနဲ့ ဟာကွက်အလွတ်ထဲ ကန်ရမယ့် အပိုင်ဂိုးကို ထောင့်ကျဉ်းဘက်ကနေ ဘေးကန်မိစေပြီး အထောင်ဂိုးသွင်းမုဆိုး မရှိတဲ့ ကိစ္စကလည်း အရေးဟဲ့ အကြောင်းဟဲ့ဆို အထိနာစေခဲ့တာဖြစ်ပါတယ်။

ဒီအချက်တွေကတော့ ဗီယာရာရဲ့ အဓိက အားသာချက်တွေနဲ့ အာတီတာရဲ့ အဓိက အားနည်းချက်တွေအဖြစ် မြင်သာထင်သာရှိခဲ့ပြီး အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းနှစ်ဦးရဲ့ အားပြိုင်ပွဲမှာ စီနီယာဆီ ဂျူနီယာတစ်ယောက် ကျရှုံးခဲ့ရသလို Head to Head တွေ့ဆုံမှု နှစ်ပွဲမှာ တစ်မှတ်သာ ရယူနိုင်ခဲ့ပြီး ဒီရာသီ Aggregate ငါးဂိုး-နှစ်ဂိုးနဲ့ မျက်နှာပျက်ခဲ့ရစေတဲ့ အကြောင်းတွေဖြစ်ခဲ့ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.