Analysis Article Other Premier League

ပရီးမီးယားလိဂ်ရာသီသစ်ရဲ့ ခံစစ်စွမ်းဆောင်ရည်အမြင့်ဆုံးအသင်း ၅ သင်း

၂၀၂၁-၂၂ ပရီးမီးယားလိဂ်အဖွင့်ကတော့ ပွဲစဥ် ၃ အထိ ခရီးပေါက်လာခဲ့တာဖြစ်ပြီး ဖျော်ဖြေမှုရသအပိုင်းကတော့ အရင်ရာသီတွေထက် လျော့ပါးသွားခြင်းအလျဥ်းမရှိသလို အကောင်းဆုံးတိုက်စစ်ကို အကောင်းဆုံးခံစစ်နဲ့တည်ဆောက်မယ်ဆိုတဲ့ လားရာတွေကိုလည်း မြင်တွေ့စေခဲ့ပြီး ထိပ်သီးအသင်းကြီးတွေထဲကခံစစ်ပိုင်းအင်အားအရ အ​တောင့်တင်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးအသင်း ၅ သင်း ကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

၅။ တောတင်ဟမ်ဟော့စပါးစ်

နည်းပြသစ် နူနို အက်စပီရီတို ဆန်တိုလက်ထက်မှာတော့ စပါးစ်အသင်းက ခံစစ်ပိုင်းကျစ်လစ်စုဖွဲ့မှုကို တိုက်စစ်တည်ဆောက်မှုထက် ပိုအသားပေးလာတာကို တွေ့ရပါတယ်။ ဝုဗ်စ်အသင်းကို မာကျောအောင် တည်ဆောက်ခဲ့တဲ့ လမ်းစဥ်ကို ဆက်လက်သယ်ဆောင်လာတဲ့ ပေါ်တူဂီသားကြီးရဲ့ လက်စလက်နကိုတော့ မန်စီးတီးကို ပေးဂိုးမရှိအောင် အနိုင်ကစားခဲ့တဲ့ပွဲမှာ သက်သေထူပြခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတွေက ခြေစွမ်းမငြိမ်လို့ အထောင်းခံနေရတဲ့ အဲရစ် ဒိုင်ယာနဲ့ ဒေဗင်ဆန် ဆန်းချက်ဇ်တို့ရဲ့ ဗဟိုခံစစ်အတွဲက ဒီရာသီအဖွင့်မှာ ထူးထူးခြားခြား တည်ငြိမ်လာခဲ့သလို ဒီအင်အားစုကို ပေါက်ကွဲအားပြင်းတဲ့ လူသစ်ကစားသမား ခရစ်ရှန် ရိုမဲရိုက ထပ်မံအားဖြည့်လာဦးမှာဖြစ်လို့ ဝှိုက်လတ်လိန်းက ခံစစ်ပိုင်း​တိုးတက်မှုကိုတော့ စိတ်ဝင်တစား ဆက်လက်စောင့်ကြည့်ချင်စရာလည်း ကောင်းနေတာပါ။

၄။ မန်ချက်စတာ ယူနိုက်တက်

ယူရို ၂၀၂၀ ဖိုင်နယ်ကို တက်ရောက်ခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့လို ကမ္ဘာ့အဆင့် ဗဟိုခံစစ်မှူးနဲ့ ဘယ်နောက်ခံလူတွေကို ပိုင်ဆိုင်ထားတဲ့ ယူနိုက်တက်အသင်းမှာတော့ ခံစစ်အဖျက်ပိုင်းစွမ်းသလောက် တိုက်စစ်လိုက်ပါမှုအပိုင်းမှာ အားနည်းချက်ရှိနေတဲ့ အာရွန် ဝမ်ဘစ်ဆာကာရဲ့နေရာက ထောက်ပြစရာတခုအဖြစ်တော့ ရှိနေပါသေးတယ်။

ဒါ့အပြင် ဘောလုံးပေးပို့မှုဘယ်လိုပဲကောင်းပါတယ်ပြောပြော ပရီးမီးယားလိဂ်မှာ အံဝင်နိုင်တဲ့ အမြန်နှုန်းမရှိတဲ့အပြင် အမြင့်ဘောတွေမှာပါ အထူးအားနည်းတဲ့ ဆွီဒင်သား လန်ဒလော့ဖ်က ပျော့ကွက်ဖြစ်နေချိန်မှာ ရာ​ဖေးလ် ဗာရွန်းကို ခေါ်ယူနိုင်ခဲ့တာဟာ နည်းပြ ဆိုးလ်ရှားရဲ့ မှန်ကန်တဲ့လုပ်ရပ်ဖြစ်သလို မြန်ဆန်ပြီး ဘောလုံးဦးနှောက်မြင်တဲ့ ပြင်သစ်သားကြောင့် ခံစစ်ပိုင်းမှာ မျှော်လင့်စရာတခုတော့ ဖြစ်လာခဲ့ပြီး အရင်ရာသီလို ပေးဂိုးမများဖို့တော့ ကွင်းလယ်အဖျက်တဦးကိုတော့ လိုအပ်နေဆဲလို့ သုံးသပ်ရမှာပါ။

၃။ လီဗာပူးလ်

ပြီးခဲ့တဲ့ရာသီ ဒတ်ချ်သားကြီး ဗာဂျီးလ် ဗန်ဒိုက်အပါအဝင် ဂျိုးဂိုမက်ဇ်၊ ဂျိုဝယ်လ် မာတစ်ပ်တို့ကို ဒဏ်ရာကြောင့် တရာသီလုံးနီးပါး လက်လွှတ်ခဲ့ရတဲ့ လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်အတွက် နက်ဖီးလစ်နဲ့ ရီးစ်ဝီလီယမ်းစ်တို့ ဗဟိုခံစစ်အတွဲကို အားကိုးခဲ့ရချိန်မှာ အဆင့် ၃ နဲ့ရာသီသိမ်းနိုင်ခဲ့တာက ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူနေရတဲ့ ဗာဂျီးလ် ဗန်ဒိုက်ပြန်လာခဲ့သလို လိုက်ပ်ဇစ်အသင်းကနေ အီဘရာဟီမာ ကိုနာတေကိုပါ ပေါင် ၃၆ သန်းနဲ့ အားဖြည့်ထားတဲဲ့ လီဗာပူးလ်အသင်းရဲ့ခံစစ်တည်ငြိမ်မှုကတော့ အန်ဒီ ရော်ဘတ်ဆန်၊ ထရန့် အလက်ဇန်းဒါး အားနိုးလ်တို့ရဲ့ပေါင်းစပ်မှုနဲ့အတူ ဒီရာသီမှာတော့ ပြန်လည်စွဲမက်စရာ ကောင်းလာတော့မယ်လို့လည်း သုံးသပ်ခံထားရပါတယ်။

၂။ မန်ချက်စတာ စီးတီး

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းဟာ ပပ်ဂွာဒီယိုလာကို နည်းပြခန့်ခဲ့ချိန်ကစလို့ ခံစစ်ပိုင်းကို ငွေအားအလုံးအရင်းသုံးစွဲပြီး အပီအပြင်အားဖြည့်လာခဲ့သလို ရူဘင် ဒီယာ့စ်၊ ခိုင်လ်ဝေါ်လ်ကာ၊ ဘန်ဂျမင် မန်ဒီ၊ ကန်ဆယ်လိုနဲ့ နာသန် အကီတို့ကို စျေးကြီးပေးဝယ်ယူထားခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီမှာတော့ ဒီယာ့စ်ဟာ EPL တနှစ်အကောင်းဆုံးကစားသမားဖြစ်ခဲ့သလို ဂျွန်စတုန်းစ်နဲ့တွဲဖက်လို့ ထူးရှယ်ခြေစွမ်းမျိုးကို ပြသခဲ့ပြီး EPL ဖလားရဲ့ ပေးဂိုးအနည်းဆုံးအတွဲအဖြစ် ရပ်တည်ခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်ကိုပါ တက်ရောက်နိုင်စေခဲရာမှာ ဒီရာသီမှာလည်း ထပ်တူစွမ်း​ဆောင်ရည်မျိုးအတွက် မျှော်လင့်ခံထားရသလို ဘယ်နောက်ခံလူနေရာအတွက် စပို့တင်းကစားသမား နူနို မန်ဒက်စ်ကို ထပ်မံအားဖြည့်ဖို့ စီစဥ်နေသေးတာကြောင့် အင်အားအရမ်းတောင့်လာမယ်လို့ သတ်မှတ်ခံထားရပါတယ်။

၁။ ချယ်လ်ဆီး

ဥရောပရဲ့ လက်ရှိခံစစ်အကောင်းဆုံးအသင်းအဖြစ် ဂုဏ်ပြုခံထားရတဲ့ ချယ်လ်ဆီးအသင်းကတော့ လီဗာပူးလ်နဲ့ပွဲမှာလည်း တယောက်လျော့အနေအထားနဲ့ တဂိုးမှမပေးရတဲ့အထိ မာကျောကျစ်လစ်နေခဲ့သလို အန်ဖီးလ်တပ်သားတွေကို ကန်ခွင့်အလစ်မပေးဘဲ စနစ်တကျကစားသွားခဲ့တာပါ။

ဒါ့အပြင် ခရစ္စတန်ဆန်၊ သီယာဂို ဆေးလ်ဗား၊ အန်တိုနီယို ရူဒီဂါတို့ နောက်တန်း ၃ ယောက်ခံစစ်ကြောင်း အမှားတချက်မှ မရှိခဲ့သလို ဟန်ချက်ညီညီ ဦး​ဆောင်သွားခဲ့ပြီး ဂိုးသမား မန်ဒီရဲ့ကာကွယ်လက်စွမ်းပြမှုကလည်း အံ့မခန်းဖြစ်ခဲ့ပြီး နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ အချိန်တိုအံဝင်မှုက ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ မျှော်မှန်းနိုင်စွမ်းအထိ ရောက်ရှိလာခဲ့တယ်လို့ ဆိုရမှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.