Analysis Article Premier League

ဩဘာလို့ နာမည်ပြောင်းဖို့ကောင်းတဲ့ အာတီတာနဲ့ အာဆင်နယ်တို့အတွက် ပွဲပြီးဝေဖန်မှုများ

အာဆင်နယ်အသင်းရဲ့ မန်ချက်စတာစီးတီးအသင်းကို အဝေးကွင်းမှာ ဂိုးပြတ်ခြေပြတ် ငါးဂိုး-ဂိုးမရှိ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပြီး ကိုယ့်ပရိသတ်တွေကပါ ထလှောင်ခဲ့တဲ့ အရှက်တကွဲပွဲအပြီးမှာတော့ အသင်းရဲ့ ဂန္ထဝင်တွေနဲ့ ကစားသမားဟောင်းတွေက နည်းပြ မီခယ်လ် အာတီတာကို ဝိုင်းဝန်းဩဘာပေးပြီး ပြစ်တင်ဝေဖန်ခဲ့ကြသလို ကျွမ်းကျင်သူတွေကလည်း သုံးသပ်မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

မီဆွတ် အိုဇေးလ်
သူ့ရဲ့ ဖန်တီးမှုတွေအတွက် အသင်းရဲ့ ပရိသတ်တွေက တသသဖြစ်နေဆဲ ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ်ကတော့ ဖီနာဘာချီအသင်းမှာ ကစားနေရင်း သူ့ရဲ့ တွစ်တာကနေ ပို့စ်တင်လိုက်တာဖြစ်ပြီး အာဆင်နယ်နဲ့ အာတီတာတို့ရဲ့ Trust the Process ဆိုတာကို အသည်းကွဲတဲ့ အီမိုဂျီနဲ့တွဲပြီး အသင်းရဲ့ လွဲမှားနေတဲ့ လမ်းစဉ်တွေအတွက် စိတ်မကောင်းကြောင်း ပြသသွားခဲ့ပါတယ်။

အီယန်ရိုက်
အာဆင်နယ်အသင်းဂန္ထဝင်တိုက်စစ်မှူးကြီး အီယန်ရိုက်ကတော့ မန်စီးတီးကို ရှုံးလိုက်တဲ့အသင်းဟာ ဟာသလူရွှင်တော်တွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းလို့ ဆိုလိုက်ပြီး “အာတီတာရဲ့ ပွဲကို ဘယ်လိုကစားမယ်ဆိုတာတော့ မသိဘူး။ ဒါပေမယ့် ကိုလာစီနက်ချ်နဲ့ ဆီးဒရစ်တို့လို ကစားသမားတွေကို ထည့်ပြီး ဘယ်လိုစုဖွဲ့ရမှန်း မသိတာတော့ ဆိုးလွန်းတယ်။ ဝါရင့်ကစားသမားဖြစ်တဲ့ ဆီးဒရစ်က ဒီထက်ပိုကောင်းခဲ့သင့်တယ်လို့ တွေးနေတုန်း ကိုလာစီနက်ချ်က ဆိုးရွားနေပြီး ချာကာကပါ ထုတ်ပယ်ခံလိုက်ရတော့ ရူးချင်သွားတာပါပဲ”လို့ ရှုတ်ချသွားခဲ့တာပါ။

မာတင် ကီးယွန်း
အသင်းရဲ့ ခံစစ်ကျောက်ဆောင်ဟောင်းကြီး မာတင် ကီးယွန်းကတော့ ကွင်းလယ်လူ ဂရာနစ် ချာကာကို ရူးနေလားလို့ မေးခွန်းထုတ်သွားပြီး ဒီလို အတွေ့အကြုံရင့် ကစားသမားတစ်ယောက်ဆီက ရနိုင်တာ ဒါပဲလားလို့ ဆိုသွားသလို ပြီးခဲ့တဲ့ နှစ်တွေအတွင်း အဝါကတ် ၄၄ ကတ်နဲ့ အနီကတ် ၄ ကတ်ကို အာဆင်နယ်အသင်းအတွက် ရှာဖွေပေးထားတဲ့ ဆွစ်ဇာလန်သားအနေနဲ့ အသင်းက ပေးတဲ့ အခွင့်အရေးတွေကို စိတ်ပျက်အောင်လုပ်ခဲ့တယ်လို့ ပြစ်တင်သွားခဲ့ပါတယ်။

ဂျိုးကိုးလ်
တစ်ချိန်တည်းမှာပဲ သူ့ရဲ့ တွဲဖက် ဂျိုးကိုးလ်ကတော့ “ဂရာနစ် ချာကာကို ကြည့်ပြီး အရင်ဆုံး ပြောချင်တာက မော်ဒန်ဘောလုံးမှာ ဖျက်ထုတ်မယ် ဆိုရင် မြက်ခင်းပေါ်က ခြေထောက်ကို မကြွသင့်ဘူး ဆိုတာပါပဲ။ အရင်က အကြိမ်ကြိမ်လုပ်ခဲ့တာမှန်ပေမယ့် အသင်းနဲ့ သိပ်မကြာခင်ကမှ စာချုပ်သက်တမ်းတိုးထားတဲ့ စီနီယာကစားသမားတစ်ယောက်အနေနဲ့ ပိုဆင်ခြင်သင့်ပြီး အသင်းကို ဦးဆောင်မယ့်သူ လိုနေချိန်မှာ အနီကတ်ပြခံနေရတာကတော့ မဖြစ်သင့်တဲ့ ကိစ္စမျိုးပါ”လို့ သုံးသပ်သွားခဲ့သလို အာဆင်နယ်ကစားပုံမှာ ကောင်းကွက်တစ်ကွက်မှ ရှာမရဘူးလို့ ပြောသွားခဲ့ပါတယ်။

ဂျေမီ အိုဟာရာ
မြို့ခံပြိုင်ဘက် စပါးစ်အသင်းရဲ့ ကွင်းလယ်လူဟောင်း ဂျေမီ အိုဟာရာကလည်း အာဆင်နယ်ကို ကြုံတုန်းမှာ ဝင်နှိပ်ကွပ်လိုက်ပြီး သူတို့ရဲ့ ခံစစ်ဟာ ကျက်သရေတုန်းလွန်းကြောင်း၊ ဖြတ်တင်ဘောတွေကို တားဆီးဖို့ အားထုတ်မှုက သုညဖြစ်ပြီး အသင်းကို ခက်ခဲစေကြောင်းနဲ့ ရှက်တတ်ရင် ကိုယ့်အသင်းရဲ့ ကစားပုံကို ကောင်းအောင် မာနထားပြီး ကစားသင့်ကြောင်း ဆွမ်းကြီးဝင်လောင်းသွားခဲ့သေးတာပါ။

ဘာကာရီ ဆက်ဂ်ညာ
ဒီနေ့ပွဲမှာ ကစားခဲ့ကြတဲ့ အသင်းနှစ်သင်းစလုံးရဲ့ နောက်ခံလူဟောင်း ဘာကာရီ ဆက်ဂ်ညာကတော့ မန်စီးတီးနဲ့ အာဆင်နယ်တို့ကြားက ခြေစွမ်းချင်းက ကွာခြားလွန်းသလို ပွဲထွက်ကစားသမား ရွေးချယ်မှုတွေက သိသာလွန်းကြောင်း၊ သူဟာ အမ်းမရိတ်ကနေ ပြောင်းရွှေ့ခဲ့တာဟာ အသင်းရဲ့ DNA ပျောက်ဆုံးမှုကြောင့်ဖြစ်ပြီး ခြေစွမ်းညံ့ရင် အရန်ခုံထိုင်ရမယ့် ပြိုင်ဆိုင်မှုတွေနဲ့ မန်စီးတီးအသင်းဟာ သူချစ်တဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာဖြစ်အောင် ဆွဲဆောင်နိုင်ခဲ့တယ်လို့ အသင်းရဲ့ နောက်ပိုင်းနှစ်တွေက ပြဿနာကို ထောက်ပြသွားခဲ့ပါတယ်။

ပီးယားစ် မော်ဂန်
အာဆင်နယ်ရဲ့ ဆယ်လီပရိသတ် ပီးယားစ် မော်ဂန်ကတော့ အသင်းနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်ထဲမှာ ဒီလိုမျိုး မျှော်လင့်ချက်မဲ့စရာပုံစံ တစ်ခါမှ မတွေ့ခဲ့ဖူးဘူးလို့ ရှုတ်ချလိုက်ပြီး နည်းပြ မီခယ်လ် အာတီတာဟာ သူ့ရဲ့ ရာထူးမှာ ကျဆုံးခဲ့ပြီဖြစ်သလို ရှေ့လျှောက် ပိုဆိုးလာဖို့ပဲ ရှိတော့တာကြောင့် အသင်းကနေ ထွက်ဖို့ပဲ ရှိတော့တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။

ပက်ပ် ဂွါဒီယိုလာ
ဒီအချိန်မှာတော့ အာတီတာကို သူ့ရဲ့ ဆရာဟောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဝင်ရောက်ကာကွယ်ပေးလိုက်ပြီး သုံးနှစ်တာ လက်တွဲဖူးသမျှ ဒီနည်းပြဟာ အကောင်းဆုံးလူငယ်နည်းပြတစ်ဦးအဖြစ် သူများတွေရဲ့ အထက်မှာ ရပ်တည်ခဲ့သူဖြစ်ပြီး ဘန်ဝှိုက်၊ သောမတ်စ် ပါတေးတို့လို ကစားသမား တွေကို လိုအပ်ချိန်မှာ အသုံးမပြုနိုင်တဲ့ ဒဏ်ရာပြဿနာတွေကြောင့်သာ ဒီလိုမျိုး ရလဒ်ဆိုးနေတာလို့ ဖြေသိမ့်ပေးသွားခဲ့တာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ မန္ခ်က္စတာစီးတီးအသင္းကို အေဝးကြင္းမွာ ဂိုးျပတ္ေျချပတ္ ငါးဂိုး-ဂိုးမရွိ ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့ရၿပီး ကိုယ့္ပရိသတ္ေတြကပါ ထေလွာင္ခဲ့တဲ့ အရွက္တကြဲပြဲအၿပီးမွာေတာ့ အသင္းရဲ႕ ဂႏၴဝင္ေတြနဲ႔ ကစားသမားေဟာင္းေတြက နည္းျပ မီခယ္လ္ အာတီတာကို ဝိုင္းဝန္းဩဘာေပးၿပီး ျပစ္တင္ေဝဖန္ခဲ့ၾကသလို ကြၽမ္းက်င္သူေတြကလည္း သုံးသပ္မွတ္ခ်က္ေတြ ေပးခဲ့ၾကပါတယ္။

မီဆြတ္ အိုေဇးလ္
သူ႔ရဲ႕ ဖန္တီးမႈေတြအတြက္ အသင္းရဲ႕ ပရိသတ္ေတြက တသသျဖစ္ေနဆဲ ကြင္းလယ္လူေဟာင္း မီဆြတ္ အိုေဇးလ္ကေတာ့ ဖီနာဘာခ်ီအသင္းမွာ ကစားေနရင္း သူ႔ရဲ႕ တြစ္တာကေန ပို႔စ္တင္လိုက္တာျဖစ္ၿပီး အာဆင္နယ္နဲ႔ အာတီတာတို႔ရဲ႕ Trust the Process ဆိုတာကို အသည္းကြဲတဲ့ အီမိုဂ်ီနဲ႔တြဲၿပီး အသင္းရဲ႕ လြဲမွားေနတဲ့ လမ္းစဥ္ေတြအတြက္ စိတ္မေကာင္းေၾကာင္း ျပသသြားခဲ့ပါတယ္။

အီယန္႐ိုက္
အာဆင္နယ္အသင္းဂႏၴဝင္တိုက္စစ္မႉးႀကီး အီယန္႐ိုက္ကေတာ့ မန္စီးတီးကို ရႈံးလိုက္တဲ့အသင္းဟာ ဟာသလူ႐ႊင္ေတာ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အသင္းလို႔ ဆိုလိုက္ၿပီး “အာတီတာရဲ႕ ပြဲကို ဘယ္လိုကစားမယ္ဆိုတာေတာ့ မသိဘူး။ ဒါေပမယ့္ ကိုလာစီနက္ခ်္နဲ႔ ဆီးဒရစ္တို႔လို ကစားသမားေတြကို ထည့္ၿပီး ဘယ္လိုစုဖြဲ႕ရမွန္း မသိတာေတာ့ ဆိုးလြန္းတယ္။ ဝါရင့္ကစားသမားျဖစ္တဲ့ ဆီးဒရစ္က ဒီထက္ပိုေကာင္းခဲ့သင့္တယ္လို႔ ေတြးေနတုန္း ကိုလာစီနက္ခ်္က ဆိုး႐ြားေနၿပီး ခ်ာကာကပါ ထုတ္ပယ္ခံလိုက္ရေတာ့ ႐ူးခ်င္သြားတာပါပဲ”လို႔ ရႈတ္ခ်သြားခဲ့တာပါ။

မာတင္ ကီးယြန္း
အသင္းရဲ႕ ခံစစ္ေက်ာက္ေဆာင္ေဟာင္းႀကီး မာတင္ ကီးယြန္းကေတာ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို ႐ူးေနလားလို႔ ေမးခြန္းထုတ္သြားၿပီး ဒီလို အေတြ႕အႀကဳံရင့္ ကစားသမားတစ္ေယာက္ဆီက ရႏိုင္တာ ဒါပဲလားလို႔ ဆိုသြားသလို ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္း အဝါကတ္ ၄၄ ကတ္နဲ႔ အနီကတ္ ၄ ကတ္ကို အာဆင္နယ္အသင္းအတြက္ ရွာေဖြေပးထားတဲ့ ဆြစ္ဇာလန္သားအေနနဲ႔ အသင္းက ေပးတဲ့ အခြင့္အေရးေတြကို စိတ္ပ်က္ေအာင္လုပ္ခဲ့တယ္လို႔ ျပစ္တင္သြားခဲ့ပါတယ္။

ဂ်ိဳးကိုးလ္
တစ္ခ်ိန္တည္းမွာပဲ သူ႔ရဲ႕ တြဲဖက္ ဂ်ိဳးကိုးလ္ကေတာ့ “ဂရာနစ္ ခ်ာကာကို ၾကည့္ၿပီး အရင္ဆုံး ေျပာခ်င္တာက ေမာ္ဒန္ေဘာလုံးမွာ ဖ်က္ထုတ္မယ္ ဆိုရင္ ျမက္ခင္းေပၚက ေျခေထာက္ကို မႂကြသင့္ဘူး ဆိုတာပါပဲ။ အရင္က အႀကိမ္ႀကိမ္လုပ္ခဲ့တာမွန္ေပမယ့္ အသင္းနဲ႔ သိပ္မၾကာခင္ကမွ စာခ်ဳပ္သက္တမ္းတိုးထားတဲ့ စီနီယာကစားသမားတစ္ေယာက္အေနနဲ႔ ပိုဆင္ျခင္သင့္ၿပီး အသင္းကို ဦးေဆာင္မယ့္သူ လိုေနခ်ိန္မွာ အနီကတ္ျပခံေနရတာကေတာ့ မျဖစ္သင့္တဲ့ ကိစၥမ်ိဳးပါ”လို႔ သုံးသပ္သြားခဲ့သလို အာဆင္နယ္ကစားပုံမွာ ေကာင္းကြက္တစ္ကြက္မွ ရွာမရဘူးလို႔ ေျပာသြားခဲ့ပါတယ္။

ေဂ်မီ အိုဟာရာ
ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္အသင္းရဲ႕ ကြင္းလယ္လူေဟာင္း ေဂ်မီ အိုဟာရာကလည္း အာဆင္နယ္ကို ႀကဳံတုန္းမွာ ဝင္ႏွိပ္ကြပ္လိုက္ၿပီး သူတို႔ရဲ႕ ခံစစ္ဟာ က်က္သေရတုန္းလြန္းေၾကာင္း၊ ျဖတ္တင္ေဘာေတြကို တားဆီးဖို႔ အားထုတ္မႈက သုညျဖစ္ၿပီး အသင္းကို ခက္ခဲေစေၾကာင္းနဲ႔ ရွက္တတ္ရင္ ကိုယ့္အသင္းရဲ႕ ကစားပုံကို ေကာင္းေအာင္ မာနထားၿပီး ကစားသင့္ေၾကာင္း ဆြမ္းႀကီးဝင္ေလာင္းသြားခဲ့ေသးတာပါ။

ဘာကာရီ ဆက္ဂ္ညာ
ဒီေန႔ပြဲမွာ ကစားခဲ့ၾကတဲ့ အသင္းႏွစ္သင္းစလုံးရဲ႕ ေနာက္ခံလူေဟာင္း ဘာကာရီ ဆက္ဂ္ညာကေတာ့ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ၾကားက ေျခစြမ္းခ်င္းက ကြာျခားလြန္းသလို ပြဲထြက္ကစားသမား ေ႐ြးခ်ယ္မႈေတြက သိသာလြန္းေၾကာင္း၊ သူဟာ အမ္းမရိတ္ကေန ေျပာင္းေ႐ႊ႕ခဲ့တာဟာ အသင္းရဲ႕ DNA ေပ်ာက္ဆုံးမႈေၾကာင့္ျဖစ္ၿပီး ေျခစြမ္းညံ့ရင္ အရန္ခုံထိုင္ရမယ့္ ၿပိဳင္ဆိုင္မႈေတြနဲ႔ မန္စီးတီးအသင္းဟာ သူခ်စ္တဲ့ အာဆင္နယ္အသင္းကေန ထြက္ခြာျဖစ္ေအာင္ ဆြဲေဆာင္ႏိုင္ခဲ့တယ္လို႔ အသင္းရဲ႕ ေနာက္ပိုင္းႏွစ္ေတြက ျပႆနာကို ေထာက္ျပသြားခဲ့ပါတယ္။

ပီးယားစ္ ေမာ္ဂန္
အာဆင္နယ္ရဲ႕ ဆယ္လီပရိသတ္ ပီးယားစ္ ေမာ္ဂန္ကေတာ့ အသင္းနဲ႔ ပတ္သက္တဲ့ မွတ္ဉာဏ္ထဲမွာ ဒီလိုမ်ိဳး ေမွ်ာ္လင့္ခ်က္မဲ့စရာပုံစံ တစ္ခါမွ မေတြ႕ခဲ့ဖူးဘူးလို႔ ရႈတ္ခ်လိုက္ၿပီး နည္းျပ မီခယ္လ္ အာတီတာဟာ သူ႔ရဲ႕ ရာထူးမွာ က်ဆုံးခဲ့ၿပီျဖစ္သလို ေရွ႕ေလွ်ာက္ ပိုဆိုးလာဖို႔ပဲ ရွိေတာ့တာေၾကာင့္ အသင္းကေန ထြက္ဖို႔ပဲ ရွိေတာ့တယ္လို႔ ေဝဖန္သြားခဲ့ပါတယ္။

ပက္ပ္ ဂြါဒီယိုလာ
ဒီအခ်ိန္မွာေတာ့ အာတီတာကို သူ႔ရဲ႕ ဆရာေဟာင္း မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဝင္ေရာက္ကာကြယ္ေပးလိုက္ၿပီး သုံးႏွစ္တာ လက္တြဲဖူးသမွ် ဒီနည္းျပဟာ အေကာင္းဆုံးလူငယ္နည္းျပတစ္ဦးအျဖစ္ သူမ်ားေတြရဲ႕ အထက္မွာ ရပ္တည္ခဲ့သူျဖစ္ၿပီး ဘန္ဝႈိက္၊ ေသာမတ္စ္ ပါေတးတို႔လို ကစားသမား ေတြကို လိုအပ္ခ်ိန္မွာ အသုံးမျပဳႏိုင္တဲ့ ဒဏ္ရာျပႆနာေတြေၾကာင့္သာ ဒီလိုမ်ိဳး ရလဒ္ဆိုးေနတာလို႔ ေျဖသိမ့္ေပးသြားခဲ့တာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.