Premier League

အမ်ဘာပေကို ရီးရဲလ်ရောက်အောင် PSG ဖန်တွေ သို့ မက်ဆီဖန်တွေ ဘယ်လိုမောင်းထုတ်နေကြလဲ

ပြီးခဲ့တဲ့ညက ကစားသွားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ် ၃ မှာ နာမည်ကြီး PSG အသင်းက ဘရက်စ်အသင်းကို အဝေးကွင်းမှာ ၂-၄ နဲ့ အနိုင်ယူသွားခဲ့သလို ဒီပွဲမှာ ပါရီကနေ မက်ဒရစ်မြို့ကို အမြန်ဆုံးထွက်ခွာချင်နေပါတယ်ဆိုတဲ့ တိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေကလည်း မိနစ် ၈၀ အထိ ပွဲထွက်စားခဲ့ပြီး အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကိုလည်း ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ကွင်းလယ်လူ အန်ဒါ ဟာရဲရားက ကိုက် ၂၀ အကွာကနေ Volley ဆွဲယူကန်သွင်းပြီး သူ့အတွက် PSG မှာ ရှားရှားပါးပါးသွင်းဂိုးနဲ့ အဖွင့်ဦးဆောင်ခဲ့သလို ၃၆ မိနစ်မှာ အမ်ဘာပေရဲ့ အားပါလွန်းတဲ့ ခေါင်းတိုက်ချက်က အတော်လေးကောင်းမွန်ခဲ့ပြီး ၂ ဂိုးပြတ်ဦးဆောင်ခဲ့ကာ ပထမပိုင်းမှာ ၂ ဂိုး ၁ ဂိုး အသာစီးနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ကွင်းလယ်လူ ဂွီယီရဲ့ ၃၅ ကိုက်အကွာက ကန်သွင်းချက်၊ မိနစ် ၈၀ မှာ အမ်ဘာပေနေရာ လူစားဝင်လာတဲ့ ဒီမာရီယာတို့ရဲ့ ဂိုးတွေနဲ့အတူ PSG အသင်းက ၂-၄ နဲ့ ပွဲသိမ်းနိုင်ခဲ့ပြီး ပြင်သစ်လီဂူးအဖွင့် ၃ ပွဲမှာ အနိုင် ၉ မှတ်၊ ရာနှုန်းပြည့်နိုင်ပွဲနဲ့ နည်းပြ ပိုချက်တီနိုအတွက် လှပသွားခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိ PSG အသင်းမှာ နေမာအပါအဝင် လူသစ်ကစားသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ ဆာဂျီယို ရာမို့စ်နဲ့ ဒွန်နရမ်မာတို့လွဲချော်နေချိန်မှာတောင် ခြေစွမ်းထက်လွန်းနေတာကို မြင်တွေ့ခဲ့ရပြီး တဖက်မှာတော့ စိတ်မကောင်းစရာအနေနဲ့ အမ်ဘာပေကို ရီးရဲလ်ရောက်အောင် PSG ပရိသတ်နဲ့ မက်ဆီပရိသတ်တွေက မောင်းထုတ်သွားခဲ့ကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

မက်ဆီရောက်လာခဲ့ပြီဖြစ်လို့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ရဲ့ MNM တိုက်စစ်အတွဲကို ပုံဖော်သွားမယ်လို့ ကတိပေးထားခဲ့တဲ့ PSG ဥက္ကဋ္ဌ အယ်လ်ခယ်လိုင်ဖီအတွက်တော့ အကျပ်ရိုက်စရာ အနေအထားတရပ်ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က PSG ပရိသတ်တချို့ရဲ့ ကွင်းထဲက လှောင်ပြောင်ခြင်းကို ခံစားခဲ့ရတဲ့ ပြင်သစ်တိုက်စစ်မှူးဟာ ဒီနေ့ပွဲမှာတော့ အသင်းကနေ မြန်မြန်ဒိုးတော့ဆိုတဲ့ မောင်းထုတ်မှုတွေကို တဆင့်တိုးရရှိလာခဲ့ခြင်းပါ။

ဒီနေ့ပွဲမှာ အမ်ဘာပေရဲ့ စွမ်းဆောင်ရည်က အတော်လေးထင်ရှားခဲ့ပြီး အခုအချိန်ထိ ပါရီမြို့မှာ စာချုပ်သစ်လက်မခံသေးလို့ စိတ်နာနေတဲ့ PSG ပရိသတ်တွေက သူ့ရဲ့မရေရာတဲ့အနာဂတ်ကို ဆက်လက်သည်းခံဖွယ်မရှိတော့ကြောင်း ပြသခဲ့ခြင်းလည်းဖြစ်သလို ဆန်တီယာဂို ဘာနေဗျူးကို သွားလိုက သွားနိုင်ပြီလို့ သံယောဇဉ်အပြတ် ဆက်ဆံသွားခဲ့ကြတယ်လို့လည်း ဆိုနိုင်ပါတယ်။

PSG၊ ရီးရဲလ်မက်ဒရစ်၊ အမ်ဘာပေတို့ရဲ့ ၃ ပွင့်ဆိုင်ဇာတ်လမ်းအရ ဖြစ်လာမယ့် အပြောင်းအလဲတွေကို ဆက်လက်ရှူစားရဦးမှာဖြစ်ပြီး နောက်ဆုံးရသတင်းတွေအရ ပရိသတ်တွေရဲ့ ဖိအားပေးမှုတွေပါ ရှိလာခဲ့လို့ ပြင်သစ်သားကို ဆက်ထိန်ထားဖို့ မတတ်နိုင်တော့တဲ့ PSG အသင်းဟာ ဘဏ်ထဲမှာ ပေါင်သန်း ၂၅၀ လောက် ဥထားတဲ့ ဘာနေဗျူးတာဝန်ရှိသူတွေနဲ့ လာမယ့်ရက်ပိုင်းအတွင်း အပြောင်းအရွှေ့အထမြောက်ဖို့ လုံးပန်းနေကြပြီလို့လည်း ဖော်ပြခံထားရတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.