Article Other Premier League

ချယ်လ်ဆီးမှာ အောင်မြင်ခဲ့ရတဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်သွားခဲ့တဲ့ သောမတ်စ် တူဟယ်လ်

ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က သူ့အနေနဲ့ နည်းပြဟောင်း ဖရန့် လမ်းပတ်ရဲ့နေရာကို ရာသီတဝက်ဖြစ်တဲ့ ဇန်နဝါရီလမှသာ ဆက်ခံခွင့်ရခဲ့ပေမယ့် တာထွက်အလှဆုံးအနေအထားကို ဖန်တီးသွားနိုင်ခဲ့သလို ပရိသတ်တွေကို ဘဝင်ကျစေခဲ့ခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

အနောက်လန်ဒန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ဂျာမန်သားကြီးဟာ ချယ်လ်ဆီးနည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ရာမှာ သူတာဝန်ယူခဲ့ဖူးတဲ့ မိန့်ဇ်၊ ဒေါ့မွန်၊ PSG အစရှိတဲ့ တခြားဘယ်အသင်းနဲ့မှ မတူအောင် အမြင့်ဆုံးကူညီထောက်ပံ့မှုတွေကိုလည်း ရရှိခဲ့တာမို့ သူ့အတွက် အပြီးပြည့်စုံဆုံး ကလပ်အသင်းအဖြစ် ချီးကျူးသွားခဲ့ပါသေးတယ်။

သူ့အနေနဲ့ ချယ်လ်ဆီးအသင်းနဲ့အတူ အလုပ်လုပ်ခဲ့ရာမှာ လမ်းပတ်သုံးစွဲခဲ့တဲ့ ၄၃၃ ကစားကွက်ကို ၃၄၃၊ ၃၅၂ ကစားကွက်အဖြစ် ရုတ်ချည်းပြင်ဆင်ပြီး အသင်းသားတွေကို ချက်ချင်းအထိုင်ကျအောင် ချက်ချင်းဆိုသလို အသက်သွင်းနိုင်ခဲ့ခြင်းက လက်ခုပ်တီးရမှာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ ဒါဟာ အသင်းသားတွေရဲ့ လိုအပ်ချက်အတိုင်း ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း နှိမ့်ချပြောဆိုသွားခဲ့သေးတာပါ။

” ရာသီတဝက်ကနေ စတင်ကိုင်တွယ်ပြီး ချယ်လ်ဆီးနဲ့ တာထွက်သိပ်လှသွားခဲ့တာ ကျွန်တော့်အတွက် သိပ်ကောင်းမွန်တဲ့အရာပါ။ နောက်ဆုံးမှာ အသင်းကို ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့တယ်။ စုဖွဲ့မှုတအားကောင်းတယ်။ ပြီးတော့ ရည်မှန်းချက်မြင့်မားတဲ့အသင်းပါ။”

” အမြင့်မားဆုံးပံ့ပိုးကူညီမှုတွေကို ရရှိခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းရဲ့ခြေလှမ်းမှာ အရာရာချောမွေ့ခဲ့ပါတယ်။ နောက်တချက်က နောက်တန်းသုံးဦးထားတဲ့ ကစားကွက်က ကျွန်တော့်အသင်းသားတွေနဲ့ အံအဝင်ဆုံးဖြစ်ခဲ့တယ်။ အထူးသဖြင့် ကွင်းလယ်လူတွေနဲ့ပေါ့”

” ကျွန်တော်တို့မှာရှိတဲ့ ကွင်းလယ်လူ ၃ ဦးဖြစ်တဲ့ အန်ဂိုလို ကွန်တေ၊ ဂျော်ဂျင်ဟို၊ မက်တီယို ကိုဗာချစ်တို့ထဲက ၂ ဦးကို အမြဲတစေပွဲထုတ်ခဲ့တယ်။ ဒါဟာ အသင်းရဲ့ကစားဟန်ကို ချဥ်းကပ်ပုံပါ။ အသင်းအတွက် အခြေကျမယ့်အရာကို အဓိကထားလုပ်ဆောင်ခဲ့တာပါ။

“ပြီးတော့ အသင်းသားတွေရဲ့လုပ်နိုင်စွမ်း၊ စရိုက်လက္ခဏာနဲ့ အကိုက်ညီဆုံးအစီအမံကို ကျွန်တော်ဖော်ဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းချန်ပီယံဖြစ်ခဲ့တဲ့ ခရီးလမ်းတလျှောက်မှာ အရာရာအဆင်ပြေပြီး အသင်းပို အတက်ကြွဆုံးကစားပုံနဲ့ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်” လို့ တူဟယ်လ်က ပြောပြသွားခဲ့ပြီး လာမယ့်တပတ်မှာတော့ ဥရောပချန်ပီယံနှစ်သင်း ဗိုလ်လုကြမယ့် ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဥ်မှာ UEFA စူပါဖလားကို ထိပ်တိုက်ယှဥ်လုရတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.