Article Other Premier League

ဂျက်ဂရီးလစ်ရှ်အ​ကြောင်း လူသိပ်မသိသေးတဲ့ ဖြတ်သန်းမှုများ

အင်္ဂလန်ရဲ့ ပထမဆုံး ပေါင်သန်း ၁၀၀ တန် ကစားသမား

ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြးဖြစ်တဲ့ ပေါင်သန်း ၁၀၀ နဲ့ ငယ်ဘဝအသင်းဖြစ်တဲ့ အက်စတန် ဗီလာကနေ မန်စီးတီးကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂျက်ဂရီးလစ်ရှ်ကတော့ ချန်ပီယံလိဂ်ကစားချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အီတီဟတ်မြေမှာ နားခိုနေပြီဖြစ်ပါတယ်။ သူက ၆ နှစ်သားကတည်းက ကစားလာခဲ့တဲ့ ဘာမင်ဂမ်အခြေစိုက် ဗီလာကလပ်ကို ၁၉ နှစ်အကြာမှာ အိပ်မက်အတွက် စွန့်ခွာခဲ့တာလည်း ဖြစ်ပါတယ်။

ငယ်ဘဝနဲ့ ဇာတိ

ဂရီးလစ်ရှ်ကို ၁၉၉၅ ခုနှစ်မှာ အိုင်းရှစ်ရှ်ဖွားတွေဖြစ်တဲ့ ဖခင် ကယ်ဗင်နဲ့ မိခင် ကာရင်တို့က Solihull အရပ်မှာ မွေးဖွားခဲ့တာပါ။ အသက် ၆ နှစ်မှာ အက်စတန် ဗီလာအသင်းကို ရောက်ရှိလာခဲ့တယ်။ ဒီနောက်မှာတော့ အဘီဖြစ်သူရဲ့ ခြေရာကို နင်းဖို့ ဖြစ်လာခဲ့သလို သူက အိုင်းရှစ်ရှ်ဘောလုံးကစားနည်း Gaelic Football ကို အတော်လေးသဘောကျပြီး ကြီးပြင်းလာခဲ့တယ်။

ဗီလာအသင်းမှာ ရှိနေစဥ်အတွင်း ဒီအားကစားနည်းကိုပါ မက်မက်စက်စက်တွဲကစားခဲ့ပြီး ပရီးမီးယားလိဂ်လို အမဲဖျက်မတတ်ကစားကြတဲ့ ကြံ့ခိုင်မှုအသားပေးကစားဟန်အတွက် လမ်းကြောင်းခင်းပြီးသားဖြစ်စေခဲ့သလို သာမန်ထွားကျိုင်းမှုသာ ရှိပေမယ့် ပွဲတိုးခဲ့သလို စိတ်လှုပ်ရှားစရာ ဘောလုံးကျွမ်းကျင်ပိုင်နိိုင်မှုမျိုးကို ခင်းကျင်းပြသခဲ့တဲ့ ပါရမီရှင်တဦးလည်း ဖြစ်ပါတယ်။

Gaelic Football ကို ကစားရင်း ကြီးပြင်းလာသူ

တသင်းကို ၁၅ ဦးစီ နှစ်သင်းခွဲကစားကြတဲ့ အိုင်ယာလန်ဘောလုံးကစားနည်းဖြစ်တဲ့ Gaelic Football ကို ဂရီးလစ်ရှ်က ငယ်ငယ်တည်းက ခုံခုံမင်မင် ဝင်ကစားပြီး ကြီးပြင်းလာခဲ့သူပါ။ သူ့ရဲ့ဖခင်ရဲ့ပြောဆိုမှုအရ ဒီကစားနည်းကြောင့်ပဲ သားဖြစ်သူဟာ သန်သန်မာမာဖြစ််လာခဲ့တယ်လို့ သိရပါတယ်။

” ရိုးရိုးဘောလုံးကစားနည်းနဲ့စာရင် Gaelic Football က သိပ်ကိုကြမ်းတမ်းရက်စက်ပါတယ်။ ဘယ်အချိန် ဘယ်သူက ခပ်ကြမ်းကြမ်း ဝင်ဖျက်ထုတ်သွားမလဲဆိုတာ အမြဲသတိထားနေရတာပါ။ ပရီးမီးယားလိဂ်မှာ ဂျက်ကစားတော့ ဗီလာနည်းပြ ဂေါ်ဒန် ကိုဝင်ကို ကျွန်တော်ပြောပြခဲ့ဖူးပါတယ်”

” ကစားသမားတယောက် သူ့ဆီကနေ ဘောလုံးလာဖျက်ထုတ်တော့မယ်ဆိုရင် ဂျက်က ကြိုတွက်ထားပြီသားဗျ။ နည်းပြက သူဘာလို့အဲ့လောက်တောင်တော်နေရလဲလို့ အံ့သြတာပေါ့။ အဲဲဒါ Gaelic ကစားနည်းကြောင့်ပါ။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက တော်တော်ကိုကျစ်လစ်တောင့်တင်းပြီး သန်မာသွားတယ်” လို့ ဂရီးလစ်ရှ်ရဲ့ဖခင်က ပြောပြခဲ့ဖူးတာပါ။

ဂရီးလစ်ရှ်ကိုယ်တိုင်ကလည်း ” ကျွန်တော်က ကိုယ်သိပ်ခုံမင်တဲ့ Gaelic ကလွဲရင် ကျန်တဲ့အားကစားတွေ သိပ်မလုပ်ဖြစ်ခဲ့ပါဘူး။ လက်ထဲမှာ ဘောလုံးကိုသယ်ပြီး ပြေးလွှားရတာပေါ့ဗျာ။ အသက် ၁၃ နှစ်သားမှာ ဗီလာအသင်းက ဆက်မကစားတော့ဖို့ တားပါတယ်။ ဒါပေမယ့် အသက် ၁၅ နှစ်သားအထိ ရရင်ရသလို ကစားဖြစ်ခဲ့ပါတယ်” လို့ ဆိုသွားခဲ့ပါတယ်။

သွေးသားထဲက ဘောလုံးအမွေ

ဂရီးလစ်ရှ်ရဲ့ အဖိုးဖြစ်သူရဲ့အဖိုး ‘အဘီ’တော်စပ်တဲ့ ဘီလီ ဂါရက်တီက ဗီလာအသင်းရဲ့သူရဲကောင်းတဦးလည်းဖြစ်သလို အင်္ဂလန်လက်ရွေးစင်ဟောင်းတဦးလည်းဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ယူ၁၇၊ ယူ၁၈၊ နဲ့ ယူ၂၁ အဆင့်မှာ အိုင်ယာလန်အသင်းအတွက် ရွေးချယ်ခံခဲ့ရပေမယ့် လက်ရွေးစင်အဆင့်မှာတော့ အင်္ဂလန်အသင်းအတွက် ကိုယ်စားပြုကစားပေးဖို့သာ ရွေးချယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဘီဖြစ်တဲ့ ဂါရက်တီက ၁၈၉၈ ကနေ ၁၉၀၈ ခုနှစ်အတွင်း ဗီလာအတွက် ပွဲ ၂၆၀ ကစား၊ ၁၁၂ ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူးတဦးဖြစ်သလို ၁၉၀၀ ခုနှစ်မှာ ဗီလာနဲ့အတူ ၃၃ ပွဲကစား၊ ၂၇ ဂိုးသွင်းယူကာ အင်္ဂလန်လိဂ်ချန်ပီယံဖြစ်ခဲ့ပြီး ၁၉၀၅ ခုနှစ်မှာ FA ဖလားချန်ပီယံလည်းဖြစ်ခဲ့ပါသေးတယ်။ ဒါ​ကြောင့် ဂရီးလစ်ရှ်ဆီမှာ ဘောလုံးသွေးသားတွေ စီးဆင်းနေတယ်လို့ ဆိုရမှာပါ။

ပရဟိတစိတ်ဓာတ်ပိုင်ရှင်

စိတ်ဓာတ်အဆင့်အတန်းမြင့်မားတဲ့ ဂရီးလစ်ရှ်က ကွင်းပြင်ပမှာ အတော်လေးရက်ရောသလို ဘာမင်ဂမ်တဝိုက်မှာ သူ့ရဲ့ပရဟိတလုပ်ဆောင်မှုတွေက အတော်လေးနာမည်ကြီးပါတယ်။ ကိုရိုနာရောဂါကပ်ဆိုက်နေချိန်မှာ ဒေသတွင်းဆေးရုံတခုကို ပေါင် ၁ သိန်းခွဲ လှူဒါန်းခဲ့သလို အမျိုးသားကျန်းမာရေးစနစ်အတွက် သူ့ရဲ့ဂျာစီကို လေလံတင်ရောင်းချပြီး ပေါင် ၅ သောင်းခွဲ ရှာဖွေပေးခဲ့ပါသေးတယ်။

စိတ်ရောဂါနဲ့ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားတဲ့ သူငယ်ချင်းအတွက် ဗီလာပရိသတ်တဦးက အကူအညီတောင်းခံခဲ့ရာမှာ ဂရီးလစ်ရှ်က ဗီလာတသင်းလုံးလက်မှတ်ရေးထိုးထားတဲ့ ဂျာစီကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကို စိတ်ကျန်းမာရေးပရဟိတဌာနဆီ လှူဒါန်းပေးခဲ့ဖူးသလို ကလေးသူငယ်ကယ်ဆယ်ရေးမှာလည်း ရှေ့နေအဖြစ် ​ဆောင်ရွက်ပေးခဲ့ဖူးသူလို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.