Premier League

မက်ဆီ၊ ဂရီးဇ်မန်းနဲ့ မိုရီဘာတို့ရဲ့ အနာဂတ်ကို အပြတ်ပြောသွားတဲ့ ဘာစီလိုနာဥက္ကဋ္ဌ လာပေါ့တာ

ဘာစီလိုနာဥက္ကဌလာပေါ့တာက အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးကြီး လီယွန်နယ် မက်ဆီဟာ နူးကမ့်မှာ ဆက်ရှိနေမှာဖြစ်ကြောင်း ပရိသတ်တွေကို အတည်ပြုပေးသွားခဲ့ပြီး စာချုပ်သစ်တရပ်ဖြစ်ပေါ်လာအောင် အသင်းရဲ့ လုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်နေကြောင်း ရှင်းရှင်းလင်းလင်း အသိပေးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ဘာစီလိုနာနဲ့ တရားဝင်စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီး အသင်းလက်မဲ့ဖြစ်သွားပြီလို့ သတ်မှတ်ခံထားရတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းသားအဖြစ်သာ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး တခြားဘယ်ဥရောပအသင်းကြီးနဲ့မှ အပြောင်းအရွှေ့ကိစ္စရပ်အတွက် မဆွေးနွေးဖို့ ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းမှာ ၅ နှစ်သက်တမ်းရှိတဲ့ နှစ်ရှည်စာချုပ်ကို ချုပ်ဆိုသွားမှာဖြစ်ပြီး လစာအားဖြင့်လည်း ပေါင် ၅ သိန်းနဲ့တဝက်၊ ပေါင် ၂ သိန်းခွဲသာ လျှော့ယူသွားမယ့် အာဂျင်တီးနားသားကြီးဟာ အသင်းရဲ့ တရားဝင်ကြေငြာအတည်ပြုမှုကိုသာ စောင့်မျှော်စရာ ရှိတော့သလို ၂၀၂၁-၂၂ ဘောလုံးရာသီသစ်ရဲ့ ဘာစီလိုနာလူစာရင်းမှာ မှတ်ပုံတင်သွားဖို့လည်း အပြီးအစီးအခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။

” ကျွန်တော်တို့ မက်ဆီကို အသင်းမှာဆက်နေစေဖို့ ဆောင်ရွက်နေပါတယ်။ သူကလည်း ဆက်နေချင်တာပါ။ ဒါကြောင့် ဒီလုပ်ငန်းစဥ်ကို အောင်မြင်အောင် လုပ်သွားမှာပါ။ ကျွန်တော်တို့အားလုံး မက်ဆီကို လာလီဂါမှာ ဆက်ကစားတာကိုပဲ မြင်ချင်ကြပါတယ်”

” ဘာလို့လဲဆိုတော့ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ ဒီလိုအဆင့်အတန်းမြင့်ကစားသမားမျိုးက လိဂ်ပြိုင်ပွဲကိုလည်း အဆင့်အတန်းမြင့်မားစေပါတယ်။ ဒါဟာရှင်းလင်းတဲ့ကိစ္စရပ်ပါ။ အရာရာလမ်းကြောင်းမှန်ကို ရောက်ရှိနေပါပြီ။

“မက်ဆီကို ကျွန်တော်တို့ သေချာပေါက် ဆက်ရှိနေစေချင်ပါတယ်။ ဒါကို သူကောင်းကောင်းသိရှိနားလည်ထားပါတယ်” လို့ ဘာစီလိုနာဥက္ကဌလာပေါ့တာက ပြီးခဲ့တဲ့ တနင်္လါနေ့က ပြောသွားခဲ့ဖြစ်ပြီး Goal သတင်းရဲ့ဖော်ပြချက်အရ ရာသီသစ်အတွက် လူစာရင်းမှာ မက်ဆီပါဝင်လာခဲ့ပြီလို့ သိရှိထားရပါတယ်။

ဒါ့အပြင် လာပေါ့တာအနေနဲ့ အက်သလက်တီကို မက်ဒရစ်ဆီ ပြန်ပို့မယ်လို့ သတင်းကြီးနေတဲ့ တိုက်စစ်မှူး အွန်ထွာ ဂရီးဇ်မန်းဟာလည်း နူးကမ့်မှာ ပျော်ရွှင်နေ​ကြောင်း ဖွင့်ဟသွားခဲ့ပြီး လစာညှိနှိုင်းမှု အဆင်မပြေတဲ့ အသက် ၁၈ နှစ်သား မိုရီဘာကိုတော့ ဆွဲထားမှာမဟုတ်ဘဲ “အလိုရှိရာအသင်းကိုကြွနိုင်ပြီ” လို့ ခပ်ပြတ်ပြတ်တုံ့ပြန်ထားခဲ့လို့ သူ့ကို ချိတ်ဆက်နေတဲ့ မန်စီးတီး၊ ချယ်လ်ဆီးအသင်းတို့ကို တံခါးဖွင့်ပေးလိုက်ပြီလို့ ဆိုရမှာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.