Premier League

စာချုပ်သစ်‌ကြောင့် ပရီးမီးယားလိဂ်ရဲ့ တတိယမြောက် လုပ်ခအများဆုံး မန်နေဂျာဖြစ်လာခဲ့တဲ့ နော်ဝေးသား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားအနေနဲ့ အသင်းနဲ့ ၂၀၂၄ အထိရှိနေမယ့်စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ပါဝင်သလို ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံးနည်းပြစာရင်းထဲ ပါဝင်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

Daily Star သတင်းဌာနရဲ့ဖော်ပြချက်အရ ဆိုးလ်ရှားအနေနဲ့ တစ်ပတ်လုပ်ခပေါင် ၂၀၀,၀၀၀ အထိရမှာဖြစ်ပြီး တစ်နှစ်လုပ်ခအနေနဲ့တော့ ပေါင် ၁၀ သန်းနှုန်းလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ စာချုပ်သစ်မတိုင်ခင်က တစ်နှစ်လုပ်ခ ပေါင် ၇.၅ သန်း ရရှိခဲ့တာဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုအပြီးမှာတော့ တစ်နှစ်လုပ်ခ ပေါင် ၂.၅ သန်း ပိုရခဲ့တာပါ။

The Sun သတင်းဌာနရဲ့ဖော်ပြချက်အရတော့ ဆိုးလ်ရှားက ပရီးမီးယားလိဂ်မန်နေဂျာတွေထဲမှာ တတိယမြောက် လုပ်ခအများဆုံးရတဲ့လူဖြစ်နေပြီး ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး မန်နေဂျာ ၆ ယောက်ကတော့…

၆= သောမတ်စ် တူဟယ်လ်(တစ်နှစ်လုပ်ခပေါင် ၇ သန်း)

၆= ရာဖေးလ် ဘင်နီတက်ဇ်(တစ်နှစ်လုပ်ခပေါင် ၇ သန်း)
၅- မာဆယ်လို ဘီယဲလ်ဆာ(တစ်နှစ်လုပ်ခပေါင် ၈ သန်း)
၃= ဘရန်ဒန် ရော့ဒ်ဂျာစ်(တစ်နှစ်လုပ်ခပေါင် ၁၀ သန်း)
၃= အိုလေ ဂန်နာ ဆိုးလ်ရှား(တစ်နှစ်လုပ်ခပေါင် ၁၀ သန်း)
၂- ဂျာဂင် ကလော့ပ်(တစ်နှစ်လုပ်ခပေါင် ၁၅ သန်း)

၁- ပက်ပ် ဂွါဒီယိုလာ(တစ်နှစ်လုပ်ခပေါင် ၂၀ သန်း) တို့ပဲ ဖြစ်ပါတယ်။

စာချုပ်သစ်ချုပ်တဲ့နေ့မှာ ဆိုးလ်ရှားက “ကျွန်တော့်အနေနဲ့ ဒီအသင်းကို ဘယ်လိုခံစားချက်ရှိလဲဆိုတာ အကုန်လုံးသိသလို စာချုပ်သစ်အတွက်လည်း ပျော်ပါတယ်။ ကျွန်တော်တို့က အောင်မြင်မှုဆာလောင်နေတဲ့ လူငယ်တွေနဲ့ ဝါရင့်ကစားသမားတွေကို အချိုးကျပေါင်းစပ်ထားတာ”လို့ အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ကျွန်တော့်မှာ လူတော်တွေစုထားတဲ့ နည်းပြအဖွဲ့ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ နောက်တစ်ဆင့်ကိုတက်ဖို့ အသင့်ပါပဲ။ မန်ချက်စတာယူနိုက်တက်ဆိုတဲ့အသင်းက အကောင်းဆုံးပါဆိုတဲ့ ဖလားတွေအကုန်ယူချင်တဲ့ အသင်းကြီးဆိုတော့ ကျွန်တော်တို့လည်း ဖလားတွေယူချင်တယ်”လို့ ပြောသွားခဲ့ပါတယ်။

နောက်ထပ်လည်း သူက “ကွင်းတွင်း၊ကွင်းပြင်မှာ ကျွန်တော်တို့ တိုးတက်နေပြီး နောက်နှစ်မှာလည်း တိုးတက်လာမယ်။ ရာသီသစ်အတွက် မစောင့်နိုင်တော့ဘူး” လို့ပြောသွားခဲ့ပါသေးတယ်။ လာမယ့်ဘောလုံးရာသီမှာတော့ ဆိုးလ်ရှားအနေနဲ့ ဖလားလက်မဲ့ရက်စွဲတွေထဲကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ဆွဲထုတ်နိုင်မလားဆိုတာကတော့..

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.