Analysis Article La Liga

၂၀၂၁-၂၂ ဘောလုံးရာသီမှာ မက်ဆီနဲ့ တွဲဖက်ကစားလာနိုင်တဲ့ တိုက်စစ်ကစားသမား ၅ ယောက်

လီယွန်နယ် မက်ဆီအနေနဲ့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် လစာတစ်ဝက်ထိ လျှော့ထားပေမယ့် ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ငြိမှာစိုးလို့ အပြင် ဖလိပီ ‌ကော်တင်ညိုအပါအဝင် ကစားသမားအချို့ကို ရောင်းဖို့ စီစဉ်နေပါတယ်။ လာမယ့်ဘောလုံးရာသီမှာ မက်ဆီနဲ့ တွဲဖက်ကစားရမယ့် တိုက်စစ်ကစားသမားတွေကတော့…

၁- အူစမန် ဒမ်ဘီလီ
အူစမန် ဒမ်ဘီလီကတော့ ဘာစီလိုနာအသင်းရဲ့သမိုင်းတစ်လျှောက် ဒုတိယမြောက် ဈေးအကြီးဆုံးပေးခေါ်ခဲ့ရတဲ့ ကစားသမားဖြစ်ပြီး ၂၀၁၇ နွေရာသီအပြောင်းအရွှေ့မှာ ‌တိုက်စစ်မှူး နေမာ ထွက်ခွာသွားတာကြောင့် အစားထိုးဖို့အတွက် ဒေါ့မွန်အသင်းကနေ သူ့ကို ပေါင် ၁၂၁.၅ သန်းနဲ့ ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်သာ ရှိသေးတာဖြစ်လို့ အသင်းမှာ အနာဂတ်ရှိနေနိုင်ပြီး ဘာစီလိုနာအတွက် ၁၁၈ ပွဲမှာ ဂိုး ၃၀ သွင်းယူထားသလို ၂၁ ဂိုးဖန်တီးပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ တက်လာနိုင်တဲ့ ခြေစွမ်းအရ မက်ဆီနဲ့ တွဲဖက်ပြီးကစားဖို့ အကြောင်းဖန်လာနေနိုင်တာပါ။

၂- အန်ဆု ဖာတီ
လာမာစီယာအကယ်ဒမီထွက် ကြယ်ပွင့်တစ်ဦးဖြစ်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ယောက်လည်းဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ၁၀ ပွဲကစားခဲ့ချိန်မှာ ၅ ဂိုးသွင်း ၂ ဂိုးဖန်တီးခဲ့တယ်ဆိုတဲ့ အနေအထားက အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်အနေနဲ့ မှတ်တမ်းကောင်းပါပဲ။

သူ့အနေနဲ့ မနှစ်က ဒဏ်ရာရခဲ့ပြီး ကာလရှည်အနားယူခဲ့ရပေမယ့် လာမယ့်ဘောလုံးရာသီအစမှာ ပြန်ပါဝင်နိုင်သလို ဘာစီလိုနာပရိသတ်အများစုကလည်း သူ့ကို လီယွန်နယ် မက်ဆီ နောက်တစ်ယောက်ဆိုတဲ့အထိ မျှော်လင့်‌နေတာပါ။ ရော်နယ်လ်ဒင်ညိုက မက်ဆီကို တွဲခေါ်ခဲ့သလို အာဂျင်တိုင်းသားကြီးက ဖာတီကို တွဲခေါ်လာနိုင်ပါတယ်။

၃- မမ်းဖစ္စ ဒီပိုင်း
ဘာစီလိုနာနည်းပြ ရော်နယ်လ် ကိုးမန်းရဲ့ စိတ်ကြိုက်ကစားသမားဖြစ်တဲ့ မမ်းဖစ္စ ဒီပိုင်းက ဘယ်တောင်ပံနဲ့ အထောင်တိုက်စစ်မှူးနေရာတွေ ကစားနိုင်ပြီး နေမာလို အလိမ်အခေါက်နဲ့ အလှပြကွက်တွေလည်း ရံဖန်ရံခါ ပြုလုပ်တတ်သူလည်းဖြစ်သလို အကွက်မြင်တတ်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

လီယွန်အသင်းမှာ ၁၇၈ ပွဲကစား၊ ၇၆ ဂိုးသွင်း၊ ၅၆ ဂိုးဖန်တီးပေးတယ်ဆိုတဲ့အချက်အလက်က မက်ဆီသဘောကျလောက်တဲ့အချက်ဖြစ်ပြီး ‌MSN ခေတ်တုန်းက နေမာနဲ့ အတွဲမိခဲ့သလို ဒတ်ခ်ျ တိုက်စစ်ကစားသမားနဲ့ နူးကမ့်မှာရော အတွဲညီနိုင်ဦးမလားဆိုတာကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

၄- အွန်ထွာ ဂရီးဇ်မန်း
အွန်ထွာ ဂရီးဇ်မန်းကတော့ အသင်းဟောင်းကိုပြောင်းဖို့ အသံထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ခဲ့ပါတယ်။ လီယွန်နယ် မက်ဆီနဲ့ မမ်းဖစ္စ ဒီပိုင်းလိုတိုက်စစ်မှူးတွေကြောင့် အသင်းမှာနေဖို့ ပြန်စိတ်ဝင်စားလာနိုင်ပြီး လက်ရှိမှာ အသင်းပြောင်းဖို့ အသံထွက်နေပေမယ့် စိတ်ကူးပြောင်းလာနိုင်ပါတယ်။

နံပါတ် ၉ နေရာကို ကစားချင်တဲ့ ပြင်သစ်သားကတော့ တောင်ပံကနေလည်း ကစားတတ်သလို ဒီပိုင်းနဲ့ သူနဲ့ တောင်ပံတစ်ဖက်တစ်ချက်မှာကစားပြီး မက်ဆီကို ထောက်ပံ့ပေးနိုင်တဲ့ ကစားသမားမျိုးလည်းဖြစ်လို့ သူ့ကို အသင်းက လိုအပ်နေဆဲဖြစ်ချိန်မှာ အာဂျင်တိုင်းသားကြီးနဲ့ တွဲလုံးတွေနဲ့အတူ ခြေစွမ်းပြမလားဆိုတာကတော့…

၅- ဆာဂျီယို အဂွေရို
မန်ချက်စတာမြေမှာ ၁၀ နှစ်လောက် တောက်ပပြီးချိန်မှာတော့ နိုင်ငံလက်ရွေးစင်အသင်းဖော် မက်ဆီနဲ့ တွဲကစားဖို့ ဆာဂျီယို အဂွေရိုက ဘာစီလိုနာကို ရောက်ရှိလာခဲ့ပြီး ငယ်ဘဝအသင်းဟောင်း အသလက်တီကိုမက်ဒရစ်ကိုလည်း ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့တာပါ။

အာဂျင်တီးနားလက်ရွေးစင်အသင်းမှာလည်း တွဲဖက်ကစားဖူးတဲ့အပြင် ပုဂ္ဂိုလ်ရေးအရလည်း မက်ဆီနဲ့ခင်မင်တာကြောင့် အသားကျဖို့ လွယ်ကူနိုင်ပြီး ဘယ်လွန်ဒေါဆု ၆ ဆုပိုင်ရှင်ရဲ့ ဂိုးသွင်းရမယ့်တာဝန်တွေကို ပခုံးထမ်းပြီး ခွဲဝေယူနိုင်မလားဆိုတာကတော့…