La Liga Premier League Transfer News

၃ ပွင့်ဆိုင်ကျေနပ်ရတဲ့ အပြောင်းအရွှေ့ဖြစ်လာအောင် ဗာရွန်း​ကို ယူနိုက်တက်တို့ ဘယ်လိုစည်းရုံးခဲ့လဲ?

စပိန်နဲ့ အင်္ဂလန်ကလာတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှုး ရာဖေးလ် ဗာရွန်းကို ခေါ်ယူဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရပြီး မကြာမီမှာပဲ အိုးထရက်ဖို့ဒ်အပြောင်းအရွှေ့ကို ရက်ပိုင်းအတွင်း အပြီးသတ်နိုင်တော့မယ်လို့ အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

စပိန်သတင်းစာ Mundo Deportivo ရဲ့ ဖော်ပြမှုမှာ ပြင်သစ်သားအနေနဲ့ ဘာနေဗျုးကို စွန့်ခွာဖို့ တစထက်တစနီးကပ်လာပြီး ကျိန်းသေပေါက်အသင်းပြောင်းမှာဖြစ်ပြီး အသင်းနှစ်သင်းကြား ညှိနှိုင်းမှုအဆင့်ဟာ ​နေ့စဥ်တိုးတက်မှုတွေ ဖြစ်ပေါ်လာနေသလို ပရီးမီးယားလိဂ်မှာ စိန်ခေါ်မှုအသစ်ကို ရှာဖွေလိုနေတဲ့ ဗာရွန်းရဲ့ ဆန္ဒပြည့်ဝလာဖွယ် ရှိနေကြောင်း သိရပါတယ်။

အသက် ၂၈ နှစ်သားအနေနဲ့ ၁၀ နှစ်ကြာ လက်တွဲလာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို အထာထားပြီး အသင်းကနေ ထွက်ခွာလိုကြောင်း လူသိရှင်ကြား ထွက်မကြေငြာရုံကလွဲရင် ယူနိုက်တက်ဘက်က တရားဝင်ကစားသမားအဖြစ် အတည်ပြုမှုအတွက် လက်မှတ်ရေးထိုးဖို့သာ အချိန်အခါကောင်းကို စိတ်အေးလက်အေး စောင့်မျှော်နေတာဖြစ်ပါတယ်။

ရီးရဲလ်အသင်းဟာ ဗာရွန်းအတွက် တပတ် ပေါင် ၁၁၅၀၀၀ သာ လစာပေးချေနေရတာဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ သူ့အတွက် တပတ်ပေါင် ၂ သိန်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်က ခေါ်ယူခဲ့တဲ့ ဒေးဗစ် အလာဘာရဲ့ လစာအတိုင်း ထပ်တူပေးချေခဲ့ခြင်းလည်း ဖြစ်သလို ဗာရွန်းရဲ့လက်မှတ်အတွက် ယူနိုက်တက်ဘုတ်အဖွဲ့က တာဝန်ကျေခဲ့ခြင်းလည်းဖြစ်လို့ ကစားသမားဘက်က သဘောကျနေကြောင်း သိရတာပါ။

နောက်ဆုံးရသတင်းမှာတော့ ယူနိုက်တက်တို့ဟာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၅၀ နဲ့ ကနဦးကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်ဘက်က တောင်းဆိုမှုနဲ့ မလုံလောက်ခဲ့ဘူးလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းရွှေ့ကြေးညှိနှိုင်းမှုဟာ နောက်ဆုံးအဆင့်မှာတော့ အခြေအနေကောင်းသွားခဲ့တယ်လို့ သိရှိရပြီး ဗာရွန်းဟာ နည်းပြဆိုးလ်ရှားအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း တပါတည်းသိရတာပါ။

PSG တိုက်စစ်မှူး ခီလီလျန် အမ်ဘာပေကို ခေါ်ယူသွားဖို့ ငွေဖော်နေတဲ့ ရီးရဲလ်ဟာ ဗာရွန်းကို မဖြစ်မနေ ရောင်းချသွားမှာကတော့ ရှောင်လွှဲမရတဲ့အနေအထားဖြစ်တာကြောင့် ဗာရွန်းရဲ့ အပြောင်းအရွှေ့ဟာ နောက်ဆုံးရက်ရောက်မှ ညှိနှိုင်းမှုပျက်ပြယ်သွားမလားဆိုတဲ့ စိုးရိမ်မှုတွေလည်း မလိုအပ်ဘဲ ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်အေးစရာ အနေအထားလို့လည်း တွေ့ရှိရပါတယ်။

ယူနိုက်တက်ကစားသမားသစ်ဖြစ်လာဖို့ လက်တကမ်းအလိုကို ရောက်ရှိနေတဲ့ အနေအထားမှာ MEN သတင်းကလည်း ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်သားအတွက် ပြောင်းရွှေ့ကြေးဟာ ပြဿနာတရပ်မဟုတ်ဘဲ စျေးကိုင်ထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ သဘောထားကလည်း ပျော့ပျောင်းလာခဲ့ကြောင်း ရေးသားခဲ့သလို ဇူလိုင်လမကုန်ခင်မှာ ယူနိုက်တက်အနေနဲ့ ဗာရွန်းရဲ့ အပြောင်းအရွှေ့ကို အပြီးအစီးဆောင်ရွက်နိုင်ပြီး ယူနိုက်တက်ကစားသမားသစ်အဖြစ် တရားဝင်ကြေငြာမယ်လို့ အတည်ပြုသွားခဲ့ကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.