Premier League

“ကမ္ဘာ့အကောင်းဆုံးကစားသမားအတွက် ကျွန်တော့်အသင်းမှာ နေရာတစ်ခု အမြဲရှိတယ်”

တစ်ချိန်က ရီးရဲလ်မက်ဒရစ်ရဲ့ ကောင်းသလောက်ကြမ်းပေ့ဆိုတဲ့ နောက်ခံလူထဲမှာပါတဲ့ စပိန်ကစားသမား ဆာဂျီယို ရာမို့စ်ကတော့ ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ် မက်ဆီနဲ့ အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်ဖူးသူဖြစ်ပြီး မကြာသေးမီကမှ အတွေ့အကြုံအသစ်ရှာဖို့ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တာပါ။

ရာမို့စ်က ရီးရဲလ်မက်ဒရစ်အသင်းအပေါ်ကို အတော်ချစ်တဲ့လူဖြစ်ခဲ့ပေမယ့် ၁၆ နှစ်အကြာ ကစားပေးခဲ့အပြီးမှာတော့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပရိသတ်အများစု ထင်မှတ်မထားခဲ့တဲ့ အရာတစ်ခုကို ဝန်ခံသွားခဲ့တာပါ။ သူက “လီယွန်နယ် မက်ဆီအတွက် ငါ့အသင်းမှာ နေရာတစ်ခု အမြဲတမ်းရှိနေတယ်”လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးရာသီပေါင်းများစွာ အာဂျင်တီးနားတိုက်စစ်မှူးကြီးနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး သူ့တာဝန်သူကျေပွန်အောင် ခံစစ်မှာ အသင်းခေါင်းဆောင်လက်ပတ်နဲ့ အမြဲတမ်း ခပ်ကြမ်းကြမ်းကစားခဲ့တဲ့ စပိန်သားကြီးက သူ့ရဲ့ ပြိုင်ဘက်ဟောင်းကြီး မက်ဆီရဲ့ အရည်အသွေးကို အသိအမှတ်ပြုခဲ့တာပါ။

ရာမို့စ်ကတော့ ပြင်သစ်မြေမှာ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့ပြီးမကြာမီမှာပဲ မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာချိန်မှာ ဘယ်လွန်ဒေါဆု ၆ ကြိမ်ရရှိထားတဲ့ ပါရမီရှင်ရဲ့ ပရိသတ်တစ်ဦးဖြစ်ကြောင်းကိုလည်း ဝန်ခံသွားခဲ့တာပါ။

TNT Sports နဲ့တွေ့ဆုံချိန်မှာ စပိန်သားကြီးက “ကျွန်တော်က အကောင်းဆုံးဆိုတဲ့ ကစားသမားတွေနဲ့ အတူတွဲဆော့ချင်တယ်။ ပြီးတော့ မက်ဆီနဲ့ပေါ့။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နေပြီးသားလေ။ ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပဲ။ မက်ဆီအတွက် ကျွန်တော့်အသင်းမှာ နေရာတစ်ခု အမြဲရှိတယ်”လို့ ပြောသွားခဲ့ပါတယ်။

နောက်တစ်ယောက်အနေနဲ့တော့ ရာမို့စ်က သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့စဉ်က ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ်ကစားသမား နေမာကို ရွေးချယ်ခဲ့ပါတယ်။ ဘရာဇီးလ်သားနဲ့ကတော့ လက်ရှိ ပီအက်စ်ဂျီအသင်းဖော်ဖြစ်နေပါပြီ။

နေမာကတော့ လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေပြီး စပိန်သားကြီးကတော့ သူနဲ့ တောင်အမေရိက ပါရမီရှင် တောင်ပံတိုက်စစ်မှူးနဲ့ အရင်ကတည်းက ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ကြောင်းကိုလည်း ထပ်လောင်းပြောသွားခဲ့ပါသေးတယ်။

ဆက်လက်ပြီး သူက “နေမာက ဘာစီလိုနာအသင်းကို ကိုယ်စားပြုခဲ့ပြီး ကျွန်တော်က ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဖြစ်ခဲ့တုန်းကတည်းက ကျွန်တော်က သူနဲ့ အလွန်ကောင်းတဲ့ ဆက်ဆံရေးရှိခဲ့တာ။ ပြိုင်ဘက်တွေအဖြစ် နှစ်နည်းနည်းလောက် ရင်ဆိုင်ရပြီးတော့ သူက ပီအက်စ်ဂျီကို ပြောင်းသွားခဲ့တယ်”

“ပြောင်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်ကို ပီအက်စ်ဂျီမှာ လာကစားဖို့ သူက စာတွေပို့ထားတတ်တယ်။ တကယ့် ထိပ်တန်းကြယ်ပွင့်ကစားသမားတွေက သူတို့နဲ့ တစ်သင်းတည်းကစားဖို့ ဖိတ်ခေါ်တာခံရတဲ့အချိန်က အမြဲတမ်း စိတ်ကျေနပ်ပြီး ကောင်းမွန်တဲ့ ခံစားချက်တွေပဲ ရစေတယ်လေ”လို့ ပြောသွားခဲ့ပါတယ်။

တစ်ချိန်က စပိန်သားသတ်သမားလို့ တင်စားခဲ့ရတဲ့အထိ ကြမ်းကြမ်းရမ်းရမ်းနဲ့ ခေါင်းတိုက်ဂိုးတွေ မကြာခဏ သွင်းတတ်တဲ့ ဆာဂျီယို ရာမို့စ်ကတော့ မက်ဆီနဲ့ တစ်သင်းတည်းကစားချင်တဲ့ သူ့ဆန္ဒ ပြည့်ဝမလားဆိုတာကတော့…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.