Analysis International Match Report

ကိုပါအမေရိကအတွက် အကောင်းဆုံးဆုတွေကို ဘယ်သူတွေ ရရှိသွားခဲ့လဲ

ကိုပါအမေရိက ၂၀၂၁ ပြိုင်ပွဲကတော့ ဒီနေ့နံနက်မှာ အာဂျင်တီးနားအသင်းရဲ့ သမိုင်းဝင်အောင်ပွဲနဲ့အတူ မာရာကာနာ အားကစားကွင်းကြီးမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လီယွန်နယ် မက်ဆီရဲ့နဲ့ သူ့အသင်းသားတွေရဲ့ အပျော်၊ နေမာရဲ့ မျက်ရည်ကြားထဲက မုဒိတာနဲ့ ပီတိတွေနဲ့ မှတ်မှတ်ထင်ထင် ပြည်ဖုံးကားချနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပြိုင်ပွဲတွေက ခြေစွမ်းတွေနဲ့ ကစားသမားကောင်းတွေ ပါဝင်မှု ကွာလတီကို မမီခဲ့ပေမယ့် ပြိုင်ဆိုင်မှု၊ ရုန်းအားနဲ့ စိတ်ဓာတ်ပိုင်းတွေ ကတော့ မနိမ့်ပါးခဲ့တဲ့ ဘရာဇီးလ်မြေက ၄၇ ကြိမ်မြောက် ပြိုင်ပွဲဟာ “တစ်တိုက်လုံးကို တုန်လှုပ်စေမယ်”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ယူရိုပြိုင်ပွဲတွေလောက် လူစိတ်ဝင်စားခြင်း မခံရပေမယ့် ရင်ခုန်စရာတော့ ကောင်းခဲ့တာပါပဲ။

ပြိုင်ပွဲပြီးဆုံးသွားခဲ့ချိန်မှာ ခြေစွမ်းပြကစားနိုင်ခဲ့သူတွေအတွက် အကောင်းဆုံးဆု သတ်မှတ်ချက်တွေနဲ့ ကြေငြာချီးမြှင့်မှုတွေ ထွက်ပေါ်လာခဲ့ပြီး ဆုတစ်ဆုကတော့ အားလုံးထင်မှတ်မထားလောက်အောင်ကို နောက်ဆုံးအချိန်မှာ အာဂျင်တီးနားကပ္ပတိန် မက်ဆီ,ဆီကနေ မိုက်ကြေးခွဲသွားသူလည်း ရှိနေခဲ့ပါတယ်။

၁။ အကောင်းဆုံးကစားသမားဆု – လီယွန်နယ် မက်ဆီ
လီယွန်နယ် မက်ဆီဟာ ဗိုလ်လုပွဲနဲ့ ဆီမီးဖိုင်နယ်အဆင့်တွေမှာ ပွဲပန်းဒဏ်ကို အနည်းငယ်ခံခဲ့ရတာကလွဲလို့ ထူးချွန်ထက်မြက်ဆဲ ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး သွင်းဂိုး ၄ ဂိုး၊ ဖန်တီးမှု ၅ ကြိမ်နဲ့ အကောင်းဆုံးကစားသမားဆု ၄ ကြိမ်ကို ပိုင်ဆိုင်နိုင်ခဲ့သလို ကိုလံဘီယာနဲ့ပွဲမှာ သွေးစိမ်းရှင်ရှင်ထွက်ခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာနဲ့ပါ ဖိုင်နယ်မှာ ပါဝင်ကစားခဲ့ပြီး ဘရာဇီးလ်ကို အနိုင်ဗိုလ်စွဲပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးဆုကို ရရှိခဲ့တာပါ။

၂။ ဂိုးသွင်းဘုရင်ဆု – လီယွန်နယ် မက်ဆီ၊ လူးဝစ် ဒီယက်ဇ် (၄ ဂိုးစီ)
ကိုပါအမေရိကပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဟာ မက်ဆီပဲဖြစ်လိမ့်မယ်ကို အားလုံးက ထင်မြင်ခဲ့ကြပေမယ့် မနေ့က ကစားခဲ့တဲ့ ကိုလံဘီယာနဲ့ ပီရူးတို့ရဲ့ တတိယနေရာလုပွဲမှာ ပေါ်တိုတိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်က မိုက်ကြေးခွဲသွားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်အထိ မက်ဆီနဲ့ အရေအတွက်တူ ၇ ပွဲ ကစားခဲ့ရတဲ့ ကိုလံဘီယာကြယ်ပွင့်သစ်ဟာ ပီရူးကို ၂ ဂိုးသွင်းပြီး မက်ဆီရဲ့ ၄ ဂိုးနဲ့ တူညီသွားခဲ့တာဖြစ်ပေမယ့် အကောင်းဆုံးဆုကိုတော့ လုယူဖို့ မတတ်နိုင်ခဲ့တာပါ။

၃။ အကောင်းဆုံး ဂိုးသမားဆု – အီမီလီယာနို မာတီနက်ဇ်
အာဂျင်တီးနားတို့ အုပ်စုကနေ တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာလေလေ အီမီလီယာနို မာတီနက်ဇ်က လက်စွမ်းပြလေလေဖြစ်လာခဲ့သလို အာဆင်နယ်ပရိသတ်တွေအတွက် သက်ပြင်းချရမှု ကြီးမားလေလေဖြစ်လာခဲ့တာပါ။ ကိုလံဘီယာနဲ့ပွဲမှာ ပင်နယ်တီအဆုံးအဖြတ် သုံးလုံးကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့သလို ဘရာဇီးလ်နဲ့ပွဲမှာလည်း ချေပဂိုးမပေးရအောင် ပိတ်ဆို့နိုင်ခဲ့ပြီး ရစ်ချာလစ်ဆန်ရဲ့ အပိုင်အခွင့်အရေးကို ပယ်ချသွားခဲ့တာဖြစ်လို့ ပွဲစဉ်တလျှောက် အကောင်းဆုံးဂိုးသမားဆုနဲ့ ထိုက်တန်သွားခဲ့တာပါ။

၄။ အသန့်ရှင်းဆုံးဆု – ဘရာဇီးလ်အသင်း
ဘရာဇီးလ်အသင်းဟာ မာရာကာနာဖိုင်နယ်အထိ သွားရာလမ်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ် ၇ ပွဲမှာ တစ်သင်းလုံးအနေနဲ့ အဝါကတ် ၁၂ ကတ်နဲ့ အနီကတ် ၁ ကတ်သာ ထိခဲ့ပြီး အာဂျင်တီးနားကတော့ အဝါ ၁၈ ကတ် ထိခဲ့တာဖြစ်ပါတယ်။ ဂါဘရီယယ်လ် ဂျေဆူးစ်ရဲ့ အနီကတ်က လူပြောများခဲ့ပေမယ့် သူတို့တစ်သင်းလုံး ရရှိခဲ့တဲ့ ပမာဏက ကျန်အသင်းအားလုံးထက် လျော့နည်းခဲ့လို့ အသန့်ရှင်းဆုံးဖြစ်ခဲ့ပြီး ဒီဆုကို အသင်းခေါင်းဆောင် သီယာဂို ဆေးလ်ဗားက လက်ခံရယူသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.