International Match Report

ရှုံးထွက်အဆင့်တွေမှာ ပိုကောင်းလာခဲ့သလို ချန်ပီယံခြေစွမ်းနဲ့ ဆီမီးတက်တဲ့ အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ ၄-၃-၃ ပုံစံကို လူစုံထုတ်ပြီး ခင်းကျင်းခဲ့တဲ့အပြင် အပြောင်းအရွှေ့ကိစ္စမှာ ဂဏန်းငြိမ်သွားတဲ့ ဆန်ချိုကို ဒဏ်ရာရနေတဲ့ ဆာကာနေရာမှာ ပထမဆုံးအကြိမ် လိုင်းနပ်ထဲ ပြန်ထည့်ခဲ့ပြီး စတာလင်၊ ဟာရီကိန်းတို့နဲ့ မော်ရင်ညိုရဲ့ အကြံဉာဏ်ကို ပယ်ချပြီး လူစုံထုတ်ခဲ့သလို ရောမမြေမှာလည်း အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့ကြပါတယ်။

ရှက်ဗ်ချန်ကိုရဲ့ ယူကရိန်းကတော့ ဝါရင့်ကွင်းလယ်လူ စတီပါနင်ကိုနဲ့ ဘရာဇီးလ်သားတွေကို ချန်လှပ်ထားခဲ့ပြီး မက်ဗီယင်ကို၊ မီကိုလန်ကို၊ ဇင်ချန်ကို၊ အသင်းခေါင်းဆောင် ယာမိုလန်ကို၊ ယီရမ်ချုခ်နဲ့ လူငယ်နောက်ခံလူ ဇာဘာညီတို့ကို အသုံးပြုလာခဲ့ပြီး ကွာတားဖိုင်နယ်ကို ပြင်ဆင်ခဲ့ပေမယ့် တစ်ဖက်က အင်္ဂလန်ကို ယှဉ်ဖို့တော့ ခက်ခဲခဲ့တာပါ။

ပွဲအစ ၄ မိနစ်မှာပဲ အင်္ဂလန်တို့ စောစောစီးစီး ဂိုးရသွားခဲ့ပြီး ဘယ်တောင်ပံကနေ ကွင်းလယ်ကို ပြန်ဝင်လာတဲ့ စတာလင်က ထိုးပေးတာကို တိုက်စစ်မှူး ဟာရီကိန်းက ယူကရိန်းနောက်ခံလူ သုံးယောက်ကြားက ခွာထွက်ပြီး ဂိုးသမား ဘွတ်ရှ်ချန်နဲ့ တစ်ယောက်ချင်းအတွေ့မှာ ခြေခုံနဲ့ထိုးပြီး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ ဝေါ်လ်ကာ လူပေးမှာရာကနေ ယီရမ်ချုခ် ဘောလုံးပြန်ရသွားပြီး ဘယ်ခြမ်းကနေ ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ပစ်ခ်ဖို့ဒ် ကာကွယ်သွားနိုင်ခဲ့သလို ပွဲချိန် ၂၈ မိနစ်မှာ ဟာရီကိန်းရဲ့ အလွတ်ခေါင်းတိုက်ချက် လွဲချော်ခဲ့ပြီး ဒက်ကလန် ရိုက်စ်ရဲ့ ၃၂ မိနစ် ကန်ချက်ကိုလည်း ယူကရိန်း ဂိုးသမား လက်စွမ်းပြ ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာတော့ ယူကရိန်းတို့ကလည်း နောက်ခံလူ ခရစ္စတော့ဗ်နေရာမှာ တောင်ပံကစားသမား ဆီဂန်ကော့ဗ်ကို ပွဲချိန် ၃၆ မိနစ်မှာ ထည့်သွင်းပြီး အပြန်အလှန် ထိုးဖောက်နေခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေခဲ့လို့ အင်္ဂလန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အင်္ဂလန်တို့ပဲ စစချင်း မိနစ်မှာ နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ကွင်းလယ်ဘယ်ခြမ်းဟာ ဟာရီကိန်းကြောင့်ရတဲ့ ဖရီးကစ်ကို လုခ်ရှော ကန်တင်ပေးရာကနေ သူ့ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဖော် နောက်ခံလူ မက်ဂွိုင်းယားက တစ်ဖက် နောက်တန်းတွေကြားက ပြေးထွက်ပြီး အနီးကပ် ခေါင်းတိုက်ရယူပေးသွားခဲ့တာပါ။

နှစ်ဂိုးရအပြီးမှာတော့ အင်္ဂလန်တို့ စင်ပေါ်က ဆင်ဖြစ်သွားခဲ့ပြီး ယူကရိန်းဘက်ကို ဖိကစားထားနိုင်ခဲ့သလို ပွဲချိန် မိနစ် ၅၀ မှာတော့ ပြန်လည် တိုက်စစ်ဆင်လာရင်း စတာလင်ပေးတဲ့ ဘောလုံးကို လုခ်ရှောက ဘယ်ခြမ်းကနေ အသာအယာ မတင်ပေးခဲ့တာကို ဟာရီကိန်းက ဇာဘာညီနဲ့ မီကိုလန်ကိုတို့ကြားက အနီးကပ် ခေါင်းတိုက် သွင်းယူနိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ဝါရင့်ကစားသမား ဟန်ဒါဆန်နဲ့ လူစားလဲခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာ ဟာရီကိန်းရဲ့ ဟက်ထရစ် ရနိုင်တဲ့ Volley ကန်ချက်ကို ဘွတ်ရှ်ချန် ကာကွယ်သွားနိုင်ခဲ့ပေမယ့် နောက်တစ်မိနစ်အကြာမှာတော့ မေဆန်မောင့်ရဲ့ ထောင့်ကန်ဘောကို ဟန်ဒါဆန်က ကွင်းထဲရောက်ပြီး ၆ မိနစ်မှာပဲ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အမြင့်ဘောတွေကို ခုခံကာကွယ်ရာမှာ ဆိုးရွားလွန်းတဲ့ ယူကရိန်းတို့ ပြတ်သားလွန်းသွားတဲ့ ကွာခြားချက်ကနေ ပြန်မလာနိုင်တော့ဘဲ ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ ရှင်းထုတ်မှု အမှားတစ်ကြိမ်ကိုလည်း အသုံးမချနိုင်သလို မာကာရန်ကိုရဲ့ ကန်ချက်ကိုလည်း ပုတ်ထုတ်ခံခဲ့ရတာကြောင့် နှစ်သိမ့်ဂိုးတောင် ပြန်မရခဲ့ဘဲ ပွဲပြီးသွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အင်္ဂလန်တို့ကတော့ ရောမမြေကို ပျော်ပွဲစားထွက်ပြီး ယူကရိန်းစားသောက်ဆိုင်မှာ အေးအေးဆေးဆေး အပန်းဖြေနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာဖြစ်သလို ရှုံးထွက်ပွဲစဉ်တွေကစပြီး ပိုကောင်းလာတဲ့ ခြေစွမ်းနဲ့အတူ လေးဂိုး-ဂိုးမရှိရလဒ်နဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး နောက်တစ်ဆင့် ဆီမီးဖိုင်နယ်မှာတော့ ဒိန်းမတ်အသင်းကို ဝင်ဘလီမှာ လက်ခံကစားရမှာဖြစ်လို့ Three Lions တွေအနေနဲ့ ယူရိုချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ဖို့ ပိုမိုနီးစပ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.