Premier League

ဆုဖလားတွေအရယူဖို့ စပိန်မြေက အကောင်းဆုံးခံစစ်မှူးကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် အင်အားကြီးကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆုဖလားအောင်မြင်မှုတွေကို အရယူဖို့ လူအင်အားဖြည့်တင်းမှုတွေပြုလုပ်သွားရန် စီစဉ်နေပြီး ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရပြီးနောက် ပြောင်းရွှေ့ကြေးအတွက် ဒေါ့မွန်အသင်းလိုချင်သော ပမာဏနှင့် မဝေးကွာလှသော ကမ်းလှမ်းချက်တွေကြောင့် ရောက်ရှိလာရန် အနီးစပ်ဆုံးအနေအထားဖြစ်လာနေပြီပဲဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အသင်းရဲ့ ခံစစ်ပိုင်းကို အားဖြည့်ရန်စီစဉ်လာပြီး မက်ဂွိုင်းယားနဲ့တွဲဖက်ဖို့ ကမ္ဘာ့အဆင့် နောက်ခံလူ ရှာပုံတော်ဖွင့်လာသည်မှာလည်း အချိန်အနည်းငယ် ကြာနေခဲ့ပြီဖြစ်ပြီးကမ္ဘာ့အဆင့်နောက်ခံလူတစ်ဦးကို ခေါ်ယူနိုင်ရန် အခြေ‌အနေကောင်းနေပြီပဲဖြစ်ပါတယ်။

မန်ယူအသင်းနဲ့ အရင်အပြောင်းအရွှေ့ရာသီတွေကတည်းက အသံထွက်နေခဲ့တဲ့ မက်ဒရစ်နောက်ခံလူ ဗာရွန်းဟာ အခုအခါမှာတော့ အဆိုပါ ပရီးမီးယားလိဂ်အသင်းသို့ ပြောင်းရွှေ့လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဆိုးလ်ရှားအနေနဲ့လည်း ပရီးမီးယားလိဂ်ဖလားကို အရယူလိုစိတ်ကြောင့် အဆိုပါ ကမ္ဘာ့အဆင့်နောက်ခံလူကိုခေါ်ယူပြီး အသင်းခံစစ်ပိုင်းကို အားဖြည့်လိုလျက်ရှိနေတာလည်းဖြစ်ပါတယ်။

ကာလိုအန်ချလော့တီ ရောက်လာပြီးနောက်ပိုင်း အသင်းကို ပြန်လည်တည်ဆောက်ဖို့ ရောင်းချမယ့်ကစားသမားစာရင်းမှာ ထိပ်ဆုံးက ရှိနေတဲ့ ဗာရွန်းဟာ အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်လျက်ရှိနေပြီး မန်ယူအသင်းထံပြောင်းရွှေ့ကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားလိုလျက်ရှိနေတယ်လို့ The Independent မှ ဖော်ပြထားပါတယ်။

စာချုပ်သက်တမ်း ၁၂ လသာ ကျန်တော့တဲ့ အဆိုပါနောက်ခံလူအတွက် ရီးယဲလ်မက်ဒရစ်အနေနဲ့ ပေါင် ၅၁.၅ သန်းခန့် အလိုရှိနေပြီး မန်ယူအနေနဲ့ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီး လစာညှိနှိုင်းဖို့သာ ကျန်တော့တယ်လို့လည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်‌ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပြီး ခံစစ်ပိုင်း ပြုပြင်လိုတဲ့ ယူနိုက်တက်အသင်းနဲ့ ပရိသတ်တွေအတွက်တော့ အပေါင်းလက္ခဏာဆောင်တဲ့ သတင်းလည်းဖြစ်ပါတယ်။

ဗာရွန်းအနေနဲ့ ယူနိုက်တက်မှာ တစ်ပတ် ပေါင်လေးသိန်း ရယူလိုနေပြီး အသင်းရဲ့လက်ရှိလစာအများဆုံးကစားသမားဖြစ်တဲ့ ဒဟေးယားရ‌နေတာထက်ပိုများတဲ့ ပမာဏဖြစ်ကာ အသင်းမှာ လစာအများဆုံးကစားသမားဖြစ်လာဖို့ ရှိနေတာပါ။ အဆိုပါ နောက်ခံလူအနေနဲ့ ယူနိုက်တက်ကို အသုံးချပြီး မက်ဒရစ်မှာ လစာပိုယူချင်နေတာလည်းဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုသူများလည်း ရှိနေပြီး သူ့အနေနဲ့ အသင်းက မထွက်ချင်ဘူးလို့ ယူဆနေကြသူတွေလည်း ရှိနေတာပါ။

အခုလိုဖြစ်တာလည်း ပထမဆုံးမဟုတ်တဲ့အ‌တွက် ဝေဖန်လာတာဖြစ်ပြီး ဗာရွန်းအနေနဲ့ လစာပိုရတဲ့အသင်းကို ပြောင်းရွှေ့သွားနိုင်ခြေလည်း များနေတာပါ။ ရီးယဲလ်မက်ဒရစ်ပရိသတ်တွေကတော့ အဆိုပါအပြောင်းအရွှေ့ဖြစ်လာမယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။ သရဲနီတို့အနေနဲ့ မက်ဒရစ်နောက်ခံလူကို စောင့်ကြည့်လာခဲ့တာ ကာလကြာရှည်ခဲ့ပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဖာဒီနန်ရဲ့ နေရာကို အစားထိုးဖို့ အဆိုပါ ပြင်သစ်သားအနေနဲ့ လန်းစ်မှာ ကစားခဲ့ချိန်မှာ အသင်းရဲ့ ဂန္ဓဝင်နည်းပြကြီး ဖာဂူဆန်ကိုယ်တိုင် စောင့်ကြည့်ခဲ့တာပါ။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပေးဂိုး ၄၄ ဂိုး ခွင့်ပြုပေးခဲ့ရပြီး တစ်ရာသီလုံးနီးပါး ဗန်ဒိုက်အပါအဝင် အဓိကနောက်ခံအတွင်းလူတွေ မပါဝင်ခဲ့တဲ့ လီဗာပူးခံစစ်ထက်တောင် ၂ ဂိုးပိုပေးခဲ့ရတဲ့ မန်ယူခံစစ်ကြောင်းဟာ ပြုပြင်ဖို့ အမှန်တကယ်လိုအပ်နေခဲ့တာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို အရယူချင်ရင် ဆိုးလ်ရှားအနေနဲ့ ခံစစ်ပိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်မယ့် နောက်ခံအတွင်းလူ ခေါ်မှရမယ့် အနေအထားဖြစ်ပြီး ခံစစ်ကြောင်းကို ဩဇာညောင်းမယ့် ကမ္ဘာ့အဆင့်နောက်ခံလူကို လိုအပ်နေကာ မက်ဂွိုင်းယားထက် ပိုပြီးကောင်းမယ့် ဦးဆောင်မှုမျိုးနဲ့ ခံစစ်ကို ထိန်းကျောင်းပေးနိုင်တဲ့လူမျိုးက ဗာရွန်းဖြစ်ပြီး မန်ယူအသင်းအနေနဲ့ ဗာရွန်း – မက်ဂွိုင်းယား ခံစစ်အတွဲနဲ့ တစ်ချိန်က ‌ဖာဒီနန် – ဗီဒစ် အတွဲလို အောင်မြင်မှုတွေ ပြန်လည်ရယူနိုင်မလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြပါစို့လားဗျာ…

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.