Analysis Bundesliga La Liga Premier League Serie A

လက်ရှိကမ္ဘာ့အကောင်းဆုံး အဆုံးသတ်သမား ၅ ဦးမှာ CR7 နဲ့ မက်ဆီတို့ ဘယ်မှာရှိနေလဲ

ကမ္ဘာ့အကောင်းဆုံး အဆုံးသတ်သမားဆိုတဲ့ တိုက်စစ်မှူးတွေရဲ့ ဂုဏ်ပုဒ်တစ်ခုက လွယ်လွယ်နဲ့တော့ ဖန်ဆင်းလို့ရနိုင်တာ မဟုတ်ဘဲ အနည်းဆုံးအနေနဲ့ ထိပ်တန်းအဆင့်မှာ ၂ ရာသီလောက် ဆက်တိုက်ကို တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသနိုင်မှ ဖြစ်တာပါ။ အကောင်းဆုံး ၅ ဦးလို့ ရွေးထုတ်လိုက်ပေမယ့် တကယ်တမ်းမှာ သူတို့ချင်း ကွာဟချက်က နည်းပါးသလို နှာတစ်ဖျား ဓာတ်ပုံအဆုံးအဖြတ်ယူရတဲ့ တာတိုပြေးပွဲလိုပဲ ဖြစ်ခဲ့ပါတယ်။

၅။ ဟာရီကိန်း (အင်္ဂလန်/တော့တင်ဟမ်ဟော့စပါးစ်)
အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သလို စပါးစ်အသင်းမှာလည်း အရေးပါတဲ့ လက်ထောက်အသင်းခေါင်းဆောင်ဖြစ်နေတဲ့ ဟာရီကိန်းဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းရဲ့ ဝန်ထုပ်ဝန်ပိုးတော်တော်များများကို တစ်ဦးတည်း ထမ်းပိုးခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်နဲ့ ပလေးမိတ်ကာ ဆုတွေကို ရယူနိုင်ခဲ့တာပါ။

တစ်ရာသီလုံးမှာ ၄၉ ပွဲကစားပြီး ၃၃ ဂိုး ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာ ဘယ်ကစမ်းစမ်း ညာကစမ်းစမ်း အစမ်းသပ်ခံနိုင်သူဖြစ်ပြီး ဖန်တီးမှုမှာ တစ်ဟုန်ထိုး တိုးတက်လာသလို အဆုံးသတ်ပိုင်းမှာလည်း ဧရိယာအတွင်း၊ တည်ကန်ဘော၊ အမြင့်ဘောတွေနဲ့ ကြုံသလို အဆုံးသတ်နိုင်သလို ဂိုးလာဘ်ပါ မြင့်မားသူဖြစ်လို့ ပရီးမီးယားလိဂ်အသင်းကြီးတွေ ဝိုင်းလုနေတာ မဆန်းဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်။

၄။ ခရစ္စတီယာနို ရော်နယ်လ်ဒို (ပေါ်တူဂီ/ဂျူဗင်တပ်စ်)
ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာခဲ့ပြီး အီတလီကို အခြေချခဲ့တာ နှစ်ရာသီရှိခဲ့ပြီဖြစ်တဲ့ ရော်နယ်လ်ဒိုအနေနဲ့ အသက် ၃၆ နှစ်အရွယ်မှာ သူ့ရဲ့ ကြံ့ခိုင်မှုကို အကောင်းဆုံးတည်ဆောက်ထားနိုင်ဆဲဖြစ်ပြီး လှုပ်ရှားထိုးဖောက်မှုတွေကို လျော့ချခဲ့သလို အဆုံးသတ်ပိုင်းမှာ အာရုံပိုမိုစူးစိုက်ခဲ့လို့ ပိုတောင် ဖျံကျလာခဲ့သူဖြစ်ပါတယ်။

စီးရီးအေရဲ့ ရွှေဖိနပ်ဆုကို ၃၃ ပွဲမှာ ၂၉ ဂိုးနဲ့ ရယူခဲ့သလို သူ့ရဲ့ ဘယ်ခြေညာခြေ မရွေးတဲ့ အဆုံးသတ်မှု၊ လူငယ်တွေထက် မြင့်မားတဲ့ ခုန်လွှားမှု တွေနဲ့ ခေါင်းတိုက်ချက်တွေက အမြင့်ဆုံးအဆင့်မှာ ထိန်းသိမ်းထားနိုင်စေခဲ့ပါတယ်။ လက်ရွေးစင်အသင်းနဲ့လည်း ကမ္ဘာ့စံချိန် ၁၀၉ ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အသင်းအတွက် မောင်းနှင်အားဖြစ်နေခဲ့တာက CR7 အတွက် ချီးကျူးဖို့ စကားလုံးတွေကို တော်တော်လေး ရွေးချယ်ရ ခက်စေခဲ့တာပါ။

၃။ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား/ဘာစီလိုနာ)
ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ အကောင်းဆုံးခြေစွမ်းကို အသက်အရွယ်နဲ့လိုက်အောင် ပြောင်းလဲမှုတွေနဲ့ ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ပြေးလွှားဖို့ကို တတ်နိုင်သလောက် လျှော့ချခဲ့သလို နေရာယူမှုအပိုင်းမှာ ပိုမိုအားစိုက်လာခဲ့ပြီး ထင်မှတ်မထားလောက်တဲ့ အဆုံးသတ်မှုတွေနဲ့ ဒီရာသီ ၄၇ ပွဲမှာ ၃၈ ဂိုးသွင်းရင်း ပြိုင်ဘက်တွေကို အရူးလုပ်နိုင်ဆဲလည်းဖြစ်ပါတယ်။

အာဂျင်တီးနားမှာ အောင်မြင်မှုမရလို့ ဝေဖန်ခံခဲ့ရပေမယ့် တောင်အမေရိက ဆယ်နိုင်ငံရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ဆိုင်မှုနဲ့ တစ်ခါလာ ဘရာဇီးလ်၊ တစ်ခါလာ ချီလီ၊ ဥရုဂွေး၊ ကိုလံဘီယာဆိုတဲ့ ထိပ်တန်းငါးသင်းဝင်တွေကို ဂိုးပေါပေါများများ သွင်းဖို့ဆိုတာ မလွယ်ကူသလို ကျန်တဲ့ ငါးသင်းဆိုတာကလည်း အဆိပ်နဲ့ အစွယ်တွေ ပြနေတတ်တာကြောင့် ရွေးချယ်စရာပြိုင်ဘက်များတဲ့ ဥရောပသား ရော်နယ်လ်ဒိုပရိသတ်တွေအတွက် အနှိမ်ခံရဖို့ ဖြစ်နေတတ်တာပါ။ ဒါပေမယ့် နိုင်ငံအသင်းအတွက် ၁၄၇ ပွဲမှာ ၇၃ ဂိုးဆိုတာက မက်ဆီအတွက် ဂုဏ်ငယ်စရာတော့ မဖြစ်နိုင်ခဲ့ဘူးလို့ ဆိုရမှာပဲဖြစ်ပါတယ်။

၂။ အာလင်း ဟားလန်း (နော်ဝေ/ဒေါ့မွန်)
အသက် ၂၀ အရွယ်မှာ တော်တော်ကြီးကို ကောင်းမွန်နေတဲ့ ဟားလန်းဟာ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်နိုင်တဲ့ အမ်ဘာပေကို ဂိုးသွင်းနှုန်းချင်း နှိုင်းယဉ်ရင်း ဒီစာရင်းထဲက ရှင်းထုတ်ထားတယ်ဆိုရင် မမှားနိုင်ပါဘူး။ ကြံ့ခိုင်မှု၊ အမြန်နှုန်း၊ ရွေ့လျားမှုနဲ့ အဆုံးသတ်ပိုင်းဟာ သူပိုင်ဆိုင်ထားတဲ့ လက်နက်တွေဖြစ်ပြီး ၂၀၂၀-၂၁ ရာသီကို ပြိုင်ပွဲစုံသွင်းဂိုး ၄၁ ဂိုးနဲ့ အဆုံးသတ်စာရင်းပိတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

နော်ဝေသားဟာ အပြောင်းအရွှေ့ဈေးကွက်တိုင်းမှာ ဂူဂယ်အခေါက်ခံရဆုံး ကစားသမားလည်းဖြစ်နေပြီး ဒေါ့မွန်ဟာ သူ့ကို ဆာ့လ်ဇ်ဘတ်ကနေ ထွက်ခွာစဉ်တုန်းက ချဉ်ဖတ်အေးဂျင့် ရိုင်ယိုလာ ဘာပဲတောင်းဆိုတောင်းဆို လိုက်လျောခဲ့တာက ပြောင်းရွှေ့ကြေး ပေါင် ၁၉.၇၅ သန်းနဲ့အတူ အကျိုးပြုမှု ကြီးမားစေခဲ့တာပါ။ လျော်ကြေးစာချုပ်ကို ကြောက်ခဲ့တဲ့ အသင်းတွေကတော့ လက်ရှိအချိန်မှာ ပါးစပ်ဆယ်ပေါက်ရှိရင်တောင် စကားပြောစရာမရှိဘူးဆိုတဲ့ ကိုရီးယားစကားပုံလိုဖြစ်ခဲ့ပြီး ဟားလန်းဆိုတာ အနာဂတ်ရဲ့ ဘုရင်တစ်ပါးလည်း ဖြစ်လာဦးမှာပါ။

၁။ ရောဘတ် လီဗန်ဒေါ့ဗ်စကီး
လီဝန်ဒေါစကီးလို့ ရေးနေကြတဲ့ ပိုလန်သားကတော့ တိုက်စစ်မှူးတွေထဲမှာ ဂျင်ပေါ်ကထုံး၊ ပန်ကာ့ထိပ်သီး၊ ‌ဗိုလ်တကာ့ဘုရင်ဆိုသူမျိုးပါ။ ဘိုင်ယန်မြူးနစ်နဲ့ လက်တွဲဖို့ ၂၀၁၄ နွေက ဆုံးဖြတ်မှုကတော့ မှန်ကန်အောင်မြင်လွန်းခဲ့ပြီး ဂိုးသွင်းနှုန်းတွေက ပြိုင်ဘက်တိုင်းကို မနာလိုဖြစ်နေနိုင်ခဲ့သလို ဘာဗေးရီးယားမှာ သူ့ရဲ့ သွင်းဂိုးက ၃၂၉ ပွဲ ၂၉၄ ဂိုး (တစ်ပွဲပျမ်းမျှ ၀.၈၉) ဖြစ်နေခဲ့ပါတယ်။

“ကျွန်တော် နှစ်ဂိုးသွင်းလို့ သူ့ဘက်ကို လှမ်းကြည့်လိုက်ရင် ဟက်ထရစ်သွင်းထားပြီးနေပြီ”လို့ ဟားလန်းရဲ့ ပွင့်လင်းတဲ့ ချီးကျူးအားကျမှုကို ရရှိထားတဲ့ လီဗန်ဒေါ့ဗ်စကီးဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါမှာ တစ်ရာသီသွင်းဂိုး ၄၁ ဂိုး ရရှိခဲ့ပြီး ဂါ့ဒ်မူလာရဲ့ ၁၉၇၁-၇၂ ရာသီက အမြင့်ဆုံး သွင်းဂိုး ၄၀ စံချိန်ကိုလည်း ချိုးဖျက်ထားခဲ့သလို အသက် ၃၂ မှာ မြင့်မားတဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ အားလုံးကို အံ့ဩစေနိုင်ဆဲလည်းဖြစ်နေခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.