Analysis Article International

ယူရိုနဲ့ ကမ္ဘာ့အဆင့်မှာ CR7 ကို လိုက်မီဖို့ ဘယ်သူတွေ မျှော်လင့်နိုင်ကြသေးသလဲ

ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ယူရိုပြိုင်ပွဲတွေရဲ့ စံချိန်တွေကို ဆက်တိုက်ကစားမှု၊ အနိုင်ရမှု၊ သွင်းဂိုးတွေနဲ့ ချိုးဖျက်နိုင်ခဲ့ပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့သလို နိုင်ငံတကာပွဲစဉ်အားလုံးမှာလည်း သွင်းဂိုး ၁၀၉ ဂိုးနဲ့ အီရန်တိုက်စစ်မှူး အလီဒါယီရဲ့ စံချိန်ကို လိုက်မီသွားချိန်မှာ သူ့လိုမျိုး နောက်ထပ် ဘယ်ကစားသမားက အနာဂတ်မှာ စွမ်းဆောင်နိုင်မလဲဆိုတာကတော့ မေးခွန်းထုတ်ချင်စရာလည်းဖြစ်လာခဲ့ပါတယ်။

ဒီအချိန်မှာ သူလည်းလူ ငါလည်းလူပဲလို့ တွေးပြီး ကိုယ့်ခြေစွမ်းကိုယ် အကောင်းဆုံးမြှင့်တင်ရင်း တစ်နေ့နေ့မှာ ကိုယ့်သမိုင်းကိုယ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေသူတွေလည်း ရှိနေမှာဖြစ်ပြီး ပေါ်တူဂီသားကြီးကို ဆန့်ကျင်မယ့် အတွေးအမြင်ရှိသူတွေကတော့ သူ့ကို လိုက်မီမယ့်၊ ကျော်တက်မယ့် ကစားသမားတွေကို မျှော်လင့်နေကြဦးမှာလည်းဖြစ်ပါတယ်။

အာလင်း ဟားလန်း (နော်ဝေ၊ ၇ ဂိုး)
အသက် ၂၀ အရွယ်မှာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ပွဲ ၂၀ ကစားပြီး ၇ ဂိုးသွင်းထားတယ်ဆိုတာ သေးငယ်တဲ့ စွမ်းဆောင်ရည်တစ်ခု မဟုတ်ဘူးလို့တော့ ခပ်ရဲရဲဆိုနိုင်မှာပါ။ ရော်နယ်လ်ဒိုထက် တစ်နှစ်နောက်ကျပြီး လက်ရွေးစင်ဖြစ်ခဲ့တဲ့ ဟားလန်းဟာ ဒီအသက်အရွယ်မှာ ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးဖြစ်နေတာက ပေါ်တူဂီသားစတင်ခဲ့ရတဲ့ ခရီးလမ်းထက် ခြေတစ်လှမ်း ရှေ့ရောက်နေပြီး စဉ်းစားရမှာကတော့ သူ့နိုင်ငံ နော်ဝေဟာ လုံလောက်တဲ့ ပံ့ပိုးမှုကို လုပ်ဆောင်နိုင်မလားဆိုတာပါ။

ရိုမီလူ လူကာကူး (ဘယ်လ်ဂျီယမ်၊ ၆၃ ဂိုး)
အသက် ၁၇ နှစ်မှာ လက်ရွေးစင်ဖြစ်ခဲ့တဲ့ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ ဒီနေ့ခေတ် ဥရောပရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ကလပ်အသင်းအဆင့်မှာ တဒိုင်းဒိုင်းသွင်းခဲ့တဲ့ ဂိုးသွင်းမုဆိုးအနေနဲ့ နိုင်ငံအသင်းမှာတော့ ၉၆ ပွဲမှာ ၆၃ ဂိုး သွင်းယူထားပြီး ကမ္ဘာ့ထိပ်တန်း အသင်းတစ်သင်းဖြစ်လာခဲ့တဲ့ ဘယ်လ်ဂျီယမ်မှာ အသုံးတော်ခံရင်း အသက် ၂၈ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒီအဆင့်မှာ သူ့အနေနဲ့ ဘယ်လောက် ဆက်ကစားနိုင်ဦးမလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပြီး ဖြစ်နိုင်ဖွယ် တွက်ချက်မှုတွေအရ အကောင်းဆုံးပုံစံမှာ ရှိနေနိုင်သေးတဲ့ နောက်ထပ် လေးငါးနှစ်အတွင်းမှာ နိုင်ငံတကာဂိုး ၄၀ ကျော် သွင်းယူနိုင်ဦးမလားဆိုတာက အချိန်ကပဲ စကားပြောလိမ့်မယ်ထင်ပါတယ်။

ဖီးလ် ဖိုဒန် (အင်္ဂလန်၊ ၂ ဂိုး)
၂၀၂၀ ခုနှစ်၊ အသက် ၂၀ အရွယ်မှာ လက်ရွေးစင်ဘဝ အစပြုခဲ့တဲ့ မန်ချက်စတာစီးတီးလူငယ်ဟာ ထိပ်တန်းအဆင့်မှာ ဆယ်စုနှစ်တစ်စုနဲ့ နှစ်ပေါင်းတစ်ဒါဇင်လောက် ကစားနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရသူဖြစ်ပါတယ်။ အလယ်တန်းနဲ့ တောင်ပံတွေမှာ ခြေစွမ်းပြနိုင်သူ သူ့အတွက် ရော်နယ်လ်ဒိုရဲ့ စံချိန်ကို လိုက်မီနိုင်ဖို့ ကြိုးစားရမှာတော့ ယူရိုပြိုင်ပွဲတစ်ပွဲပဲဖြစ်နိုင်ပြီး ကမ္ဘာ့အဆင့်မှာတော့ ဒီလောက် Out and out သွင်းယူဖို့ဆိုတာ ခက်ခဲနိုင်သလို နာမည်ကြီးပေမယ့် ထမင်းငတ်တတ်တဲ့ အင်္ဂလန်အထာကိုလည်း ကျော်ဖြတ်ရဦးမှာပါ။

အန်ဆူ ဖာတီ (စပိန်၊ ၁ ဂိုး)
နိုင်ငံတကာအဆင့်မှာ ဂိုးသွင်းမှုအကောင့်ဖွင့်ပြီး ၁၀၀၀ လောက်တော့ စတည့်ထားနိုင်ပြီလို့ ပြောလို့ရတဲ့ အန်ဆူ ဖာတီဟာလည်း ထိပ်တန်း ကစားသမားဖြစ်လာနိုင်တဲ့ ပါရမီရှင်လူငယ်တစ်ဦးဖြစ်ပါတယ်။ ဘာစီလိုနာလိုအသင်းမျိုးမှာ ၁၆ နှစ်နဲ့ ကစားခွင့်ရခဲ့တဲ့ ဖာတီဟာ စပိန်မှာတော့ အသက် အငယ်ဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းရေးထိုးထားနိုင်ခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်နဲ့ ဘောလုံးဇာတ်ခုံပေါ် ရောက်ရှိနေတဲ့ ဂီနီဘစ်ဆောဖွား လူငယ်လေးဟာ လက်ရှိမှာတော့ ဒဏ်ရာတွေကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားရဦးမှာဖြစ်ပြီး ရေခံမြေခံကောင်းတဲ့ စပိန်လက်ရွေးစင်အသင်းမှာ နေရာ တစ်နေရာကိုသာ စွဲကိုင်နိုင်ခဲ့ရင် ရော်နယ်လ်ဒိုကို လိုက်မီဖို့ အလားအကာကောင်းသူတွေထဲက တစ်ဦးလည်းဖြစ်နေပါတယ်။

ခိုင်လျန် အမ်ဘာပေ (ပြင်သစ်၊ ၁၇ ဂိုး)
ရော်နယ်လ်ဒိုရဲ့ စံချိန်တွေကို ဖုံးလွှမ်းပစ်စေချင်နေကြတဲ့ Anti-CR7 ပရိသတ်တွေအဖို့တော့ မက်ဆီက မလုပ်နိုင်ချိန်မှာ အမ်ဘာပေကပဲ ဒီတာဝန်ကို ယူစေဖို့ ဆန္ဒရှိနေကြတာပါ။ အသက် ၁၉ နှစ်အရွယ်မှာ လက်ရွေးစင်ဖြစ်လာခဲ့တဲ့ ကင်းမရွန်းနွယ်ဖွား ပါရီသားလေးအနေနဲ့ လက်ရှိမှာ ပြင်သစ်တွေအတွက် ၄၆ ပွဲကစား ၁၇ ဂိုး သွင်းယူထားပြီး ဘန်ဇီးမား၊ ဂရစ်ဇ်မန်းတို့လို စီနီယာတွေ အနားယူသွားရင် သူဟာလည်း နိုင်ငံအသင်းမှာ CR7 လိုပဲ KM10 တစ်ခေတ်ကို ထူထောင်သွားနိုင်မလား စောင့်ကြည့်ခံရသူဖြစ်ပါတယ်။

လက်ရှိကစားခွင့်ရတဲ့ တောင်ပံနေရာနဲ့ လူကြီးတွေကို ပံ့ပိုးပေးနေရတာက အမ်ဘာပေရဲ့ ဂိုးသွင်းခွင့်ကို အနည်းငယ်လျော့ကျစေပြီး လာမယ့်အနာဂတ်မှာတော့ ပြင်သစ်ရဲ့ ဘုရင်တစ်ပါးဖြစ်လာဖို့ အသေချာဆုံးဖြစ်နေတဲ့ ကမ္ဘာ့အမြန်ဆုံးတိုက်စစ်မှူးဟာ ဘယ်လိုစံချိန်တွေကို စိန်ခေါ်နိုင်မလဲ ရှုစားရမှာပဲဖြစ်ပါတယ်။

အွန်ထွာ ဂရီးဇ်မန်း (ပြင်သစ်၊ ယူရိုသွင်းဂိုး ၇ ဂိုး)
ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အဖက်ဖက်က ကျော်တက်စေချင်သူတွေထဲမှာ သူ့ရဲ့ ယူရိုစံချိန် (အုပ်စုပွဲတွေအပြီးမှာ ရရှိထားတဲ့) ၁၄ ဂိုးကို လိုက်မီနိုင်စေဖို့ နောက်ထပ် ပြိုင်ပွဲဝင်တစ်ဦးကို ရွေးချယ်ထားကြပါတယ်။ ၂၀၁၆ ခုနှစ်က ၆ ဂိုးသွင်းယူပြီး၊ ၂၀၂၀ မှာ ၁ ဂိုး ရရှိထားတဲ့ ဂရစ်ဇ်မန်းဟာ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အသက် ၃၃ နှစ် ရှိနေမှာဖြစ်လို့ ခြေစွမ်းကောင်းသေးတယ်ဆိုရင် ပြင်သစ်မှာ ဆက်လက်ပါဝင်နိုင်ဖို့ မျှော်လင့်နိုင်သေးပြီး လက်ရှိပြိုင်ပွဲရဲ့ လက်ကျန်လမ်းကြောင်းမှာ ဂိုးထပ်ရနိုင်ဦးမလားနဲ့ အနာဂတ်မှာ ယူရိုစံချိန်ကို လိုက်လံစိန်ခေါ်နိုင်ဦးမလားတော့ ရင်ခုန်နိုင်ဦးမှာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.