Premier League

မော်ရင်ညိုရဲ့ ဉာဏ်သမား နံပါတ် ၁ ရော်နယ်လ်ဒိုနဲ့ သူရဲ့ အနာဂတ် ပြိုင်ဘက်

ပေါ်တူဂီသားကြီး ဟိုဆေး မော်ရင်ညိုက GOAT ကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကစားအားနဲ့ ပါဝါဟာ အသက်အရွယ်နဲ့ လိုက်လျော ညီထွေဖြစ်အောင် အပါးနပ်ဆုံးပြုပြင်ထားခြင်းဖြစ်ကြောင်း ပေါ်တူဂီတိုက်စစ်မှူးရဲ့ ဥာဏ်သွားပုံကို ချီးကျူးသွားခဲ့ပြီး အသက် ၃၆ နှစ်အရွယ်အထိ ကမ္ဘာ့နံပါတ် ၁ ကစားသမားဖြစ်နေခြင်းကို ဂုဏ်ယူမိကြောင်း ပြောပြသွားခဲ့တာကာ။

ဒါ့အပြင် အခုလို ကမ္ဘာ့အဆင့်မှာ ဆယ်စုနှစ်တခုကျော်ကြာအောင် မားမားမတ်မတ် ရပ်တည်နေနိုင်ခြင်းမှာ ရော်နယ်လ်ဒိုရဲ့ အားသာချက်ဖြစ်တဲ့ ခေတ်ကာလ ကစားပွဲတွေနဲ့ လိုက်ဖက်တဲ့ ပြုပြင်ပြောင်းလဲနိုင်စွမ်းတွေကို သုံးသပ်ပြသွားခဲ့သလို သူ့အနေနဲ့ ပေါ်တူဂီအသင်းကို နှစ်နှစ်ဆက် ယူရိုဘုရင်ဖြစ်လာအောင် ပခုံးထမ်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

” ရုပ်ပိုင်းဆိုင်ရာခွန်အားမှာ သူက တအားပြီးပြည့်စုံနေတယ်။ နောက်ပြီး သူ့ကစားဟန်ကိုလည်း အသက်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပစ်လိုက်နိုင်ပြီ။ သူက ငယ်ငယ်ကလို တောင်ပံကနေ မုန်တိုင်းလို ဝင်မွှေမယ့် ကစားသမားမျိုး မဟုတ်တော့ဘူး။ တောင်ပံကနေ အတွင်းဝင်ဆွဲပြေးတာမျိုလည်း မကစားတော့ဘူး”

” သူက နံပါတ် ၉ အထောင်တိုက်စစ်မှူးစစ်စစ်ဖြစ်သွားပြီ။ အဲဒါကြောင့် တကိုယ်တော်အစွမ်းပြတာတွေကို လျှော့ချလိုက်ပြီ။ မရပ်မနား ပြေးလွှားမှုတွေကို အကန့်အသတ်တခု ထားလိုက်တယ်။ သူ့ခွန်အားတွေကို အထိရောက်ဆုံး ဘယ်လိုသုံးစွဲမလဲဆိုတာ အရမ်းပါးနပ်တိကျသွားပါပြီ ”

” သူက ဂိုးမုဆိုးပဲ။ အခွင့်အရေး ၂ ​ကြိမ်ရရင် ၁ ဂိုး သို့ ၂ ဂိုးရအောင် သွင်းပစ်ဖို့ပဲ အားထုတ်နေတယ်။ ဂျာမနီကို အဖွင့်ဂိုးသွင်းယူခဲ့တဲ့ သူ့ပါဝါနဲ့ ပြေးအားကို ခင်ဗျားတို့ မြင်ခဲ့ကြမှာပဲ။ သူဘယ်လိုအဆုံးသတ်သွားလဲဆိုတာ ကြည့်လိုက်ရင် သူဟာ ကျွန်တော်တို့ ပေါ်တူဂီအသင်းအတွက် သိပ်ကို အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေဆဲပါ”လို့ မော်ရင်ညိုက ရှင်းပြသွားခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ရော်နယ်လ်ဒို လက်ရှိမှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာအဆင့် သွင်းဂိုး ၁၀၇ ဂိုးပြည့်မြောက်ခဲ့ပြီဖြစ်သလို လေးနှစ် တကြိမ်ကျင်းပတဲ့ ယူရို​ပြိုင်ပွဲကြီးကို ၅ ကြိမ်ဆက်တိုက် ဝင်ရောက်ကစားနိုင်ခဲ့တဲ့ ဘောလုံးသမိုင်းရဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့အပြင် ယူရိုပြိုင်ပွဲမှာ သွင်းဂိုးစုစုပေါင်း ၁၂ ဂိုးသွင်းယူပြီး ထာဝရဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်လာခဲ့တာပါ။

သူ့အနေနဲ့ အီရန်ဂန္ထဝင်ကစားသမား အလီ ဒါယေးရဲ့ နိုင်ငံတကာသွင်းဂိုးစံချိန်ဖြစ်တဲ့ ၁၀၉ ဂိုးကို ရိုက်ချိူးဖို့ ၂ ဂိုးသာ လိုအပ်တော့ချိန်မှာ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိလာသလို အမျိုးသား နိုင်ငံတကာအဆင့်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် တရားဝင်သရဖူဆောင်းနိုင်ဖို့ ယူရို ၂၀၂၀ ပြိုင်ပွဲကို အကောင်းဆုံး အသုံးချသွားနိုင်ဖို့လည်း ရှိနေပါတယ်။

တဖက်မှာတော့ ရော်နယ်လ်ဒိုခေတ်လွန်မှာ သူ့ရဲ့နိုင်ငံတာကအဆင့်စံချိန်ကို ဘယ်သူကများ ချိုးဖျက်နိုင်ပါဦးမလဲလို့ မျှော်လင့်ကြည့်တဲ့အခါ ဘယ်လ်ဂျီယမ်အသင်းအတွက် ၉၆ ပွဲကစားပြီး ၆၃ ဂိုးသွင်းယူထားတဲ့ တိုက်စစ်မှူးရိုမီလူ လူကာကူးက အသက် ၂၈ ဆိုတဲ့ အသက်အရွယ်အရ အလားအလာအကောင်းဆုံးအဖြစ် ရှိနေပြီး အနာဂတ်စံချိန်ရှင်အဖြစ် အသိအမှတ်ပြုခံထားရပြီ ဖြစ်ပါတယ်။

သူကတော့ ရော်နယ်လ်ဒိုအတွက် မက်ဆီမဟုတ်တဲ့ အနာဂတ်ပြိုင်ဘက်ဖြစ်လာဖွယ် ရှိ​နေပြီး ပေါ်တူဂီသားကြီးထက်လည်း ၇ နှစ် ငယ်ရွယ်နေတဲ့အပြင် လက်ရွေးစင်အဆင့် ပွဲ ၁၀၀ အရေအတွက်နဲ့ ချိန်ထိုးကြည့်တဲ့အခါ ရော်နယ်လ်ဒိုက ဂိုး ၄၀ ဝန်းကျင်သာ ရှိခဲ့ချိန်မှာ လူကာကူးက ဂိုး ၆၀ ကျော် သွင်းယူထားပြီးဖြစ်တာကြောင့် ရော်နယ်လ်ဒိုရဲ့ စံချိန်တွေကို ရိုက်ချိုးဖို့ အလားအလာအကောင်းဆုံးကစားသမားအဖြစ် သမိုင်းတွေဟာ ရေသေလို ရပ်တန့်နေမှာမဟုတ်ဘူးလို့ သူက သတိပေးသံတခုလည်းဖြစ်နေကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.