ပြီးခဲ့တဲ့ညက ဆွစ်ဇာလန်ကို ၂ ဂိုးသွင်းပြီး အကောင်းဆုံးကစားသမားဆုရှင်ဖြစ်တဲ့ အီတလီကွင်းလယ်လူ လိုကာတယ်လီက ပွဲအပြီးသတင်းစာရှင်းလင်းပွဲ တက်ရောက်ရာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လမ်းစဥ်ကို လိုက်ခဲ့ပြီး စားပွဲပေါ်က ကိုကာကိုလာဘူးတွေကို လူမြင်ကွင်းကနေ ဖယ်ရှားလိုက်ပြန်ပါတယ်။
ဒါ့အပြင် သူက ရေဘူးတွေကို စားပွဲရဲ့အလယ်ကို ပို့လိုက်ပြီး ” ရေသောက်ပါ ” ဆိုတဲ့ GOAT ကြီးရဲ့ တိုက်တွန်းမှုကိုပါ အီတလီစကားနဲ့ ပြောပြီး ပုံတူပြုလုပ်ပြသွားခဲ့ပြန်တာပါ။ လက်ရှိမှာတော့ ရော်နယ်လ်ဒိုရဲ့ လမ်းစဥ်ကို လိုက်ခဲဲ့တဲ့ ပေါ့ဘာအပြီးမှာ ဆာဆူအိုလိုလူငယ်လေးက တတိယမြောက်ကစားသမားဖြစ်လာတာပါ။
ယူရိုပြိုင်ပွဲရဲ့ စိတ်ဝင်စားစရာတွေကို ဆောင်ယူလာခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ယူရိုစပွန်ဆာတွေကိုတော့ အထူးစိတ်ဆိုးစရာဖြစ်စေခဲ့ပြီး ရော်နယ်လ်ဒိုလုပ်ရပ်အပြီးမှာ ကိုကာကိုလာရဲ့ ရှယ်ယာတန်ဖိုးဟာလည်း ၁.၆ ရာခိုင်နှုန်းကျဆင်းသွားတဲ့အဖြစ်ကို ရင်ဆိုင်ခဲ့ရတာပါ။
ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ပြောရေးဆိုခွင့်ရှိသူက ” ကျွန်တော်တို့က ကစားသမားတွေကို သတင်းစာရှင်းလင်းပွဲ တက်ရောက်ပြီဆိုတာနဲ့ ကိုကာကိုလာရယ်၊ သကြားဓာတ်လုံးဝမပါတဲ့ ကိုကာကိုလာနဲ့ ရေဘူးတွေကို သူတို့ကြိုက်တာသောက်ဖို့ စီစဥ်ပေးထားတာပါ ” လို့ ဆိုခဲ့သွားကြောင်း သိရပါတယ်။
ကိုကာကိုလာကုမ္ပဏီကလည်း လူတိုင်းက အကြိုက်တမျိုးစီဖြစ်လို့ ကိုယ်နှစ်သက်ရာ သောက်သုံးနိုင်ပါတယ်လို့ စာထုတ်ပြန်သွားခဲ့ရသေးတာမှာ ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ ပုံရိပ်နဲ့ လွှမ်းမိုးမှုက ယူရိုပြိုင်ပွဲရဲ့ စပွန်ဆာလုပ်ငန်းတွေကို လူ့အကျိုးကြည့်ဖို့ သတိပေးခဲ့သလို ဖြစ်ခဲ့ရတာပါ။
” အချိုရည်မသောက်နဲ့။ ရေသောက်ပါ။ ကျန်းမာအောင် နေပါ ” ဆိုတဲ့ ရော်နယ်လ်ဒိုရဲ့ ဆောင်ပုဒ်ကပေးတဲ့ ခွန်အားက ပရိသတ်တွေကြား နာမည်ကြီးခဲ့သလို ပေါ့ဘာရဲ့ ” အရက်သေစာကို ရှောင်ရှားပါ။ ကျန်းမာရေးနဲ့ လျော်ညီတဲ့ အာဟာရကို စားသုံးပါ ” ဆိုတဲ့ မက်ဆေ့ချ်ကလည်း အင်တာနက်သုံးစွဲသူတွေကြားမှာ ထိထိရောက်ရောက် ပျံ့နှံ့သွားခဲ့တာကတော့ အကောင်းဘက်က ရှုမြင်စရာတွေရှိနေပါတယ်။
လက်ရှိမှာတော့ ရော်နယ်လ်ဒိုလ်ကို လိုက်လံအတုခိုးပြီး ယူရိုစပွန်ဆာတွေကို ပညာပြလိုက်တဲ့ အီတလီကွင်းလယ်လူ လိုကာတယ်လီက ယူရိုမှာ ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းကောင်းတွေက ပရီးမီးယားလိဂ်အသင်းကြီးတွေကို ဖမ်းစားနေကြောင်း သိရပြီး စီးရီးအေကို စွန့်ခွာဖို့ သတင်းပြေးနေပေမယ့် လက်ရှိမှာတော့ ယူရိုပြိုင်ပွဲကိုသာ အာရုံစိုက်နှစ်ထားကြောင်း ဖြေသွားခဲ့တာပါ။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.