Premier League Transfer News

တူဟယ်၏ ဒုတိယရာသီမှာ EPL ဖလားကို အရယူဖို့ ဒုတိယ သီယာဂိုကို ခေါ်ဖို့ အံဩဖွယ်ပြင်ဆင်လာ

ချယ်လ်ဆီးအသင်းနဲ့ ဒုတိယမြောက်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ဗိုလ်ဝင်ခံဖို့ မြင့်မြင့်ကြံနေတဲ့ နည်းပြတူဟယ်လ်ဟာ ဖွင့်လှစ်ခဲ့ပြီဖြစ်တဲ့ လက်ရှိနွေရာသီအပြောင်းရွှေ့စျေးကွက်အတွင်း ”ဒုတိယ သီယာဂို ဆေးလ်ဗား”ကို ခေါ်ယူဖို့ ခပ်သွက်သွက်နဲ့ ခြေလှမ်းပြင်နေပြီလို့ သိရပါတယ်။

ဒီလအကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းပြည့်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရတော့မယ့် ၆ ပေမြင့်တဲ့ အသက် ၃၄ နှစ်အရွယ် ဝါရင့်ဗဟိုခံစစ်မှူးကြီးဆာဂျီယို ရာမို့စ်ကို စတမ်းဖို့ဒ်မြေဆီ လက်မနှေးဘဲ အမြန်ဆုံး ခေါ်ယူသွားဖို့ စိုင်းပြင်းနေတာဖြစ်ကြောင်း သိရှိထားရပါတယ်။

ရီးရဲလ်အသင်းနဲ့ ဆယ်စုနှစ် ၂ ခုနီးပါးကာလအတွင်း ချန်ပီယံလိဂ်ဖလား ၄ လုံး၊ လာလီဂါဖလား ၅ လုံး သိမ်းပိုက်ထားသလို နိုင်ငံတကာအဆင့်မှာလည်း စပိန်အသင်းနဲ့ ယူရိုဖလား ၂ လုံးနဲ့ ကမ္ဘာ့ဖလားချန်ပီယံ ၁ ​ကြိမ်ဖြစ်ထားတဲ့ ရာမို့စ်ယူဆောင်လာမယ့် အတွေ့အကြုံဟာ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းကို ပရီးမီးယားလိဂ်မှာ ဘယ်အသင်းကိုမှ ဘာမထီနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။

နောက်ဆုံးထွက်လာတဲ့သတင်းတွေအရ ဖီကာယို တိုမိိုရီက အေစီမီလန်အသင်းကို အပြီးသတ်ပြောင်းပြီဖြစ်သလို ကတ်ဇူးမားကလည်း ထွက်ခွာဖို့ အထုပ်ပြင်နေချိန်မှာ ချယ်လ်ဆီးအနေနဲ့ ရာမို့စ်အပြင် ပေါင်သန်း ၆၀ စျေးဖွင့်ခံထားရတဲ့ ရာဖေးလ် ဗာရန်း၊ Maxence Lacroix၊ ပေါလ်တောရက်စ်၊ ဂျူးလ်ကွန်​ဒေနဲ့ နစ်ကလပ်စ် ဆူလေတို့ထဲက တဦးနဲ့ ဗဟိုခံစစ်မှူး ၂ ဦးကို သေချာပေါက်ခေါ်ဆောင်လာဖို့ ရှိနေတာပါ။

PSG ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာခဲ့သူ ဝါရင့်ခံစစ်ကျောက်ဆောင်ကြီးဟာ အသက်အရွယ်နဲ့မလိုက်အောင် ဒီရာသီမှာ ၃၂ ပွဲအထိ အမောမဖောက်စတမ်း ကစားခဲ့ပြီး ကမ္ဘာ့အဆင့်ခံစစ်ဦးဆောင်မှုက ချယ်လ်ဆီးကို ကောင်းကောင်းလုံခြုံစေခဲ့တဲ့ ဥပမာက တူဟယ်လ်ကို အားပါးတရရှိစေခဲ့တယ်။

Clean Sheet ၁၀ ပွဲအထိ စွမ်း​ဆောင်နိုင်ခဲ့သလို တန်ကြေးကြီးလွန်းတဲ့ ဇီးယက်ရှ်၊ ဗာနာ၊ ခိုင်ဟာဗတ်ဇ်တို့အုပ်စုက ကြံ့ခိုင်မှုအသားပေးတဲ့ ပရီးမီးယားလိဂ်မှာ အသားကျဖို့ ရွာလည်နေချိန်မှာပဲ သက်ကြားအိုကြီး ဆေးလ်ဗားက ဆေးစက်ကျရာ အရုပ်ထင်ခဲ့တဲ့ သမ္ဘာ့ရင့်အတွေ့အကြုံက လက်ရှိချယ်လ်ဆီးရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုမှာ အတော်လေးစကားပြောခဲ့တယ်။

တဖက်မှာတော့ ဆေးလ်ဗားရဲ့ ကြွက်သားဒဏ်ရာပြဿနာတချို့ကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပါလာခဲ့တာကို တွေ့ရသလို ချယ်လ်ဆီးအသင်းဟာ သူ့ကို ၂၀၂၂ ဇွန်လအထိ စာချုပ်သက်တမ်း တနှစ်ထပ်တိုးခဲ့ပေမယ့် ရှောင်လွှဲမရတဲ့ အသက်အရွယ်အရ အကျပိုင်းဆိုတဲ့ကိစ္စက အသက် ၃၇ နှစ်သားရဲ့ နောက်ရာသီမှာ ရိုက်ခတ်လာဖွယ် ရှိနေပါတယ်။

ပူပူနွေးနွေး ချန်ပီယံလိဂ်ဖလားအောင်မြင်မှုဟာ နည်းပြတူဟယ်လ်နဲ့ ဆေးလ်ဗားတို့အတွဲကို အသင်းမှာ နှစ်ရှည်ဆက်ထိန်းထားဖို့ ဖြစ်လာကြောင်း သိရှိထားရချိန်မှာ ဂျာမန်နည်းပြကြီးဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း မက်ဆီနဲ့ ရော်နယ်လ်ဒိုပြီးရင် ကမ္ဘာ့တတိယအကောင်းဆုံးနဲ့ အ​အောင်မြင်ဆုံး သတ်မှတ်ခံထားရတဲ့ ရာမို့စ်နဲ့ ပူးပေါင်းဖို့ကို လက်တွေ့ကျကျအကောင်အထည်ဖော်နေပါတယ်။

တူဟယ်ရဲ့ စတမ်းဖို့ဘရစ်ချ် ဒုတိယရာသီမှာ EPL ဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို အရယူဖို့အရေးဟာ ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ နံပါတ်တစ်ထိပ်တန်းပစ်မှတ်ဖြစ်နေပြီး အသင်းအောင်​မြင်မှုသာ ပဓာနဖြစ်ပြီး ပရိသတ်ကို အလိုလိုက်ဖို့ လက်မတွန့်တတ်တဲ့ ရုရှားသားကြီးက လမ်းပတ်စွမ်းဆောင်ခဲ့တဲ့ ပထမသီယာဂိုအပြီးမှာ ”ဒုတိယ သီယာဂို”ကို ခေါ်ဖို့ အံသြဖွယ် အောင်မြင်လာတော့မလား၊ ဗာရန်းနဲ့ ရာမို့စ်အတွဲကို ဘာနေဗျူးလက်ထဲကနေ စုံလိုက်ဆွဲစားနိုင်တော့မလားဆိုတာကတော့……။