Premier League

Nike ဝန်ထမ်းကို အရှက်ရစရာကိစ္စ ကျူးလွန်ခဲ့လို့ စပွန်ဆာပြုတ်သွားတဲ့ နေမာ

PSG တိုက်စစ်မှူးနေမာနဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုထားတဲ့ Nike ကုမ္ပဏီဟာ သူတို့ရဲ့ ဝန်ထမ်းတဦးကို နေမာက အရှက်ရစရာ ကျူးလွန်ခဲ့လို့ သူနဲ့လက်တွဲဖြုတ်လိုက်ပြီလို့ တရားဝင်ကြေငြာသသွားခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ခုနှစ် ဖြစ်ပွားခဲ့တဲ့အမှုဖြစ်ပြီး Nike ကုမ္ပဏီက အခုလိုဆုံးဖြတ်လိုက်တာပါ။

အမေရိကန်အခြေစိုက် အားကစားကုမ္ပဏီဖြစ်တဲ့ Nike အနေနဲ့ ၂၀၂၀ သြဂုတ်လကတည်းက နေမာနဲ့ လမ်းခွဲထားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး စပွန်ဆာစာချုပ်အကုန်လုံးကို ဖျက်သိမ်းခဲ့တာပါ။ အဲဒီအချိန်ကတော့ ကုမ္ပဏီဘက်က ရေရာတဲ့အကြောင်းရင်းကို မထုတ်ပြန်ခဲ့ပါဘူး။

နောက်ဆုံးသတင်းတွေအရ နေမာရဲ့ အရှက်ရစရာကျူးလွန်မှုကို ၂၀၁၈ ရောက်မှ ကုမ္ပဏီအထိ နားပေါက်သွားခဲ့ပေမယ့် ဘရာဇီးလ်သား ကျူးလွန်ကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေကို မပြသနိုင်သေးသလို နေမာကလည်း စုံစမ်းစစ်ဆေးရေးကို ငြင်းပယ်ထားခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ကြာဿပတေးနေ့မှာတော့ NIKE ဘက်က ပြုလုပ်ခဲ့တဲ့ တရားဝင်ထုတ်ပြန်ကြေငြာချက်မှာတော့ ကုမ္ပဏီအနေနဲ့ သက်သေသကာယမရှိသလို အထောက်အထားပြနိုင်စွမ်းမရှိဘဲ စွပ်စွဲပြောဆိုမှုတွေကို ပြုလုပ်ခဲ့တာဟာ မသင့်တော်ကြောင်း ဖော်ပြသွားခဲ့ပါတယ်။

ဒါ့အပြင် နေမာနဲ့ လမ်းခွဲလိုက်ပြီဖြစ်​ကြောင်း၊ အကြောင်းရင်းကတော့ နေမာအနေနဲ့ မိမိတို့ဝန်ထမ်းကို ကျူးလွန်ခဲ့မှုကို စုံစမ်းစစ်ဆေးရေးအရ ပူးပေါင်းဖို့ ပျက်ကွက်ခြင်းကြောင့်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်သွားခဲ့တယ်။

Nike ဟာ အစပိုင်းမှာတော့ ၂၀၁၈ က ဒီအမှုကို စုံစမ်းခြင်းမပြုလုပ်ဘဲ လျှို့ဝှက်ထားဖို့ ဆန္ဒရှိခဲ့ပေမယ့် ထိပါးကျူးလွန်ခံရတဲ့ ဝန်ထမ်းအမျိုးသမီးက အဖြစ်မှန်အတိုင်း အရေးယူစေလိုကြောင်း ဖော်ထုတ်လာခဲ့ရာမှာတော့ ၂၀၁၉ ခုနှစ်မှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

နေမာရဲ့ ပြောရေးဆိုခွင့်ရှိသူက “အ​ခြေအမြစ်မရှိတဲ့ ဒီလိုတိုက်ခိုက်မှုတွေကို နေမာက အကောင်းဆုံး ခုခံကာကွယ်သွားမှာပါ။ တကယ်ဖြစ်ပွားခဲ့ခြင်းမရှိတဲ့ စွပ်စွဲချက်တွေကို လက်သင့်မခံနိုင်ပါဘူး”လို့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တုံ့ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ နေမာဟာ ၂၀၁၉ ခုနှစ်က တူညီတဲ့ ြဖစ်ရပ်တခုကိုလည်း ငြင်းပယ်ခဲ့ဖူးပြီး နောက်ပိိုင်းမှာတော့ အမှုက ပလပ်ခံခဲ့ရဖူးကြောင်း သိရှိရတာပါ။