Premier League

စစ်မျက်နှာဖွင့်တတ်လွန်းတဲ့ မန်စီးတီးကို UCL ဖိုင်နယ်မှာ သီးခြားလက္ခဏာဖော်ဆောင်သွားတော့မယ့် ပပ်

ပြီးခဲ့တဲ့နှစ်တွေက ဥရောပမှာ ချီးကျူးချီးမြှောက်ထိုက်တဲ့ မန်စီးတီးရဲ့ တိုက်စစ်အသားပေး ကစားဟန်က အပြာရောင်ပရိသတ်တွေအပြင် ကမ္ဘာ့ဘောလုံးပရိသတ်တွေကိုပါ ဖျော်ဖြေမှုပေးခဲ့ပေမယ့် ဆုဖလားအောင်မြင်မှုမှာတော့ ချန်ပီယံလိဂ်မှာ အစစအရာရာကျဆုံးခန်းတွေသာ ကြွင်းကျန်ခဲ့တယ်။

လုပ်သလောက်မဖြစ်ခဲ့ဘူးဆိုတဲ့ အနေအထားမှာ ပပ်က မန်စီးတီးနဲ့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း သင်ယူရရှိခဲ့တဲ့ သင်ခန်းစာတွေက ဒီနှစ်မှာတော့ ထူးခြားစွာနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်သွားခဲ့လို့ ဒီဖလားကို လက်လွှတ်မခံတော့ဖို့ မြေကြီးလက်ခတ်မလွဲ အားထုတ်လာတော့မှာပါ။

ပပ်က ချယ်လ်ဆီးနဲ့ကစားမယ့် UCL ဖိုင်နယ်မှာ မိုနာကို၊ လီဗာပူးလ်၊ စပါးစ်တို့က သင်ကြားပေးခဲ့တဲ့ ပညာတွေအရ ခံစစ်ပိုင်း မလုံမှုကို အသွင်ပြောင်းလဲပြီး နည်းဗျူဟာအရရော ခံစစ်ပိုင်းအရပါ ပြောင်မြောက်အောင် စွမ်းဆောင်သွားဖို့ ဖြစ်လာခဲ့ချိန်မှာ မြွေမြွေချင်းခြေမြင်တတ်တဲ့ တူဟယ်နဲ့ ရင်ဆိုင်ရမှာက စိန်ခေါ်မှုအသစ်လို့ မှတ်ချက်ပြုနိုင်ပါတယ်။

ပပ်ရဲ့ဘောလုံးဒဿနက ဘောလုံးကိုင်ထားတဲ့အသင်းက ခံစစ်ကိုပါ စောင့်ရှောက်ပြီးသားဖြစ်တယ်ဆိုတဲ့ အတိတ်ဟောင်းက ခံယူချက်ကနေ ဆန်းသစ်မှုတွေကို ရှာဖွေလာခဲ့တာဖြစ်ပြီး ဘောလုံးမကိုင်ထားတဲ့အသင်းကလည်း ဂိုးသွင်းနိုင်တယ်ဆိုတဲ့ အားသာချက်ကို တန်ပြန်လက်ကိုင်အသုံးပြုလာတာကို တွေ့ရတယ်။

PSG နဲ့ ချန်ပီယံလိဂ်ဆီမီးဒုကျော့မှာ စီးတီးရဲ့ ဘောလုံးပိုင်ဆိုင်မှုက သိသိသာသာ အသာစီးရယူမှုကို စွန့်ပစ်ခဲ့ပြီး ၄၄ ရာခိုင်နှုန်းသာ ရှိခဲ့သလို ဂိုးပိုသွင်းနိုင်ဖို့အဓိကဆိုတဲ့ မူဝါဒကို ဖော်ဆောင်ခဲ့တာက လျင်မြန်ဖျတ်လတ်တဲ့ ကောင်တာကိုအားပြုကစားနေတဲ့ PSG ကို ဖြုတ်ချဖို့ လုံလောက်ခဲ့တယ်။

တိုက်စစ်မှာ အလုံးအရင်းနဲ့ စစ်မျက်နှာဖွင့်တတ်လွန်းတဲ့ မန်စီးတီးက လက်ရှိမှာ သူတို့ရင်ဆိုင်ရမယ့် တူဟယ်လ်ရဲ့ဟန်အတိုင်း ကျောက်ဆောင်ခံစစ်ကိုပါ သီးခြားလက္ခဏာအနေနဲ့ ပေါင်းစပ်ဖော်ဆောင်လာခဲ့တာကို တွေ့ခဲ့ရတာက ချန်ပီယံလိဂ်ဖိုင်နယ်အထိ ရောက်လာတဲ့ခရီးမှာ ပေးဂိုး ၄ ဂိုးသာ ရှိခဲ့တာက အားကောင်းတဲ့သက်သေပါ။

ဒါ့အပြင် ပပ်ကို ၂ ကြိမ်ဆက် အလဲထိုးခဲ့တဲ့ ချယ်လ်ဆီးရဲ့ ကွန်တေဦးဆောင်တဲ့ ခံစစ်ပိုင်းအလုပ်ကြိုးစားမှုကို လိုက်မီပါ့မလားဆိုတာက မေးသင့်တဲ့မေးခွန်းတခုဖြစ်လာသလို ချန်ပီယံကို ဆုံးဖြတ်ပေးမယ့်အဖြေလို့လည်း ဆိုနိုင်ခြင်းကနေ PSG ကို အနိုင်ပိုင်းခဲ့တဲ့ ကောင်တာ ၂ ဂိုးကလည်း မန်စီးတီးရဲ့ကစားဟန်ကို အသွင်တမျိုးဆန်းသစ်စေမယ့် နောက်ထပ် သီးခြားလက္ခဏာတခုဖြစ်လာမလား၊ ချန်ပီယံလိဂ်ကို အခွင့်သာခိုက်မှာ အမိအရသိမ်းပိုက်ယူသွားမလားဆိုတာကတော့……။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z