Match Report Premier League

ဆောက်သမ်တန်ကို အန်းဖီးလ်မှာ အနိုင်ယူပြီး ချန်ပီယံလိဂ်ကို လက်မလျှော့သေးတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာတော့ ရီးစ် ဝီလီယမ်စ်နဲ့ နာသန် ဖိလစ်တို့ ခံစစ်အတွဲကို အာနိုးလ်ဒ်၊ ရောဘတ်ဆန်တို့နဲ့အတူ ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာ ဗိုင်နယ်လ်ဒွမ်၊ ဖာဘင်ညိုနဲ့ သီယာဂို၊ တိုက်စစ်မှာ မာနေးနဲ့ ဆာလားတို့ကို ဂျိုတာနဲ့ တွဲဖက်ပေးခဲ့ပြီး ၄-၃-၃ ကစားကွက်ကိုပဲ ထုတ်သုံးလာခဲ့ပါတယ်။

ဝါရင့်နောက်ခံလူ ဘာထရန်နဲ့ ဘက်ဒ်နာရက်ခ်တို့ မပါနိုင်တဲ့ ဆောက်သမ်တန်အသင်းကတော့ အနည်းငယ် အားနည်းနေခဲ့ပြီး တိုက်စစ်မှာလည်း ဒန်နီအင်းစ် ဒဏ်ရာရှိနေချိန်မှာ လီဗာပူးလ်တို့ကို ထိထိရောက်ရောက် တုံ့ပြန်ကစားနိုင်ခြင်းမရှိသလို အဆုံးသတ်ပိုင်းက အားနည်းမှုတွေကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲအစပိုင်းတွေမှာ မာနေးနဲ့ ဆာလားတို့ တစ်ယောက်ကို တစ်ယောက် မပေးဘဲ ကန်ခဲ့ကြတဲ့ အခွင့်အရေးနှစ်ကြိမ်က ဂိုးမဖြစ်ဘဲ နစ်နာခဲ့ရပြီး ဂျိုတာရဲ့ လိမ်ခေါက်ကန်သွင်းမှုကိုလည်း ဂိုးသမား ဖော်စတာ ကာကွယ်နိုင်ခဲ့လို့ လီဗာပူးလ်တို့ အဖွင့်ဂိုးနဲ့ ဝေးနေခဲ့ပြီး ရှေအက်ဒမ်စ်နဲ့ ရက်ဒ်မွန်တို့ရဲ့ အခွင့်အရေးနှစ်ကြိမ်ကိုလည်း အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ပြီး ဆာလားရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို မာနေးက ဆောက်သမ်တန် နောက်ခံလူတွေရဲ့ လူကျွံဘောဖမ်းမှုကို ကျော်ဖြတ်ပြီး အနီးကပ် ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား ဖော်စတာတစ်ယောက် ကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာ ဆာလားနဲ့ သီယာဂိုတို့ရဲ့ ကန်ချက်တွေကို နောက်ခံလူ ဗက်စတာဂတ် ပိတ်ဆို့သွားနိုင်ခဲ့ပြီး ပွဲချိန် ၄၄ မိနစ်မှာတော့ ဆောက်သမ်တန်ဘယ်ခြမ်းက ရက်ဒ်မွန့်ရဲ့ ဖြတ်တင်ဘောကို တယ်လာ ခေါင်းတိုက်ချက်က အယ်လစ်ဆန်ဆီပဲ ရောက်သွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ အိမ်ရှင်လီဗာပူးလ်တို့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဂျိုတာရဲ့ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ခဲ့ပြန်သလို လီဗာပူးလ်တို့ကတော့ Pressing ပိုင်ပိုင်နဲ့ ဖိကစားနေခဲ့ပြီး ဆောက်သမ်တန်နောက်တန်းက Build-up လုပ်ဖို့တောင် မတတ်နိုင်ဘဲ မကြာခဏဆိုသလို နောက်တန်းချင်းနဲ့ ဂိုးသမားကိုပဲ ပြန်ပေးနေရတဲ့အထိ ကစားကွက်ကို စိုးမိုးထားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ ကျော်မှာ အိုဘာဖီမီ ခေါင်းတိုက်ချပေးတာကို ဂျယ်လို ကန်ခဲ့ပေမယ့် အယ်လစ်ဆန် ပုတ်ထုတ်နိုင်ခဲ့ပြီး သူပဲ လူပေးမှားရာက ရှေအက်ဒမ်စ်ရသွားပြီး ကန်တာကိုလည်း ပြန်ပြီး အမိဖမ်းနိုင်ခဲ့လို့ လီဗာပူးလ်တို့ သရေကျမယ့်အရေးက ဝေးခဲ့ရသလို ဂိုးရကံမပါတဲ့ ဂျိုတာကတော့ ဂိုးပေါက်တည့်ပေမယ့် ဂိုးသမား၊ နောက်တန်းတွေနဲ့ပဲ ညားနေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ လီဗာပူးလ်တို့ ဒုတိယဂိုး ထပ်မံရယူနိုင်ခဲ့ပြီး Pressing ကစားရာကနေ ဆောက်သမ်တန်တို့ ရွေးချယ်စရာမရှိဘဲ နောက်ပြန်ပေးတာကို ဖြတ်ယူသွားခဲ့တဲ့ လူစားဝင်တိုက်စစ်မှူး ဖာမီနိုက ပြန်ချိုးပေးတာကို ကွင်းလယ်လူ သီယာဂိုက သူ့ရဲ့ လီဗာပူးလ်ကစားသမားဘဝ ပထမဦးဆုံးဂိုးအဖြစ် ကန်သွင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ လီဗာပူးလ်တို့ နှစ်ဂိုး- ဂိုးမရှိနဲ့ အန်းဖီးလ်မှာ အောင်ပွဲခံနိုင်ခဲ့ပြီး ဒီပွဲရလဒ်ကြောင့် ရမှတ် ၅၇ မှတ်နဲ့ ချန်ပီယံလိဂ်အပါအဝင် ဥရောပပွဲတွေ ယှဉ်ပြိုင်ခွင့် မျှော်လင့်ချက်ကို သက်တမ်းတိုးနိုင်ခဲ့သလို လက်စတာနဲ့ ဝက်စ်ဟမ်းတို့ ခြေချော်ရင် အခွင့်အရေး ရယူနိုင်ဖို့ နောက်ကလိုက် ဖိအားပေးနိုင်ဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z