Premier League

ပွဲဆူနေတဲ့ စူပါလိဂ်ကြောင့် အူဘာရဲ့ တွစ်တာအကောင့်ကို အပြီးတိုင် ဖျက်သိမ်းလိုက်ချိန်မှာ မာတီနယ်လီရဲ့ဒေါသကို မျိုသိပ်ထားဖို့ အာတီတာသတိပေး

ငှက်ဖျားမိထားလို့ ဆေးရုံတက်ပြီး ကုသမှုခံယူနေရတဲ့ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ သူ့ရဲ့ တွစ်တာအကောင့်ကို အပြီးတိုင်ဖျက်သိမ်းလိုက်ကြောင်း ကြေငြာခဲ့ပြီး အခုလိုကြေငြာဖို့ ပို့စ်အရှည်တခုကိုလည်း ရေးသားသွားခဲ့ပါတယ်။

သူ့ရဲ့ရေးသားမှုမှာတော့ လတ်တလော အရမ်းဟော့နေတဲ့ ဥရောပစူပါလိဂ်အကြောင်း ပွဲဆူလွန်းနေတာဟာ အခြားအရေးကြီးအကြောင်းအရာများကို ဖုံးလွှမ်းသွားစေကြောင်း၊ ကိုရိုနာရောဂါနဲ့ လူမျိုးရေးခွဲ​ခြားမှု ကိစ္စရပ်များကို မှေးမှိန်သွားစေကြောင်း သူက ဒေါသတကြီး ဆိုခဲ့ပါတယ်။

” ငါ မင်းကို လွမ်းနေမှာ မဟုတ်ဘူး တွစ်တာရေ….။ ခင်ဗျားတို့မှာ ဥရောပစူပါလိဂ်အကြောင်းတခုပဲ ပလူပျံအောင် ပြောစရာရှိနေလား။ ကိုဗစ်အကြောင်း စိတ်မဝင်စားကြတော့ဘူးလား။ နေမကောင်းတာတောင်မှ ဖုန်းမသုံးဘဲနေရင် ပိုပြီးနေလို့ထိုင်လို့ကောင်းတယ်ဗျာ။ ကျွန်တော်တော့နားပါပြီ ” လို့ အူဘာက အသိပေးခဲ့တာကိုတွေ့ရတယ်။

အခုလို အူဘာက အနားယူနေရတဲ့တဖက်မှာတော့ အာဆင်နယ်နည်းပြအာတီတာအနေနဲ့ ပြီးခဲ့တဲ့ဒီဇင်ဘာမှာ ဒဏ်ရာက ပြန်သက်သာလာခဲ့တဲ့ ဂေဘရီယယ်လ် မာတီနယ်လီဟာ သူ့ရဲ့ ဒေါသကို မျိုသိပ်ထားပြီး ပွဲထွက်ကစားခွင့်ရဖို့ စိတ်ရှည်ရှည်ထားရမှာဖြစ်ကြောင်း သတိပေးသွားခဲ့တာပါ။

သူဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ၃ ပွဲသာ ပွဲထွက်ကစားခွင့်ရထားပြီး ၁၉ နှစ်သားဟာ သူ့ရဲ့အာဆင်နယ်တာထွက်ရာသီဖြစ်တဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ ၂၆ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူထားခဲ့တာဖြစ်သလို ဘရာဇီးလ်တိုက်စစ်မှုးဟာ ဒီရာသီမှာ အူဘာနဲ့ ဝီလီယံတို့ နေရာပျောက်နေချိန်မှတောင်မှ အာတီတာရဲ့ ခေါက်ထားခြင်းကို ခံခဲ့ရတာဖြစ်လို့ သူက ပွဲထွက်ခွင့်မျှော်နေရတာပါ။

” သူ့အတွက် အချိန်ယူရပါဦးမယ်။ သူက ပွဲကစားဖို့ အရမ်းဆန္ဒပြင်းပြတယ်။ သူကတော့ အခုချိန်မှာ ကျွန်တော့်ဆုံးဖြတ်ချက်တွေကို နားလည်နိုင်ဦးမှာ မဟုတ်ပါဘူး။ တကယ့်ကို ဒါက သူ့ကို အကူအညီပေးနေတာပါ။ ”

” သူ့အနေနဲ ပြေးဆိုရင် တုံးတိုက်တိုက်ကျားကိုက်ကိုက်​ပြေးပြီး လဲကျရင်လည်း ချက်ချင်းပြန်ရုန်းထနိုင်တဲ့ ကြံ့ခိုင်သန်မာမှုမျိုးကို ဖြည့်ဆည်းရပါဦးမယ်။ အရန်ခုံမှာ ထိုင်ရတိုင်း ခံစားချက်တွေကို မျိုသိပ်ပြီး၊ ဒေါသတွေကို အသုံးချပြီး၊ ပွဲကစားဖို့ ဆာလောင်မှုတွေ တဖွားဖွား မွေးမြူထားဖို့ လိုပါတယ်” လို့ အာတီတာက ရှင်းပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.