Premier League

ဆန်ချို၊ ဟာလန်း၊ အမ်ဘာပေ လက်သစ်တွေကို မိုက်ကယ် အက်ဒ်ဝါ့ဒ်ရဲ့ မှော်အစွမ်းနဲ့ ဈေးချိုချိုနဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတဲ့ လီဗာပူးလ်

လီဗာပူးလ်ရဲ့ လူစာရင်းကို ကြည့်လိုက်ရင် ဆာလာ၊ မာနေး၊ ဂျိုတာ၊ ဖာမီနိုတို့အုပ်စုနဲ့ ကမ္ဘာ့အဆင့်အသင်းအဖြစ် တစင်ထောင်လာခဲ့တာကို တွေ့ရမှာပါ။ သူတို့အပြင် မီလ်နာ၊ အာနိုးလ်၊ ရော်ဘတ်ဆန်တို့ဟာ လီဗာပူးလ်ရဲ့ ပါးနပ်တဲ့ လှုပ်ရှားမှုတွေအဖြစ် အပြောင်းအရွှေ့ကိစ္စရပ်မှာ ထင်ထင်ရှားရှား ရှိခဲ့တယ်။

မိုက်ကယ် အက်ဒ်ဝါ့ဒ်လို ကစားသမားဝယ်ယူရေးမှာ လီဗာပူးလ်ကိုကြိုးကိုင်ထားတဲ့သူက အသင်းက မူတခုတည်ဆောက်ထားတယ်။ ကမ္ဘာ့ဘောလုံးလောကရဲ့ သည်းသည်းလှုပ် ကစားသမားတွေထက် ရွက်ပုန်းသီးကစားသမားတွေကိုသာ စင်တော်ကောက်ပြီး မြေတောင်မြှောက်ပေးခဲ့တာကို မြင်ရမှာပါ။

လီဗာပူးလ်ရဲ့ စဥ်းစားပုံက မန်စီးတီးလို ငွေထုပ်ပိုက်ပြီး ဝယ်ယူနေဖို့ မဟုတ်ပါဘူး။ စျေးတော်ပြီး အရည်အသွေးမြင့်ကစားသမားတွေကို စေ့စေ့စပ်စပ် ရှာဖွေတာဖြစ်တယ်။ ဒါက လီဗာပူးလ်ရဲ့ မူဖြစ်လာတယ်။

အသင်းတိုင်းက တကောက်ကောက်လိုက်နေတဲ့ စတားပါဝါရှိတဲ့ ကစားသမားတွေထက် အသင်းရဲ့ ကင်းထောက်အဖွဲ့က သေချာ Scout လုပ်ပြီး သေချာမှ အပိုင်ဝယ်တာဖြစ်တယ်။ စျေးကွက်ထဲငွေထုပ်နဲ့ ဝင်လာပြီး စျေးကိုင်ကစားခံရမယ့် ပစ်မှတ်အသင်းအဖြစ် လီဗာပူးလ်က ရပ်တည်လာမှာ မဟုတ်ဘူး။

ဒီစံနှုန်းအရတော့ ဆန်ချို၊ ဟာလန်း၊ အမ်ဘာပေတို့လို ကမ္ဘာ့လူငယ်ကြယ်ပွင့်အုပ်စုက လီဗာပူးလ်ရဲ့ အဝယ်စာရင်းထဲ မပါဝင်ဖို့များတယ်ဆိုတာ နားခါးစရာ ဖြစ်နေမှာ သေချာပါတယ်။ ဒါက လီဗာပူးလ်သွားနေတဲ့ လမ်းကြောင်းရဲ့ အမှန်တရားလည်းဖြစ်တယ်။

စျေးကွက်ထဲ လှမ်းကြည့်တဲ့အခါ ဆန်ချိုစတိုင်လ်ကစားသမားမျိုးဆိုရင် စျေးသင့်တဲ့အထဲက ဘရာဇီးလ်သား ရာဖင်ညာက လီဗာပူးလ်ရဲ့ပစ်မှတ်ထဲ ရှိနေမယ်။ ၂၄ နှစ်သားဖြစ်ပြီး စွယ်စုံရသလို ဆန်ချိုရဲ့ ဖန်တီးနိုင်စွမ်းမျိုးနဲ့ အတော်လေး အရည်အသွေး ပြည့်မီတယ်။ မော်ဆာ ဒီယာဘီ၊ ခရစ္စတိုဖာ အန်ကွန်ကူ၊ ပက်ဒရို နီတို့ကလည်း ဖြစ်နိုင်ခြေထဲမှာ ရှိနေတယ်။

နောက်တခါ အမ်ဘာပေလို ကစားသမားမျိုးရှာမယ်ဆိုရင်တော့ လက်စတာအသင်းက ဟာဗေး ဘားနက်စ်လို လျင်မြန်ပြီး တိုးအားကောင်းသူမျိုးရှိတယ်။ သူ့ကို လီဗာပူးလ်က ချိန်ရွယ်သွားဖို့ ရှိတယ်။ ကစားဟန်ချင်းတူတဲ့ ရက်ရှ်ဖို့ဒ်၊ ဗာနာ၊ ရာဟင်းမ် စတာလင်းတို့က သူ့အသင်းနဲ့သူ ရှိထားပြီးသားဖြစ်နေတာပါ။

အခက်ခဲဆုံးက ဟာလန်းလို ဂိုးသွင်းမုဆိုးစစ်စစ်် ရှာဖွေနိုင်ဖို့ပါပဲ။ သူက ဂိုးသွင်းကောင်းရုံတင်မကဘဲ တန်ပြန်တိုက်စစ်မှာ အရမ်းလျင်မြန်တယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကိုအားပြုပြီး ပြိုင်ဘက်ခံစစ်ဧရိယာကိုပါ ဝင်သိမ်းပိုက်နိုင်တဲ့ တိုက်စစ်မှူးစစ်စစ်ဖြစ်တယ်။ အရပ် ၆ပေ ၄ လက်မနဲ့ ကြံ့ခိုင်မှုသိပ်ကောင်းတယ်။

သူ့လို ကစားသမားမျိုးဆိုရင်တော့ သူသာရှိတယ်လို့ ဆိုရမှာဖြစ်ပေမယ့် ရုပ်ပိုင်းအားသာချက်ချင်းတော့ တူညီပြီး တရည်နိမ့်တဲ့ ကစားသမားတွေထဲကဆိုရင်တော့ လူငယ်ပိုင်းတွေထဲကဖြစ်တဲ့ ကဲလ်ဗတ် လူဝင်၊ တန်မီ အေဘရာဟမ်တို့အပြင် ၂၆ နှစ်အရွယ် အန်ဒရေ ဆေးလ်ဗားကလည်း လီဗာပူးလ်ရဲ့ အဝယ်စာရင်းထဲ ရောက်လာဖို့ ရှိနေကြောင်းလည်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.