Premier League

အဝေးကွင်းမှာ လာကာဇက်ရဲ့ ဆက်တိုက်ခြေစွမ်းပြမှုတွေနဲ့ ဆီမီးတက်တဲ့ အာဆင်နယ် ၆

အာဆင်နယ်အသင်းဟာ ပထမအကျော့ အိမ်ကွင်းမှာ ဆလားဗီးယား ပရာဟာကို နောက်ဆုံးမိနစ်မှာ ချေပဂိုးပေးခဲ့ရတဲ့ အမှားကို ပြန်လည် ချေဖျက်နိုင်ဖို့ ဒီနေ့မှာ ကြိုးစားပြင်ဆင်လာခဲ့ပြီး အဝေးကွင်းနှစ်ပွဲဆက်တိုက် ခြေစွမ်းပြနေတဲ့ လာကာဇက်ရဲ့ အင်အားနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ငှက်ဖျားမိနေတဲ့ အူဘာမီယန်း မပါဝင်ကတည်းက စည်းလုံးမှုနဲ့ ရစ်သမ်ကို ပြန်ရနေတဲ့ အာဆင်နယ်အတွက် တိုက်စစ်မှာ ဘယ်သူကစားကစား တော်တော်လေး စိတ်ကျေနပ်စရာဖြစ်ခဲ့ပြီး ကစားသမားတွေရဲ့ နားလည်မှုနဲ့ အတက်အဆင်း နေရာယူပုံတွေ ကောင်းခဲ့သလို ဒီနေ့မှာ ခံစစ်အစွန်လူတွေ မပါဝင်နိုင်တဲ့အတွက် ဘောလုံးဆုံးရှုံးချိန်မှာ ၄-၂-၃-၁ နဲ့ ပိုင်ဆိုင်ချိန်မှာ ၃-၃-၃-၁ ကို ချာကာအားကိုးနဲ့ အရှင်ကစားသွားခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဆာကာရဲ့ ကန်ချက် တိုင်ထိထွက်လာတာကို စမစ်ရိုးက ပိတ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရပြီး တစ်ဖက်အသင်းရဲ့ စောဒကတက်မှုတွေကြားမှာ ဒိုင်လူကြီးက VAR နဲ့ ပြန်လည်ကြည့်ရှုပြီး ပယ်ဖျက်သွားခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၁၈ မိနစ်မှာ ပေပေက အာဆင်နယ်တို့ရဲ့ တွဲလုံးတွေကို လူကျွံထောင်ချောက်နဲ့ ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ဆလားဗီးယားနောက်တန်းကို ကျော်ဖြတ်ပြီး စမစ်ရိုးပေးတဲ့ ဘောလုံးကို ဂိုးသမားနဲ့ နောက်တန်းတို့ ပိတ်ဆို့နေတဲ့ကြားထဲကနေ သွေးအေးအေးနဲ့ ကန်သွင်းနိုင်ခဲ့လို့ အဝေးကွင်းမှာ ဂန်းနားတွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ စမစ်ရိုးပေးတဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ ရယူတဲ့ ဆာကာကို ဆလားဗီးယားကွင်းလယ်လူ ဟရိုမာဒါ အဖျက်ကြမ်းလို့ရတဲ့ ပင်နယ်တီကို လာကာဇက်က ဂိုးသမား ခိုလာကို လှည့်စားပြီး ကန်သွင်းယူနိုင်ခဲ့လို့ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါတယ်။

သုံးမိနစ်အကြာ ပွဲချိန် ၂၄ မိနစ်မှာ အာဆင်နယ်တို့ နောက်တစ်ဂိုး ထပ်မံရယူနိုင်ခဲ့ပြီး ချိမ်းဘားစ်ရဲ့ တစ်ဖက်ကစားသမားကို ကျော်ဖြတ်ဖန်တီးမှုကနေ ဆာကာက အဝင်မှားခဲ့တဲ့ နောက်ခံလူကို ကျော်ဖြတ်ပြီး အနီးတိုင်ခြေကို အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား လှုပ်တောင် မလှုပ်နိုင်ခဲ့ဘဲ တတိယဂိုးနဲ့ ဦးဆောင်ခဲ့ပြီး ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

အိမ်ကွင်းမှာ သုံးဂိုးပေးထားရတဲ့ ဆလားဗီးယားတို့ ချေပဂိုးရဖို့ တင်ကစားလာခဲ့ပေမယ့် အာဆင်နယ်နောက်တန်းက သတိကြီးကြီးနဲ့ ဖျက်ထုတ်နိုင်ခဲ့သလို အိမ်ရှင် ချက်တွေကို တစ်ကြိမ်မှ ဂိုးပေါက်မတည့်အောင်လည်း စွမ်းဆောင်သွားနိုင်ခဲ့ပြီး အသင်းရဲ့ Zonal Marking နဲ့ Close Down တွေက အဓိကကျခဲ့တာလည်းဖြစ်ပါတယ်။

ဆလားဗီးယားတို့ ဖိကစားနေရင်း ပွဲချိန် ၇၇ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ပေပေဘောလုံးရလာခဲ့ပြီး ဘယ်တောင်ပံကနေ အနိမ့်ဘော ချိုးပေးတာကို လာကာဇက်က ပိတ်ဆို့ထားတဲ့ နောက်ခံလူနှစ်ဦးကို ညာခြေနဲ့ တစ်ချက်ခေါက်ပြီး ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးဝင်သွားခဲ့လို့ လေးဂိုး-ဂိုးမရှိနဲ့ အာဆင်နယ်တို့ အားသာချက်ကို ထပ်မံတိုးမြှင့်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ ဆီးဒရစ်ကို ထည့်ပြီး ၄-၂-၃-၁ စစ်စစ် ပြန်ကစားခဲ့သလို တစ်ဖက်တိုက်စစ်ကို ထိန်းချုပ်သွားနိုင်ခဲ့လို့ အိမ်ကွင်းမှာ ရလဒ်မကောင်းခဲ့မှုကို ချေဖျက်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို အမှားအယွင်းမရှိ တက်လှမ်းသွားနိုင်ခဲ့သလို နောက်တစ်ဆင့်မှာတော့ အာတီတာအနေနဲ့ သူ့ရှေ့က နည်းပြ အူနိုင်း အမ်မရီ ကိုင်တွယ်နေတဲ့ ဗီလာရီးယဲလ်နဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.