Bundesliga La Liga Premier League

မန်ချက်စတာစီးတီးတောင်ပံကစားသမားကို စိတ်ဝင်စားနေတဲ့ စပိန်အင်အားကြီးနှစ်သင်း

မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမားတွေ ဖြစ်ကြတဲ့ ရီယက် မာရက်ဇ်နဲ့ လီရွိုင်း ဆာနေးတို့အနေနဲ့ ဒီရာသီမှာ အသင်းကနေ ထွက်ခွာဖို့ အသံတွေ ထွက်နေခဲ့သလို ဥရောပရဲ့ အင်အားကြီးအသင်းတွေကလည်း သူတို့ကို ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေကြကြောင်း သိရပါတယ်။

အယ်လ်ဂျီးရီးယားသား မာရက်ဇ်ကိုတော့ ပြင်သစ်အင်အားကြီး ပီအက်စ်ဂျီက စောင့်ကြည့်နေခဲ့ချိန်မှာ ဂျာမန်သား လီရွိုင်း ဆာနေးကိုတော့ ပြီးခဲ့တဲ့ နွေရာသီကတည်းက စောင့်ဆိုင်းနေခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းအပြင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတွေကပါ ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ကြတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဂျစ်နဲ့ ဆာနေးဘက်က ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ နွေရာသီက တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့တဲ့နောက် မန်စီးတီးအသင်းနဲ့ ဆက်လက်ဆွေးနွေးဖို့ ရှိနေတုန်းမှာပဲ ကစားသမားအနေနဲ့ ပြင်းထန်တဲ့ ဒဏ်ရာကို ရရှိသွားခဲ့လို့ အပြောင်းအရွှေ့ပျက်ခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဒီနွေရာသီမှာတော့ ကစားသမားကောင်းအင်အား လျော့ကျလာတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့အနေနဲ့ တိုက်စစ်မှာ လျင်လျင် မြန်မြန်နဲ့ ကျွမ်းကျင်မှုပြည့်ဝတဲ့ ကစားသမားမျိုးကို ရှာဖွေနေရာမှာ ဘိုင်ယန်မြူးနစ်အနေနဲ့ ပြီးခဲ့တဲ့နှစ်ကလိုမျိုး တစ်ကိုယ်တော်လုပ်ဆောင်နိုင်ဖို့ မလွယ်ကူတော့တာလည်းဖြစ်ပါတယ်။

လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့မယ့် ဆာနေးအတွက် မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ သတ်မှတ်ထားတယ်လို့ သိရပြီး လက်ရှိအခြေအနေတွေအရ ငွေကြေးအင်အား ပိုမိုတောင့်တင်းနေတဲ့ ဘိုင်ယန်နဲ့ ပုံရိပ်ပိုမြင့်မားတဲ့ စပိန်နှစ်သင်းရဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ရဖွယ်ရှိကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။