Premier League

ဆင်ခြေတွေမလိုဘူး၊ ရာသီကုန်အထိ တိုက်ပွဲဝင်ပြီး လီဗာပူးလ်ဘာလဲဆိုတာကိုပြမယ်လို့ မာနေးကြုံးဝါး

လီဗာပူးလ်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဆာဒီယို မာနေးဟာ မိမိအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီဆုကို မကာကွယ်နိုင်ခဲ့မှုကြောင့် ဆင်ခြေဆင်လက် အကြောင်းပြချက်တွေ ပေးနေစရာမလိုအပ်သလို ရာသီကုန်အထိ ဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်ပြီး လီဗာပူးလ်ဘာလဲဆိုတာကို ပြမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက နှစ် ၃၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ပြန်လည်ကိုင်မြှောက်ပြီး အောင်ပွဲဆင်ခဲ့ကာ စံချိန်တွေကို ရိုက်ချိုးခဲ့တာဖြစ်ပါတယ်။ အတက်အကျမျိုးစုံ ကြုံတွေ့နေရတဲ့ ကမ္ဘာ့ထူးခြားဆန်းပြားမှုတွေရဲ့ ရိုလာကိုစတာလို အခြေအနေဆိုးတွေကြောင့် ဘောလုံးကမ္ဘာကို ရိုက်ခတ်လာတဲ့ လက်ရှိဘောလုံးရာသီမှာတော့ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်မှာ ၂၉ ပွဲကစားပြီး ၄၆ မှတ်သာ ရရှိထားကာ ဒဏ်ရာအကျပ်အတည်းဟာ အဓိကပြဿနာအဖြစ် အသင်းကို ထိုးနှက်ချက်ပြင်းခဲ့တာပါ။

နည်းပြယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်ဟာ ပြည်တွင်းမှာတော့ ပရီးမီးယားလိဂ်ချန်ပီဆုကို ကာကွယ်ဖို့ မဖြစ်နိုင်တော့သလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့တောင် အဆင့် ၄ အတွင်းဝင်အောင် ရာသီကုန်အထိ မနည်းရုန်းကန်ရတော့မယ့် အခြေအနေကို ဆိုက်ရောက်နေရတဲ့တဖက်မှာ ဥရောပချန်ပီယံလိဂ်ဖလားကိုတော့ ဆက်လက်အိပ်မက်မက်ခွင့်ရှိနေသလို ချန်ပီယံဖလားကို သိမ်းပိုက်ပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ မျှော်လင့်ချက်ကောင်းတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

” ကျွန်တော်တို့တွေ ဒီအခြေအနေဆိုးကို ကောင်းကောင်းရင်ဆိုင်ကိုင်တွယ်ရပါမယ်။ ပြဿနာကို ဖြေရှင်းမယ်ဆိုရင် ယုံကြည်မှုကို ဘယ်တော့မှ ရပ်တန့်ပစ်လို့ မရပါဘူး။ ဆက်လက်ပြီး တိုက်ခိုက်နေမယ်။ ရှေ့ကိုလျှောက်ပြီး တိုက်ပွဲဝင်သွားမယ်”

” ကျွန်တော်တို့အသင်းက ဖိုက်တာအသင်းပါ။ ဒါကြောင့် ဘာဆင်ခြေမှမလိုဘူး။ ကျွန်တော်တို့ အဖြေရှာမယ်။ အသင်းဖော်တွေနဲ့အတူတူ ရှိ​နေရတိုင်း ကျွန်တော့်မှာ ခွန်အားတွေ ပြင်းပြလာတယ်။”

” ဒီလို ရှုပ်ထွေးအ​ခြေအနေတရပ်က မမျှော်လင့်ဘဲ ဖြစ်လာခဲ့လို့ပဲ ပြောရမယ်။ ကျွန်တော်တို့အသင်းက အမြဲအောင်မြင်ခဲ့တယ်။ လက်ရှိမှာတော့ အရှိကိုအရှိအတိုင်းမြင်ပြီး လက်ခံရမှာဖြစ်တယ်”

” ကျွန်တော်ယုံကြည်တယ်။ အရာရာ ပြောင်းပြန်လန်သွားလိိမ့်မယ်။ ကျွန်တော်တို့ ရှေ့ဆက်ပြီး တိုက်ပွဲဝင်မယ်။ ကျွန်တော်တို့လီဗာပူးလ် ဘာလဲဆိုတာကို ပြသမယ်။ ဒီအခြေအနေဆိုးကို ကျွန်တော်တို့ ပြောင်းလဲပစ်မယ်” လို့ မာနေးက ကြုံးဝါးခဲ့ပြီး သူဟာ လက်ရှိမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲကစားပြီး ၁၂ ဂိုးသာသွင်းယူထားလို့ ပြီးခဲ့တဲ့နှစ်က မာနေးရဲ့စွမ်းဆောင်ရည်ပြောင်မြောက်မှုနဲ့ ချိန်ထိုးကြည့်ရင်တော့ အတော်ကျဆင်းသွားတဲ့ စွမ်းဆောင်ရည်မျိုးကိုသာ ပြသထားနိုင်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.