Premier League Transfer News

31 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းမှာ ကစားလာတာ ငါးရာသီမြောက်ကို ရောက်ရှိနေပေမယ့် ပရိသတ်တွေ သဘောကျတဲ့ တည်တည်ငြိမ်ငြိမ်ပုံစံကို မပြသနိုင်သေးသလို အမှားအကျူးလွန်ဆုံး ကစားသမားလည်းဖြစ်နေတဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာအနေနဲ့ သူနဲ့ အသားအကျဆုံး ဂျာမန်ဘွန်ဒက်စ်လီဂါကိုပဲ နွေရာသီမှာ ပြန်ဖို့ရှိနေ။

– မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က အာဆင်နယ်အသင်းရဲ့ လူငယ်တောင်ပံသမား ဘူကာယို ဆာကာကို ချီးကျူးလိုက်ပြီး အသက် ၁၉ နှစ်အရွယ် ဟေးလ်အန့်ဒ်အကယ်ဒမီထွက်ဟာ မြင့်မားတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားကြောင်းဆို။

– ဥရုဂွေးအသင်းကနေ ခွင့်ယူပြီး မိခင်ရဲ့ ကျန်းမာရေးမကောင်းလို့ အိမ်ပြန်သွားခဲ့တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားအတွက်တော့ ဝမ်းနည်းစရာနဲ့ ကြုံတွေ့ခဲ့ရပြီး အသက် ၅၃ နှစ်အရွယ် ဗီဗီယာနာ ဒီပက်စ်ကွာဟာ ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားခဲ့ကြောင်း သတင်းတွေ ဖော်ပြ။

– စုတ်ပြတ်သတ်နေတဲ့ စွမ်းဆောင်ရည်တွေကို ပြသနေပြီး နှစ်ပွဲကစား နှစ်ပွဲရှုံးထားတဲ့ အင်္ဂလန် ယူ-၂၁ အသင်းမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကို ချက်ချင်း လေယာဉ်ငှားပြီး ပြန်လည်ခေါ်ယူဖို့ အာဆင်နယ်ပရိသတ်တွေက တောင်းဆို နေကြပြီး အမြန်ဆုံးဆေးကုသစေဖို့ အလိုရှိနေကြ။

– အာဆင်နယ်အသင်းကနေ စာချုပ်ဖျက်သိမ်းပေးလိုက်ပြီး ရှော်လ်ကာအသင်းကို ပြောင်းရွှေ့ခွင့်ပေးခဲ့တဲ့ နောက်ခံလူ ရှကိုဒရန် မူစတာဖီ အနေနဲ့ လာမယ့်ရာသီမှာ ကစားသမားဘဝကို ပြန်လည်မြင့်မားအောင်လုပ်ဆောင်နိုင်ခြေရှိနေပြီး အင်တာမီလန်အသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ။

– စကော့တလန်နဲ့ ရိန်းဂျားစ်ကစားသမားဟောင်း ဘယ်ရီ ဖာဂူဆန်က အာဆင်နယ်အသင်းအနေနဲ့ ကီရန် တီယာနီကို နှစ်ရှည်စာချုပ်သစ် ပေးအပ်ဖို့နဲ့ မဟုတ်ရင် ဥရောပအသင်းကြီးတွေဆီ လက်လွှတ်ဆုံးရှုံးရဖို့ များနေတယ်လို့ သတိပေးလိုက်ပြီး အသင်းမှာ ပျော်ရွှင်အောင် ဆွဲဆောင်စည်းရုံးထားဖို့ သတိပေး။

– အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာစီးတီးအသင်းကနေ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို ခေါ်ယူဖို့ အလိုရှိနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာခဲ့ပြီး ချဲလ်ဆီး၊ လီဗာပူးလ်တို့နဲ့ ပြိုင်ဆိုင်ခေါ်ယူရဖွယ်ရှိနေ။

– လာမယ့်နွေရာသီမှာ ကိုလာစီနက်ချ်ရော ဘယ်လာရင်ပါ ထွက်ခွာသွားမယ့် အာဆင်နယ်အသင်းအနေနဲ့ ဘယ်နောက်ခံလူတစ်ယောက်နဲ့ ညာနောက်ခံလူတစ်ယောက်ကို အသစ်ခေါ်ယူရမှာဖြစ်ပြီး ဘယ်ရောညာပါ ကစားနိုင်တဲ့ အင်တာမီလန်ရဲ့ အက်ရှ်ရက်ဖ် ဟာကီမီကို တစ်ဦးတည်း ချွေတာခေါ်ယူသွားမလားတော့ စောင့်ကြည့်ရဖွယ်ရှိနေ။

– အသင်းရဲ့ ခံစစ်ပိုင်းအတွက် ဗဟိုနောက်ခံလူသစ် ရှာဖွေနေရာမှာ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အူပါမီကာနိုလက်သစ်လို့ ပြင်သစ် လီဂူးတူးမှာ အမည်ရနေတဲ့ အသက် ၁၇ နှစ်အရွယ် ဗာလွန်စီယန်စ်အသင်းနောက်ခံလူ အိစ်မဲလ် ဒူကူယေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေ။