Premier League

ယူနိုက်တက်ကို ၂၆ နှစ်တာကိုင်တွယ်ခဲ့တဲ့ ဆာအဲလက်စ်ရဲ့ အကြီးမားဆုံးနောင်တက ဘာလဲ

ယူနိုက်တက်ကို ၂၆ နှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ယူနိုက်တက်ရဲ့ ဆုဖလားအောင်မြင်မှု ​အစဥ်အလာကို သမိုင်းမှာရေးထိုးခဲ့တဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ မှတ်တမ်းရုပ်ရှင်သစ်ဟာ ထွက်ရှိလာတော့မှာဖြစ်ပြီး ဆာအဲလက်စ်က ယူနိုက်တက်နည်းပြဘဝက ကြီးမားတဲ့နောင်တတွေကို ထုတ်ဖော်သွားခဲ့ပါတယ်။

ယူနိုက်တက်ကို ကိုင်တွယ်စဥ်က ဘယ်လိုနောင်တမျိုးတွေများ ရှိခဲ့သေးလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုရာမှာတော့ ဆာအဲလက်စ်က အိုးထရက်ဖို့ဒ်ကွင်းက ခမ်းနားတဲ့ အတိတ်တွေကို ပြန်ပြောင်းအောက်မေ့ရင်း အခုလို ဖြေဆိုသွားခဲ့ပါတယ်။

“နောင်တတွေကတော့ အမြဲတမ်းရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ရှေ့ကဆက်လျှောက်ဖို့ပဲ အားထုတ်ရတာမဟုတ်လား။ မနက်ဖြန်ဆိုတာ ဒီနေ့နဲ့ ခြားနားသွားတဲ့ နေ့သစ်တရက်ဖြစ်တယ်။ ပွဲတပွဲရှုံးနိမ့်ပြီးတိုင်း နောက်တနေ့ဟာ ပိုကောင်းမွန်တဲ့နေ့တနေ့အဖြစ် ကျွန်တော်က မှတ်ယူကျင့်သုံးခဲ့ပါတယ်”

“၁၉၉၄ အသင်းတုန်းကတော့ ကျွန်တော့မှာ နောင်တတွေ ကျန်ရစ်ခဲ့ဖူးပါတယ်။ ပေါလ်ပါကား၊ စတိဗ် ဘရုစ်၊ ဂယ်ရီ ပယ်လစ္စတာ၊ ဒင်းနစ် အာဝင်တို့ဟာ ကျွန်တော့်အတွက် ၉ နှစ်ကျော်၊ ၁၀ နှစ်ကြာ ပေးဆပ်ကစားလာခဲ့တဲ့ တကယ့်ကစားသမားကောင်းတွေပါ။ ဒီနောက်တန်း ၄ ယောက်စလုံးက ကွင်းထဲမှာ ခြေစွမ်းနဲ့ တောက်လျှောက်သက်သေပြခဲ့တယ်။ ဒါပေမယ့်ပေါ့ဗျာ။

အသက်ရလာတဲ့ သူတို့​ရဲ့ခြေစွမ်းကို ကျွန်တော်မြင်လာရပြီ။ ကျလာပြီ။ သူတို့ကတော့ သိချင်မှာသိမယ်ပေါ့လေ။ ကျွန်တော်မှာ သူတို့ ၄ ယောက်စလုံးကို အသင်းက ရှင်းထုတ်ပြီး အသင်းကိုသွေးသစ်လောင်းဖို့ လိုလာပါတယ်။ ပြောရမယ်ဆိုရင်တော့ စွန့်လွှတ်ချိန်တန်ပြီဆိုပါတော့။ သူတို့နဲ့ လမ်းခွဲမယ့်အကြောင်း သူတို့ကို ပြောနိုင်ဖို့ ကျွန်တော့်အတွက် အတော်လေးခက်ခဲပြီး အားမွေးခဲ့ရတယ်။ သူတို့ကတော့ အ​ခြေအနေမှန်ကို ကောင်းကောင်းမွန်မွန် လက်ခံပြီး အသင်းပြောင်းသွားခဲ့ကြပါတယ်” လို့ ဆာအဲလက်စ်က ထုတ်ပြောသွားခဲ့တာပါ။

ဒါ့အပြင် သူ့အနေနဲ့ ယူနိုက်တက်အကယ်ဒမီက လူငယ်ပေါင်းထောင်ချီနဲ့ လမ်းခွဲခဲ့ရတာကိုလည်း နောင်တရမိတဲ့ ဖြစ်ရပ်မှန်တခုအဖြစ် ရှင်းပြသွားခဲ့ပါသေးတယ်။ လူငယ်အကယ်ဒမီမှာ ဒေးဗစ် ဘက်ခမ်၊ ရိုင်ယန် ဂစ်၊ ပေါလ်စခိုးလ်တို့ဟာ ဖာဂူဆန်ခေတ်မှာ ယူနိုက်တက်ရဲ့ ပါရမီရှင်လူငယ်တွေအဖြစ် ထွက်ပေါ်လာခဲ့သလို တဖက်မှာလည်း ထောင်နဲ့ချီတဲ့ လူငယ်ဘောလုံးသမားတွေဟာ အသင်းနဲ့ လမ်းခွဲပြီး ထွက်ခွာခဲ့ရတာပါ။

” လူငယ်ဘောလုံးသမားတွေကို အသင်းနဲ့လမ်းခွဲဖို့ ပြောဆိုခဲ့ရတဲ့ကိစ္စဟာလည်း အတော့်ကိုနာကျင်ရတဲ့ ကိစ္စတရပ်ပါ။ အသင်းရဲ့လုပ်ထုံးကတော့ လူငယ်နည်းပြနဲ့ လူငယ်ရေးရာဌာနက အသင်းက ထွက်ခွာရမယ့် လူငယ်ကစားသမားကို ကျွန်တော့်ဆီ တင်ပြပေးရတယ်။ ဒီကစားသမားကိုကြည့်ရင် အရွယ်က ၁၇၊ ၁၈ ပေါ့ဗျာ။ မင်းအတွက် ငါတို့အသင်းသစ်ရှာပေးမယ်၊ ကြိုးစားပေးမယ်လို့ ဖျောင်းဖျပေးရသလို ဒီလိုလုပ်ရတာဟာ စိတ်မကောင်းဖြစ်ရကြောင်း သူ့ကို ကျွန်တော်တို့က ရှင်းပြပေးရတယ်။

ဒီလိုလုပ်ရတာဟာ ဝမ်းနည်းစရာကောင်းသလို အဆိုးရွားဆုံး ခံစားချက်ပါပဲဗျာ။ ယူနိုက်တက်လူငယ်တယောက်ကို လက်လွှတ်လိုက်ရတယ်ဆိုတာဟာ ပရိသတ် ၇၅၀၀၀ ရှေ့မှောက်မှာ ယူနိုက်တက်အတွက် ကစားပေးပြီး ငါတို့ဗိုလ်လုပွဲအတွက် ဝင်ဘလေကို သွားမယ်ဟေ့ဆိုတဲဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်၊ စိတ်ကူးမျှော်လင့်ချက်၊ နဲ့ စိတ်ဆန္ဒတွေအားလုံးက ပျက်စီးပြီး စတေးလိုက်ရတာဖြစ်ပါတယ်။ လူငယ်တယောက်ကို စွန့်လွှတ်ရတိုင်း ကျွန်တော့်ရင်ထဲမှာ ပြောမပြတတ်လောက်အောင် အကြီးအကျယ်နာကျင်ခံစားရတယ်။ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်စေပါတယ်။ ဒါကြောင့် ဒီလိုပြုမူရတိုင်း အရမ်းကို မုန်းတီးခဲ့ရပါတယ်။ တကယ်မုန်းတီးရပါတယ်” လို့ ဆာအဲလက်စ်က ပြောပြသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.