Premier League

အေစီမီလန် 0:1 မန်ချက်စတာယူနိုက်တက် ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ ၇ ချက်

ပရိသတ်တွေမြင်ချင်တဲ့ ယူနိုက်တက်အဆင့်အတန်း
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ အနိမ့်အမြင့်၊ အတက်အကျမျိုးစုံ ကြုံတွေ့ရပြီး တချို့ပြိုင်ဘက်ကောင်းတွေကို ဖိဖိစီးစီးကစားနိုင်လေ့မရှိဘဲ ကြွေတလှည့် ကြက်တခုန်ခြေစွမ်းတချို့ကိုလည်း စိတ်ပျက်စရာမြင်တွေ့စေခဲ့ပြီး မတည်ငြိမ်တဲ့ပုံစံကို ပြသထားခဲ့တာပါ။ Jekyll and Hyde လို ခြေစွမ်းကောင်း၊ နဲ့ ခြေစွမ်းညံ့ကို နှစ်ကိုယ်ခွဲထားတဲ့ အသင်းလားလို့ ပြောစမှတ်ဖြစ်ရလောက်အောင်ပဲ ချန်ပီယံလိဂ်တာထွက်ကောင်းခဲ့ပေမယ့် ပရိသတ်တွေရင်ခုန်နေရစဥ် လျှပ်တပြက်အတွင်းမှာ ၃ ပွဲဆက် ရှုံးပွဲနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပတ်စာခွာ ဖျာသိမ်းပြီး တဆင့်နိမ့် ယူရိုပါလိဂ်ကို ဆင်းသက်ခဲ့ရပါတယ်။ ဒါဟာမျက်မှောက်ခြေစွမ်းအရ ယူနိုက်တက်မှာ ဥရောပအဆင့်ရပ်တည်ဖို့ လိုအပ်ချက်တွေ အတော်များများရှိနေဆဲဆိုတာ သတိပေးသံတွေ ထွက်ပေါ်လာခဲ့တယ်။

ဘယ်လိုပဲပြောပြော လက်ရှိမှာတော့ ယူနိုက်တက်ရဲ့ လူစာရင်းတောင့်တင်းမှုက အခု ယူရိုပါလိဂ်ပြိုင်ပွဲကို ဗိုလ်ဝင်ခံဖို့ ရေပန်းစားမှုအမြင့်ဆုံး ဖြစ်လာပါပြီ။ စပါး၊ နာပိုလီတို့လို အဆိပ်ရှိတဲ့အသင်းတွေကပါ ပြိုင်ပွဲကထွက်ခွာခဲ့ရတဲ့အပြင် ယူနိုက်တက်နည်းတူ သမိုင်းအစဥ်အလာခမ်းနားပေမယ့် အခုအချိန်မှာမှ တဖန် ခြေစွမ်းပြန်လည်ဦးမော့လာတဲ့ အေစီမီလန်ကိုလည်း ဆန်စီရိုကွင်းမှာ ဒူးထောက်စေခဲ့ပြီဖြစ်တယ်။ အေစီမီလန်ကို ၀-၁ ရလဒ်နဲ့ အနိုင်ရခဲ့ခြင်းက ယူနိုက်တက်အနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၄ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်လာခဲ့သလို နောက်ဆုံး ၁၁ ပွဲကစားထားရာမှာ Clean Sheet ၈ ပွဲအထိ ရယူနိုင်ခဲ့ခြင်းဖြစ်တယ်။ အတော်လေးကောင်းမွန်တိုးတက်လာတဲ့ မှတ်တမ်းဖြစ်ပါတယ်။

ဒါဟာ ယူနိုက်တက်ဆိုတဲ့ အဆင့်မီအသင်းတသင်းမှာ မျှော်လင့်ခံထားရတဲ့ လက်တွေ့အခြေအနေကို သက်သေပြနိုင်ခဲ့တာဖြစ်တယ်။ ပရိသတ်တွေမြင်ချင်တဲ့ ယူနိုက်တက်အဆင့်အတန်းကို ကောင်းကောင်းကြီး ရင်ကော့ပြနိုင်ခဲ့တာလည်းဖြစ်တယ်။ ယူနိုက်တက်အနေနဲ့ ဒီရာသီကို မြင့်မားတဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ ဆုဖလားတွေဆွတ်ခူးပြီး ပိတ်သိမ်းနိုင်ဖို့ ရည်ရွယ်ချက်ကြီးမားနေတာကို အထင်အရှားမြင်တွေ့ခဲ့ရတာဟာ အင်မတန်အားရစရာပါ။

အေစီမီလန်ကို ချောင်ပိတ်မိသွားစေတဲ့ လန်ဒလော့ဖ်ရဲ့ ခြေစွမ်
ဘောလုံးလုယူဖျက်ထုတ်မှု ၅ ကြိမ်အောင်မြင်ခဲ့တယ်။ ဘောလုံးရှင်းလင်းမှု ၅ ကြိမ် ပြုလုပ်အောင်မြင်ခဲ့တယ်။ ဒါက ယူနိုက်တက်မှာ ဘယ်တုန်းကမှ ဟီးရိုးမဟုတ်ခဲ့တဲ့ ဗဟိုခံစစ်မှူး လန်ဒလော့ဖ်ရဲ့ ဒီနေ့ပွဲမှာ အထင်ကရ ခြေစွမ်းဖြစ်တယ်။ အထင်ကြီးစရာကောင်းခဲ့တယ်။ နမော့်နမဲ့နိုင်လွန်းပြီး အာရုံစူးစိုက်မှုအားနည်းတဲ့ အမှားအယွင်းတွေနဲ့ မကြာခဏ အဝေဖန်ခံထားတဲ့ လန်ဒလော့ဖ်ရဲ့ခြေစွမ်းကြောင့် အေစီမီလန်တို့ တဂိုးမှ မရခဲ့ခြင်းဖြစ်တယ်။ ယူနိုက်တက်ခံစစ်က မာကျောပြီး လုံခြုံခဲ့တယ်။

ပထမပိုင်းမှာ အေစီမီလန်ကစားသမားတွေနဲ့ ၂ယောက် ၁ ယောက် ရင်ဆိုင်ခဲ့ရပြီး ဒီစိန်ခေါ်မှုကို ပါးပါးနပ်နပ်ကိုင်တွယ်ခဲ့တာက အေစီမီလန်တို့ အထိနာခဲ့ခြင်းရဲ့ ပြောစရာ အချက်ဖြစ်လာတယ်။ ဒုတိယပိုင်းမှာ ကက်စီရဲ့အခွင့်အရေးကို ဂိုးစည်းကနေ ဖျက်ထုတ်သွားခဲ့တာက ချီးကျူးစရာဖြစ်ခဲ့တယ်။ လူစားဝင်လာခဲ့တဲ့ တနိုင်ငံတည်းသား အီဘရာဟီမိုဗစ်ချ်ကိုပါ လှုပ်မရအောင် လူကပ်ထိန်းချုပ်ကစားသွားခဲ့တာက သူ့အနေနဲ့ တာဝန်ကျေထက်ကိုပိုတဲ့ သူရဲကောင်းဆန်ဆန်စွမ်းဆောင်ရည်ကို ပြသသွားခဲ့တာပါ။ အေစီမီလန်ကို ချောင်ပိတ်မိသွားစေတဲ့ အခရာအကြောင်းအရင်းက လန်ဒလော့ဖ်ရဲ့ ခြေစွမ်းလို့ မဖြစ်မနေ အသိအမှတ်ပြုခံထားရပြီဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ခြားနားခြင်းကို ယူဆောင်လာပေးတဲ့ မရှိမဖြစ် ပေါ့ဘာ
ပေါ့ဘာကတော့ ဒဏ်ရာကနေ ပြန်လာလာချင်း ပထမဆုံးပွဲစဥ်မှာပဲ ဒုတိယပိုင်း လူစားဝင်ကစားပြီး ယူနိုက်တက်မှာ သူက မရှိမဖြစ်ကစားသမားလို့ လှပတဲ့ အနိုင်ဂိုးနဲ့အတူ သက်သေပြသွားခဲ့တယ်လို့ ဆိုရမှာပါ။ ဂိုးကအတော်လေးကောင်းသလို ယူနိုက်တက်နောက်တဆင့်တက်စေခဲ့တဲ့ ဂိုးဖြစ်လို့ တန်ဖိုးကြီးမားပါတယ်။ တိုက်စစ်မှာ ဂိုးပေါက်ရှာတွေ့ဖို့ ခက်ခဲရုန်းကန်နေရတဲ့ ယူနိုက်တက်ကို ခြားနားခြင်းတွေယူဆောင်လာပြီး ပွဲစဥ်တလျှောက် စိတ်ဓာတ်ခွန်အားတက်ကြွစေခဲ့တယ်။ သွင်းဂိုးနဲ့ လှုံ့ဆော်နိုင်ခဲ့တယ်။

ဖေဖော်ဝါရီကတည်းက အနားယူနေရတဲ့ ပေါ့ဘာမပါရှိတဲ့ ယူနိုက်တက်မှာ ကွင်းလယ်တိုက်စစ်ပိုင်း လိုအပ်ချက်ကြီးမားပြီး Ball Progression အတော်လေးအားနည်းခဲ့တယ်။ အဆုံးအဖြတ်ဂိုးနဲ့ ရလဒ်ကို အလှည့်အပြောင်းလုပ်နိုင်တဲ့ ကစားတ​ယောက်ရဲ့အားကို လက်လွှတ်ထားရခြင်းက အသင်းကို ယိုင်နဲ့စေခဲ့တယ်။ ပေါ့ဘာက ဒီပွဲမှာ လူစားဝင်ပြီးချင်း ၂ မိနစ်လောက်အတွင်းမှာပဲ ယူနိုက်တက်ရဲ့ ဦးဆောင်ဂိုး၊ ဒီပွဲရဲ့ တလုံးတည်းသော အနိုင်ဂိုးကို ရှာဖွေပေးသွားခဲ့တာဖြစ်တယ်။ အေစီမီလန်လူအရှုပ်အထွေးတွေကြားက ဂိုးထောင့်ကျဥ်းကို သပ်သပ်ရပ်ရပ်လေး ကန်သွင်းသွားခဲ့တာဖြစ်တယ်။ ပွဲချိန်နောက်ပိုင်းမှာတော့ ဘရူနိုနဲ့ အချိတ်အဆက်မိမိ တွဲဖက်ကစားခဲ့သလို ချေပဂိုးရဖို့ တင်ကစားလာတဲ့ အေစီမီလန်တို့ရဲ့ ပွဲတန်ပိုကို နှေးကွေးအောင် အကွက်ချပြီး စီမံကစားသွားခဲ့တယ်။

ရဲရင့်တဲ့ ဒင်းန်ဟန်ဒါဆန်
ဒဟဲယားမပါဝင်နိုင်တဲ့နောက် ယူနိုက်တက်ရဲ့ဂိုးပေါက်ကို ပင်တိုင်စံတာဝန်ယူလာတဲ့ ဒင်းန်ဟန်ဒါဆန်က အေစီမီလန်ကို ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ယူနိုက်တက် နောက်ဆုံး ၆ ပွဲမှာ Clean Sheet ၅ ပွဲအထိ ရယူသွားခဲ့တာဟာ အံ့အားသင့်စရာလက်စွမ်းဖြစ်ပါတယ်။ ပုံမှန်ပွဲထွက်တနေရာနဲ့ ထိုက်တန်ကြောင်း တောင်းဆိုလာတဲ့ သက်သေပြမှုဖြစ်တယ်။ ဒဟဲယားရဲ့ထိုင်ခုံကို လှုပ်ခတ်စေခဲ့တယ်။ ဒီပွဲမှာ ၇၅ မိနစ်က အီဘရာဟီမိုဗစ်ချ်ရဲ့ ကန်သွင်းချက်ကို လက်စွမ်းပြကာကွယ်ခဲ့သလို လန်ဒလော့ဖ်၊ မက်ဂွိုင်းယား၊ လုခ်ရှော၊ ဝမ်ဘစ်ဆာကာတို့ရဲ့ ခံစစ်ပိုင်း စုစည်းကျစ်လျစ်မှုကို ဒင်းန်ရဲ့ Clean Sheet အတွက် များစွာအထောက်အကူပြုခဲ့တာပါ။

လူစားဝင်ကစားတဲ့ ယူနိုက်တက်တိုက်စစ်မှုးဟောင်း ဇလာတန်ကို နှုတ်ဆက်ခဲ့ရ
ပထမအကျော့ အိုးထရက်ဖို့ဒ်ပွဲစဥ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ ဆွီဒင်သားကြီးက ဒီနေ့ ဆန်စီရိုပွဲမှာတော့ အရန်ခုံကနေ ပါဝင်လာပြီး အေစီမီလန်အသင်းအတွက်ချေပဂိုးလိုအပ်နေချိန် ဒုတိယပိုင်းမှာ လူစားဝင်ကစားသွားခဲ့တယ်။ ယူနိုက်တက်တိုက်စစ်မှုးဟောင်း တယောက်အနေနဲ့ ယူနိုက်တက်ကို ပြန်လည်ထိပ်တိုက်ရင်ဆိုင်ခဲ့တာက သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝကို ပြန်လည်အမှတ်ရစရာဖြစ်စေခဲ့တယ်။အသက် ၃၉ နှစ်သားဟာ ယူနိုက်တက်အတွက် ၅၃ ပွဲကစားပေးခဲ့ပြီး ၂၉ ဂိုးသွင်းယူထားခဲ့တာပါ။ ၆၅ မိနစ်မှာ လူစားဝင်ခဲ့တဲ့နောက် အခွင့်အရေးကောင်းတခု ရခဲ့ပေမယ့် ဟန်ဒါဆန်ရဲ့လက်စွမ်းကြောင့် ငြင်းပယ်ခံခဲ့ရသလို ပွဲအပြီးမှာ ဇလာတန်ကို ဥရောပပြိုင်ပွဲအဆင့်ကနေ ယူနိုက်တို့ နှုတ်ဆက်ခဲ့ရတယ်။

ဒွန်နီ ဗန်ဒဘိခ် ပြန်လာပြီ
ပေါ့ဘာနည်းတူ ယူနိုက်တက်ပရိသတ်တွေ မျှော်လင့်နေရတဲ့ ကစားသမားက ဒတ်ချ်ကွင်းလယ်လူ ဗန်ဒဘိခ်ပါ။ အခုအချိန်မှာတော့ သူဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တာဟာ သတင်းကောင်းဖြစ်ခဲ့ပြီး ဒီနေ့ပွဲရဲ့ အရန်ခုံလူစာရင်းမှာ အားဖြည့်သွားခဲ့တယ်။ မတ်လအစပိုင်းကတည်းက ကြွက်သားဒဏ်ရာကြောင့် လွဲချော်ခဲ့ရတဲ့ သူ့ကို နည်းပြဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်လူစာရင်းမှာ ရွေးချယ်စရာအင်အားတခုအနေနဲ့ ပြန်လည်ရွေးချယ်နိုင်ပြီဖြစ်တယ်။

ယူနိုက်တက်ရဲ့ အီတလီမှတ်တမ်း
ယူနိုက်တက်က ဒီနေ့မှာ အီတလီအောင်ပွဲကို ဆင်နွှဲခဲ့တာဖြစ်တယ်။ အီတလီမြေက အရေးကြီးပွဲစဥ်မှာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ခြေစွမ်းပြပြီး တက်ရောက်သွားနိုင်ခဲ့တယ်။ ဒါဟာ ဥရောပအဆင့်ပြိုင်ပွဲမှာ အီတလီအသင်းတွေနဲ့ ၃၉ ကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာ ယူနိုက်တက်ရဲ့ ၁၉ ကြိမ်မြောက်နိုင်ပွဲဖြစ်လာတယ်။ ဆန်စီရိုကွင်းမှာ ၂ ပွဲဆက်တိုက်အနိုင်ရခဲ့တာလည်းဖြစ်တယ်။ ၂၀၁၀ က ၃-၂ ရလဒ်ဟာ ဆန်စီရိုမှာ နောက်ဆုံးနိုင်ခဲ့တာပါ။ ယူနိုက်တက်ဟာ အီတလီမြေမှာ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ဆိုးလ်ရှားက လက်ဆင့်ကမ်းပြီး ရေးထိုးလာခဲ့ကာ အိမ်ပြန်လာခဲ့တာဖြစ်တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.