Premier League

ယခုနှစ် EPL ရဲ့ အဆိုးရွားဆုံး အပြောင်းအရွှေ့မှတ်တမ်းဝင်သွားတဲ့ ကစားသမား ၁၀ ဦး

ရိုင်ယန် ဘရူးစတား
ရှက်ဖီးအသင်းက အားကိုးတကြီးနဲ့ ခေါ်ယူခဲ့ရတဲ့ တိုက်စစ်မှူးဟာ အောက်တိုဘာမှာ လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့လာတာဖြစ်တယ်။ အင်္ဂလန် ယူ ၂၁ကြယ်ပွင့် ဘရူးစတားဟာ ပေါင် ၂၃.၅သန်းနဲ့ လီဗာပူးလ်ရဲ့ ရောင်းထုတ်ခံရပြီး ၄ ပွဲသာကစားခွင့်ရခဲ့သလို ရှက်ဖီးအသင်းမှာလည်း ၅လခွဲတာကာလအတွင်း ၂၂ပွဲကစားပြီး တဂိုးမှသွင်းမထားနိုင်ပါဘူး။

ဆီမီးကက်စ်
အိုလံပီယာကို့စ်အသင်းကနေ ပေါင် ၁၁.၇၅ သန်းတန်ကြေးနဲ့ လီဗာပူးလ်အသင်းထံ ရောက်ရှိလာခဲ့တယ်။ ဂရိသားကို အန်ဒီ ရော်ဘတ်ဆန်ရဲ့ တာဝန်ကို သက်သာစေဖို့ အရန်အဖြစ် ပစ်မှတ်ထားခဲ့တာဖြစ်တယ်။ ဒါပေမယ့် လီဗာပူးလ်မှာ ၄ပွဲကစားထားရပြီး ပေါင်ဒဏ်ရာ၊ဒူးဒဏ်ရာတွေကြောင့် ရုန်းကန်ထားရတယ်။ ဘယ်အစွန်လူတစ်ယောက်ရဲ့ တာဝန်ကို ရော်ဘတ်ဆန်ကသာ ဆက်လက်ပခုံးထမ်းနေရဆဲဖြစ်တယ်။

ဝီလီယန်
အသက်အရွယ်ရလာချိန်မှာ ချယ်လ်ဆီးအသင်းကနေ အာဆင်နယ်ကိုပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ်သားဟာ အာဆင်နယ်နဲ့အတူ ၂၉ ပွဲအထိကစားပြီး တဂိုးမှသွင်းယူထားနိုင်ခြင်းမရှိတာက အံ့အားသင့်းရာကောင်းနေပြီး နည်းပြအာတီတာကိုလည်း စိတ်ပျက်စေခဲ့တယ်။ အတွေ့အကြုံရင့် တောင်ပံတိုက်စစ်ကစားသမားတယောက် အနေနဲ့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဖန်တီးနိုင်စွမ်းကို တိုးတက်စေမယ်လို့ ယုံကြည်အားကိုးခြင်းခံခဲ့ရပေမယ့် ဂိုးဖန်တီးမှု ၇ ကြိမ်ရှိသော်ငြား သူ့ရဲ့ဂိုးပေါက်ပျောက်ဆုံးမှုကြောင့် အာဆင်နယ်ကို အကျိုးမပြုနိုင်သေးသလို ပေါင် ၃၅ သန်းဟာ မတန်တဆဈေးနှုန်းဖြစ်လာခဲ့တယ်။

မတ် ဒိုဟာတီ
ဝုဗ်စ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၂ ရာသီကစားပြီး တည်ငြိမ်တဲ့ခြေစွမ်းကြောင့် စပါးအသင်းရဲ့မျက်စိကျခြင်းကို ခံရပြီး ပေါင် ၁၅ သန်းနဲ့ မော်ရင်ညိုလက်အောက်ကို ရောက်လာတယ်။ သူ့ခြေစွမ်းကို ဒီငွေကြေးနဲ့ရတာ သိပ်တန်တဲ့ဈေးလို့ အများကသတ်မှတ်ခဲ့တယ်။ ညာတောင်ပံအစွန်လူအဖြစ် ဝုဗ်မှာခြေစွမ်းပြခဲ့ပေမယ့် မော်ရင်ညိုလက်ထက်မှာ ကစားဟန်အပြောင်းအလဲဟာ သူ့ရဲ့အားသန်တဲ့ပုံစံနဲ့ ဖီလာဆန့်ကျင်ပြီး ခြေငုတ်သွားခဲ့ရတယ်။ အော်ရီယာနဲ့ နေရာလုတိုက်ပွဲဝင်နေရတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးလုံးဟာ မော်ရင်ညိုမနှစ်မြို့တော့တဲ့ ကစားသမားတွေဖြစ်လာတယ်။

နယ်လ်ဆင် ဆီမီဒို
ဘာဆာအသင်းနဲ့ လာလီဂါဖလား ၂ လုံးဆွတ်ခူးခဲ့တဲ့ ဆီမီဒိုက ဝုဗ်မှာတော့ ခြေစွမ်းပျောက်သွားတယ်။ လစ်ဟာသွားတဲ့ မက်ဒိုဟာတီရဲ့နေရာကိုဖြည့်ဖို့ ပေါင် ၂၇.၅ သန်း ဝုဗ်ကိုရောက်လာပေမယ့် ပေါ်တူဂီသားဟာ အိုင်ယာလန်သားရဲ့ ခြေစွမ်းကို မမီခဲ့ဘူး။ ထင်သလောက်ခြေမပေါ်ခဲ့ဘူး။ သူရောက်လာချိန်မှာ ဝုဗ်ရဲ့ခံစစ်မာကျောမှုက အရည်ပျော်နေချိန်နဲ့ တိုက်ဆိုင်သွားခဲ့တာဟာလည်းအကြောင်းရင်းတရပ်ပါ။ အက်စ်ပိုဆီတိုရဲ့ လက်အောက်မှာ ၂၆ ပွဲကစားပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာပြုလုပ်ထားနိုင်ပါတယ်။

ခိုင် ဟာဗတ်ဇ်
သူက ပြီးခဲ့တဲ့နွေရာသီမှာ ဈေးအကြီးဆုံးကစားသမားဖြစ်တယ်။ ဈေးခပ်မြင့်မြင့် ပေါင် ၇၂ သန်းနဲ့ ချယ်လ်ဆီးမြေကို ဆိုက်ရောက်လာခဲ့ပါတယ်။ သူကတန်ကြေးနဲ့ မထိုက်တန်ဘူးဆိုတဲ့ ဝေဖန်မှုတွေကို လတ်တလောမှာ အများဆုံးခံနေရတယ်။ ချယ်လ်ဆီးအသင်းပိုက်ဘောမိသွားပြီလားလို့ လှောင်ပြောင်မှုတွေအထိ ကြုံလာရပေမယ့် သူက နည်းပြသစ် တူဟယ်လ်လက်ထက်မှာတော့ တည်ငြိမ်တဲ့ ခြေစွမ်းတချို့ကို ပြန်လည် ပြသနေတယ်။

လမ်းပတ်လက်ထက်မှာ သူလည်းနစ်မြုပ်ခဲ့သလို လမ်းပတ်လည်း ချယ်လ်ဆီးရဲ့ အထုတ်ပယ် ခံခဲ့ရတယ်။ လက်ရှိမှာ ၅ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးပြီး ဒါဟာ အသင်းငယ်တွေနဲ့ ပြိုင်ပွဲငယ်တွေက ခြေစွမ်းတွေ ဖြစ်နေတယ်။ ပွဲမတိုးတဲ့ လူငယ်ကြယ်ပွင့်မျိုးမဖြစ်အောင်တော့ ဂျာမဏီသားဟာ သူ့ကိုယ်သူ ဆက်လက် အရောင်တင်ရပါဦးမယ်။

ဒွန်နီ ဗန်ဒဘိခ်
နည်းစနစ်ပိုင်း တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဒတ်ချ်ကွင်းလယ်ဖန်တီးရှင် ဗန်ဒဘိခ်ဟာ နည်းပြဆိုးလ်ရှားရဲ့လက်အောက်မှာ နေရာတနေရာဖို့ မနည်းရုန်းကန်နေရသူဖြစ်တယ်။ အခုတင်ပြနေတဲ့ အဆိုးရွားဆုံး အပြောင်းအရွှေ့လူစာရင်းမှာ သူ့ကို ထည့်သွင်းရတာဟာ စိတ်ပျက်စရာအကောင်းဆုံးပါ။ ဘောလုံးဦးနှောက်၊ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းရှိပြီး နည်းစနစ်အရည်အသွေးပြည့်မီတဲ့ ကစားဖြစ်နေပေမယ့် သူနဲ့ထိုက်တန်တဲ့ ပွဲထွက်ခွင့်ကို ဆုံးရှုံးနေရသူဖြစ်တယ်။

သူအားအသန်ဆုံး နေရာမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ လွှမ်းမိုးခြင်းကိုခံထားရတယ်။ ပိုပြီးဆိုးရွားသွားစေတာက ဒဏ်ရာရပြီး လက်ရှိမှာ အနားယူနေရတာပါ။ အိုင်းယက်စ်ကို ယူနိုက်တက်ပေးချေခဲ့ရတဲ့ ပေါင် ၃၅ သန်းဟာ သူ့ခြေစွမ်းနဲ့ယှဉ်ရင် နိမ့်ပါးနေသေးကြောင်း သူကသက်သေပြရပါလိမ့်ဦးမယ်။

နာသန် အေကီ
ဘုန်းမောက်ကနေ ပေါင်သန်း ၄၀နဲ့ ပြောင်းလာတယ်။ မန်စီးတီးရဲ့ အဓိကခံစစ်မှူးတွေကို အရန်နေရာကနေ ဖြည့်ကစားပေးဖို့ ဂွာဒီယိုလာက အားကိုးတကြီးခေါ်လာတယ်။ ဒတ်ချ် ကစားသမားဟာ ဒီရာသီရဲ့အများစုမှာ တံကောက်ကြောဒဏ်ရာနဲ့သာ အချိန်ကုန်ဆုံးနရတာကို တွေ့ရတယ်။ ဂွာဒီယိုလာရဲ့ စတုတ္ထ နဲ့ ပဉ္စမ ဦးစားပေး အဆင့်အထိ လျှောဆင်းသွားခဲ့တယ်။ မန်စီးတီးရဲ့ ငွေဖြုန်းတီးမှုသက်သက်သာဖြစ်ခဲ့တယ်။

ဖေဘီယို ဆေးလ်ဗား
နိုဝင်ဘာမှာ ဦးခေါင်ခွံရိုး ထိခိုက်ဒဏ်ရာရသွားခဲ့တဲ့ ဝုဗ်တိုက်စစ်မှူး ရာအူးလ် ဟင်မီနက်ဇ်ရဲ့နေရာမှာ ကလပ်အသင်းရဲ့ ပြောင်းရွှေ့ကြေးစံချိန်ရှင် ပေါင် ၃၅ သန်းတန် ဖေဘီယို ဆေးလ်ဗားက ဝင်ကစားရဖို့ အကြောင်းဖန်လာခဲ့တယ်။ ၁၈ နှစ်သား ဆယ်ကျော်သက်တဦးအတွက်တော့ ဖိအားများတဲ့တာဝန်ဖြစ်ပါတယ်။ သူက ၂၆ ပွဲကစားပြီး ၂ ဂိုးသာသွင်းနိုင်ခဲ့တယ်။ မက္ကဆီကန်သားရဲ့ ခြေရာကို မနင်းနိုင်ခဲ့ဘူး။

ထိုက်တန်တဲ့ ခြေစွမ်းကို ပြသဖို့ရုန်းကန်နေရတယ်။ ၂၀၂၁ ရဲ့ နောက်ဆုံး ၈ပွဲမှာ သူကအရန်ခုံကိုသာ အပိုင်စားရခဲ့တယ်။ ပေါ်တိုအသင်းရဲ့ လူငယ်ကြယ်ပွင့်အဖြစ် ကျော်ကြားခဲ့တဲ့ သူ့မှာဆက်လက်သက်သေပြစရာတွေ ရှိနေပါသေးတယ်။

ကာလန် ဂရန့်
၂၀၂၁ ခုနှစ်အစကတည်းက ပွဲထွက်နေရာပျောက်ဆုံးသွားတာက ဝက်စ်ဘရွမ်းတိုက်စစ်မှူး ကာလန် ဂရန့်ပါ။ ဟက်ဒါစဖီးလ်အသင်းကနေ ပေါင် ၁၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၃နှစ်သားဟာ ကစားခွင့်ရတဲ့ နောက်ဆုံး ၁၅ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့လို ဆမ်အလာဒွိုက်စ်က အရန်ခုံမှာ ချောင်ထိုးလိုက်ရတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.