Premier League

ယူနိုက်တက် 1:0 ဝက်စ်ဟမ်း ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်မှတ်သားစရာ ၇ချက်

ယူနိုက်တက်ကို အနိုင်ယူဖို့ အိပ်မက်မက်ခဲ့သူ ဒေးဗစ်မွိုက်စ်
ယူနိုက်တက်နည်းပြဟောင်း ဒေးဗစ်မွိုက်စ်ဟာ သူ့ရဲ့အသင်းဟောင်းကို ပြန်လည်အနိုင်ယူဖို့ အမြဲအိပ်မက်မက်ခဲ့ပေမယ့် မအောင်မြင်သေးပါဘူး။ အခုထိ ယူနိုက်တက်ကိုကျရှူံးနေဆဲဖြစ်တယ်။ ပွဲကြိုမှာ ဝက်စ်ဟမ်းကို ကောင်းကောင်းပြင်ဆင်လာခဲ့ပေမယ့် ယူနိုက်တက်နဲ့ကင်းကွာပြီးနောက်ပိုင်း ယူနိုက်တက်ကို တပွဲမှာအနိုင်မရသေးတဲ့ နည်းပြတဦးဖြစ်တယ်။ ဒီပွဲအပြီးမှာ ယူနိုက်တက်ကို ၁၁ ပွဲရှုံးတယ်။ ၄ပွဲသရေကျထားတယ်ဆိုတဲ့ မှတ်တမ်းဆိုးသာ ရရှိသွားပါတယ်။

အဆင့်မီဂိုးသွင်းစက်ကို အရေးပေါ် လိုအပ်နေတဲ့ ယူနိုက်တက်
ပြီးခဲ့တဲ့ရာသီက မီးကုန်ယမ်းကုန် ပေါက်ကွဲပြီး ဂိုးသွင်းအားက ပြိုင်ဘက်တိုင်းကို တုန်လှုပ်စေတဲ့အထိ ကြောက်မက်ဖွယ်ကောင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်၊ မာစီယယ်လ်၊ ဂရင်းဝုဒ်၊ ဖာနန်ဒက်စ် တို့အတွဲဟာ ဒီရာသီမှာတော့ စစ်သူကြီးဖာနန်ဒက်စ်ကလွဲရင် ကျန် ၃ ဦးရဲ့ ဂိုးသွင်းခြေက မြေမြှုပ်ပစ်လိုက်သလို ပျောက်ခြင်းမလှ ပျောက်ဆုံးသွားပြီဖြစ်တယ်။ ဂိုးအဆုံးသတ်ပိုင်းမှာ အဆင့်မမီတော့တဲ့ ယူနိုက်တက်ဟာ မိုးထဲရေထဲ တကယ်ဂိုးလိုနေချိန်မှာ ဒုက္ခလှလှတွေ့နေရပြီဖြစ်တယ်။ ဒီပွဲမှာလည်း အပိုင်အခွင့်အရေးတွေကို အဆုံးမသတ်နိုင်ဘဲ ဂိုးရဖို့ ခဲရာခဲဆစ် ရုန်းကန်ခဲ့ရတယ်။ လက်ရှိမှာ ယူနိုက်တက်ရဲ့ အရေးပေါ် လိုအပ်ချက်က ဆန်ချိုမဟုတ်ဘဲ ဟာလန်းလို ဂိုးသွင်းစက်တိုက်စစ်မှူးစစ်စစ်ဖြစ်ပါတယ်။

လင်ဂတ်ကိုလွမ်းခဲ့ရတဲ့ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းမှာ ၆ ပွဲကစား၊ ၄ ဂိုးသွင်းထားပြီး ၂ဂိုးဖန်တီးထားတဲ့ လင်ဂတ်ရဲ့​​ခြေစွမ်းကို ဒေးဗစ်မွိုက်စ်က ဒီပွဲမှာ ကောင်းကောင်းလွမ်းခဲ့ရတယ်။ သူ့ရဲ့အလှုပ်၊ အရွေ့၊ နဲ့ ပြေးအားတိုးအားက ဝက်စ်ဟမ်းတိုက်စစ်ကို ကြီးကြီးမားမား အလုပ်ဖြစ်စေခဲ့တဲ့ အချက်အချာနေရာကို ဖန်တီးယူခဲ့တယ်။ သူ့ရဲ့သက်ရောက်မှုကို ဝက်စ်ဟမ်းကို လွှမ်းမိုးခဲ့တယ်။ လင်ဂတ် မပါဝင်တဲ့ ဝက်စ်ဟမ်းက တိုက်စစ်မှူး အန်တိိုနီယိုကို တိုက်စစ်မှာ တဦးတည်း ထီးထီးကြီးရုန်းကန်စေခဲ့ရတယ်။

ဒဏ်ရာတွေက ယူနိုက်တက်ကို နှိပ်စက်လာပြီ
ဒဏ်ရာပြဿနာတွေက ယူနိုက်တက်တင်မက ပရီးမီးယားလိဂ်တဝှမ်းလုံးကို နှိပ်စက်ခြိမ်းခြောက်လာပြီ။ ဒီပွဲမှာလည်း ယူနိုက်တက်ရဲ့ဒဏ်ရာရပြဿနာက အသင်းကို ဘယ်လောက်ထိခိုက်စေသလဲဆိုတာ ထင်ထင်ရှားရှား မြင်ခဲ့ရပါတယ်။ မာစီယယ်လ်၊ ကာဗာနီ၊ ပေါ့ဘာ ၊ဗန်ဒဘိခ် ၊ မာတာတို့လို တောင့်တင်းတဲ့ လူအင်အားကို ဆုံးရှူံးထားရတဲ့ ဆိုးလ်ရှားအနေနဲ့ ဒီလိုကစားသမားအကျပ်အတည်းအခြေအနေမှာ မယုံကြည် နိုင်စရာကောင်းလောက်အောင်ပဲ လူစားလဲမှု တကြိမ်မှမပြုလုပ်ခဲ့ဘဲ ပွဲထွက်လူစာရင်းကို မိနစ် ၉၀ အပြည့်သုံးစွဲခဲ့တာက အံ့အားသင့်စရာကောင်းခဲ့တယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ်နဲ့ FA ဖလားကိုပါ ပြိုင်ပွဲ ၃ ခု တပြိုင်နက်တည်း ကစားနေရတာဖြစ်တယ်။ အေစီမီလန် နဲ့လက်စတာတို့ဟာ နိုင်ငံတကာပွဲနားရက်မတိုင်မီ ယူနိုက်တက်ကိုအသင့်စောင့်ဆိုင်းနေတယ်။ ဆိုးလ်ရှားက ဒီအခက်ကို ဘယ်လိုအချက်ဖြစ်အောင်လုပ်မလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

အဆင့် ၂ ကို ပြန်သိမ်းပိုက်တဲ့ ယူနိုက်တက်
ယူနိုက်တက်က အပိုင်အခွင့်အရေး ၂ကြိမ်အထိ ရပြီး အဆုံးမသတ်နိုင်ခဲ့လို့ ဝက်စ်ဟမ်းရဲ့ Own Goal နဲ့ ကျေနပ်ခဲ့ရပြီး ၁ ဂိုးအသာနဲ့ ကပ်အနိုင်ရခဲ့တယ်။ တပွဲအသာနဲ့ ၁၄ မှတ်ဖြတ်ထားတဲ့ မန်စီးတီးရဲ့နောက်က အဆင့် ၂ကို ပြန်လည်သိမ်းပိုက်နိူင်ခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မျှော်လင့်ချက်ပါးပါးလေးနဲ့ ဆက်လက်ရှင်သန်နေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်ချရဖို့ ​ခြေတလှမ်း ပိုစိတ်ချသွားရတယ်။

နောက်ကလိုက်လာတဲ့ လက်စတာနဲ့ ချယ်လ်ဆီးတို့ရဲ့ ဖိအားပေးမှုက ယူနိုက်တက်ရဲ့ ပခုံးထက်ကိုရောက်နေပေမယ့်ဆိုးလ်ရှားက ထပ်ကျော်ဖြတ်ပြပြီး အသက်ရှုချောင်သွားပြန်တယ်။ လက်ကျန်ပွဲစဥ်တွေက ၁၀ပွဲအောက်သာ ကျန်ရှိတော့သလို ယူနိုက်တက် ဖမ်းဆုပ်ရမယ့် အခွင့်အရေးတွေက များစွာမကျန် တော့ဘူးဖြစ်တယ်။ တမှတ်ကအစ အကျအပျောက်မခံတဲ့ ရာသီသိမ်းကာလဖြစ်တယ်။ ယူနိုက်တက်အနေနဲ့ တပွဲချင်း တပွဲချင်းစီ သတိကြီးကြီးထားပြီး ချဥ်းကပ်ကစားသွားရတော့မှာဖြစ်တယ်။ အနိုင်ရလဒ်ကလွဲပြီး ရွေးချယ်စရာမရှိတော့တဲ့အချိန်ဖြစ်တယ်။

ချန်ပီယံလိဂ်တိုက်ပွဲဆက်ဝင်မယ့် ဝက်စ်ဟမ်း
ဒီ အိုးထရက်ဖို့ဒ်ပွဲမှာ ဝက်စ်ဟမ်းကသာ အနိုင်ယူသွားခဲ့ရင် ချယ်လ်ဆီးအသင်းနဲ့ ရမှတ်တူ အဆင့် ၄ နေရာကို ဆက်လက်ဖိအားပေးနိုင်မှာဖြစ်တယ်။ အဆင့် ၆ နဲ့ ၇ နေရာက အဲဗာတန်နဲ​့ စပါးအသင်းတို့က နှစ်သင်းလုံး အရေးနိမ့်ခဲ့ပြီး ဝက်စ်ဟမ်းရဲ့လမ်းက ပွင့်ခဲ့တာဖြစ်တယ်။ ကံဆိုးစွာပဲ Own Goal သွင်းပြီး ယူနိုက်တက်ကို အရေးနိမ့်ခဲ့ပေမယ့် ဝက်စ်ဟမ်းရဲ့ ချန်ပီယံလိဂ်တနေရာ တိုက်ပွဲက ဆက်လက်အသက်ဝင်နေမှာဖြစ်တယ်။ ချယ်လ်ဆီးထက် တပွဲလျော့ကစားထားတာက ပွဲကျန်တပွဲလက်ထဲရှိနေလို့ အဆင့် ၅ကနေ အဆင့် ၄ ကိုလုပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်သာနေဆဲဖြစ်တယ်။

ဆက်လက်အောင်ပွဲဆင်နေဆဲ စစ်သူကြီး ဖာနန်ဒက်စ်
ဖာနန်ဒက်စ်ဟာ လက်ရှိယူနိုက်တက်ရဲ့ အငြင်းပွားစရာမရှိ ကစားသမားဖြစ်တယ်။ သူခြေစွမ်းပြနေသရွေ့ ယူနိုက်တက်က ပုံစံကောင်း ဆက်လက်ပြသနေတဲ့အသင်းဖြစ်လာတယ်။ ဆိုးလ်ရှားသတိပြုစရာတချက်က သူပွဲပန်းလာပြီဆိုတာပါပဲ။ ရုန်းကန်လာရပြီ။ ပုံမှန်ခြေစွမ်းအောက်ကို နည်းနည်းစီ နည်းနည်းစီ ကျလာတာတွေ့ရတယ်။ သူ့ကိုပါလက်လွှတ်ရရင် ယူနိုက်တက်ဟာ ရာသီအဆုံးသတ်မှာ အဖတ်ဆယ်ဖို့ အတော်ခက်ခဲသွားပါလိမ့်မယ်။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ တသင်းလုံးကို မောင်းနှင်နိုင်စွမ်းကို ကျေနပ်အားရပြီး အားကိုးရတဲ့တပြိုင်နက် ဒါဟာတဖက်မှာ ယူနိုက်တက်ပရိသတ်တွေ ရင်လေးနေရတဲ့အချက်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.