Premier League

မြောက်လန်ဒန်ဒါဘီ အာဆင်နယ် ၂-၁ စပါးစ် ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်မှတ်သားစရာ ၇ချက်

ဒဏ်ရာရသွားတဲ့ ဆွန်ဟောင်မင်နဲ့ စပါးအသင်းရဲ့ထိုးနှက်ချက်
ဆွန်ဟောင်မင်က စပါးအသင်းအတွက် ဘယ်လိုအရေး​ပါတဲ့ကစားမျိုးလဲဆိုတာ ပြောစရာမလိုလောက်အောင်ကို သက်သေပြခဲ့ပါပြီးပြီ။ ဒီရာသီ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ရဲ့ တယ်လီပသီဆက်သွယ်ရေးက စပါးတိုက်စစ်ကို သိပ်ကြောက်မက်ဖွယ်ရာကောင်းစေခဲ့တယ်။ ဆွန်ရဲ့ပြေးအားကို အသုံးချဖို့ ဟာရီကိန်းက ကွင်းလယ်ထိဆင်းပြီး ချက်ကောင်းကိုထိတဲ့ သေကွင်းသေကွက်အမြင့်ဘောတွေနဲ့ ဘောလုံးပေးပို့မှုတွေက အပြန်အလှန် အခရာကျခဲ့တယ်။

အခုမြောက်လန်ဒန်ဒါဘီပွဲမှာလည်း အာဆင်နယ်ခံစစ်ကို ထိုးဖောက်တဲ့ အမြင့်ဘောကို အပြေးအားနဲ့ လိုက်ခဲ့တဲ့ ဆွန်ဟောင်မင်က ပြေးလွှားမှုမှာ တံကောက်​ကြောဒဏ်ရာရသွားခဲ့တယ်။ မော်ရင်ညိုကတော့ သူ့ကစားသမား ပွဲပန်းလွန်းသွားတာဖြစ်တယ်လို့ဆိုတယ်။ ကြွက်သားဒဏ်ရာရသွားတာဖြစ်ပြီး ကျန်းမာကြံ့ခိုင်မှုမြန်ဆန်တတ်တဲ့ ဆွန်က အခု​တကြိမ်မှာတော့ ဒဏ်ရာပြင်းထန်မှုများရင်များသလောက် အနားယူသွားရဖွယ်ရှိတယ်။ စပါးနဲ့မော်ရင်ညိုအတွက်တော့ ဆွန်ဟောင်မင်ကိုဆုံးရှုံးရတာက ရာသီပိတ်သိမ်းကာလမှာ ကြီးမားတဲ့ ဧရာမထိုးနှက်ချက်ပါ။ မော်ရင်ညိုဘယ်လိုရင်ဆိုင်မလဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၃ နှစ်အတွင်း ပထမဆုံးမြောက်လန်ဒန်ဒါဘီအောင်ပွဲရတဲ့ အာဆင်နယ်
မော်ရင်ညိုက အာဆင်နယ်နဲ့ပတ်သက်လာရင် မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြတဦးဖြစ်တယ်။ ဒီနေ့ပွဲမှာလည်း အာဆင်နယ်နဲ့တွေ့ဆုံတိုင်း အိမ်နိမ့်စံဘဝမှာ ကျင်လည်နေရတဲ့ စပါးအတွက် တစုံတရာအပြောင်းအလဲယူဆောင်လာဖို့ ပြင်ဆင်လာခဲ့ပုံရတယ်။ အာဆင်နယ်ကို စပါးပွဲဦးထွက် ပထမဆုံး ၃ ပွဲဆက်အနိုင်ရတဲ့ ပထမဆုံး စပါးနည်းပြဖြစ်လာဖို့ ကြံစည်ခဲ့တယ်။

စပါးအသင်းကလည်း အသင်းသမိုင်းတလျှောက်မှာ ခါးသီးဒါဘီပြိုင်ဘက်ကို ပထမဆုံးအကြိမ်အနေနဲ့ ၆ပွဲဆက်ရှူံးပွဲမရှိစံချိန် ရဖို့ပြင်ဆင်လာခဲ့တာပါ။ လာမယ်လာရဲ့ ဦးဆောင်ဂိုးအပြီးမှာ စပါးရဲ့မျှော်လင့်ချက်တွေက ပိုပြီးအသက်ဝင်လာခဲ့တယ်။ ဒါပေမယ့် ပိုကောင်းတဲ့အသင်းက အာဆင်နယ်ဖြစ်ကြောင်း အာတီတာကသက်သေပြခဲ့တယ်။ ထိုက်တန်တဲ့ခြေစွမ်းနဲ့ အဖိုးတန် အနိုင် ၃ မှတ်ကို အပိုင်သိမ်းခဲ့တယ်။ ၂၀၁၈ ခုနှစ်က ၄-၂ ရလဒ်နဲ့ နိုင်ပွဲနောက်ပိုင်း မြောက်လန်ဒန်ဒါဘီမှာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂန်းနားတို့အောင်ပွဲဆင်ခဲ့တယ်။

အူဘာမီယန်းကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ခဲ့တဲ့ အာတီတာ
အာတီတာက ကနဦးမှာ ဒီပွဲအတွက် အူဘာမီယန်းကို ပွဲထွက်စေဖို့ စီစဥ်ထားပေမယ့် ဒါကိုအပြောင်းအလဲလုပ်ခဲ့ပြီး အသင်းခေါင်းဆောင် ဂါဘွန်သားကို အရန်ခုံမှာ ချန်လှပ်ခဲ့ကြောင်း ဝန်ခံခဲ့တယ်။ ပွဲစဥ်တိုင်းအတွက် ချမှတ်ထားတဲ့ လုပ်ငန်းစဥ်အရ အခုလိုဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သူကအသိပေးခဲ့တယ်။ ကောလဟလတွေအရတော့ အူဘာမီယန်က စည်းကမ်းလိုက်နာမှုအပိုင်းမှာ ပြဿနာတချို့ရှိနေလို့ ချန်လှပ်ခံရတာဖြစ်ကြောင်း သိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆင်နယ်က အူဘာမီယန်မပါဝင်နိုင်လည်း ကိုယ့်အလုပ်ကိုယ် ပိုင်းဖြတ်မှုနဲ့ လုပ်ဆောင်သွားခဲ့တယ်။

ဟီးရိုးကနေ ဇီးရိုးဘဝဖြစ်သွားတဲ့ လာမယ်လာ
လာမယ်လာက စပါးရဲ့ဦးဆောင်ဂိုးကို သွင်းယူခဲ့တယ်။ ဒီဂိုးက ကမ္ဘာ့အဆင့်မီဂိုးလို့သတ်မှတ်ချင်စရာပါ။ ဒီပွဲမှာ ဒဏ်ရာရသွားတဲ့ ဆွန်ဟောင်မင်နဲ့ လူစားလဲဝင်ကစားတဲ့ လာမယ်လာရဲ့ခြေစွမ်းကလည်း တောက်ပနေခဲ့ပြီး စပါးကိုအကျိုးပြုခဲ့တယ်။ လာမယ်လာရဲ့ ကန်သွင်းချက်ကို ရယ်ဂီလွန်က အလေးပြုကြောင်းပါ အောင်ပွဲခံမှုမှာ ဖော်ပြခဲ့ရတယ်။ တဖက်မှာတော့ မလိုလားအပ်တဲ့ ဖျက်ထုတ်မှုတွေကို လာမယ်လာက ၂ကြိမ်ဆက် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်။

ဒါက လှပတဲ့၊ကျွမ်းကျင်ပါးနပ်တဲ့ သူ့ရဲ့သွင်းဂိုးရဲ့ အခြားတဖက်မှာ အကျည်းတန်သွားခဲ့တယ်။ ၆၉မိနစ်မှာ ပါတေးကို ဖျက်ထုတ်မှုအပြီး နောက် ၇မိနစ်အတွင်း တီယာနေးကို ထပ်မံကျုးလွန်ခဲ့လို့ အဝါကတ် ၂ကြိမ်ထိပြီး အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတယ်။ စည်းမဲ့ကမ်းမဲ့ ကစားတတ်တဲ့ အမူအကျင့်ကြောင့်ပဲ လာမယ်လာက စပါးအသင်းကို အရေးကြီးတဲ့ပွဲစဥ်တပွဲမှာ ပြန်လည်ချိနဲ့စေခဲ့တယ်။

VAR ကြောင့် စပါးအသင်းနစ်နာခဲ့တာလား?
ဒီပွဲမှာ VAR ရဲ့နောက်ထပ်အမဲစက်တခု ထပ်တိုးလာခဲ့တယ်လို့ ဆိုရမှာပါ။ လာကာဇက်ရဲ့ပင်နယ်တီဖြစ်ရပ်မှာ ဒေးဗစ်ဆန်းချက်ဇ်က ပင်နယ်တီဧရိယာအတွင်း သူ့ကို ပြစ်ဒဏ်ကျူးလွန်တယ်လို့ ကွင်းလယ်ဒိုင်က ဆုံးဖြတ်ခဲ့တယ်။ တကယ်တမ်း VAR ကို ပြန်လည်ကြည့်ရှုစစ်ဆေးရာမှာတော့ ဒေးဗစ်ဆန်းချက်ဇ်ရဲ့ အမှားအယွင်းမဟုတ်ကြောင်း အဖြေထွက်ခဲ့တယ်။ ကွင်းလယ်ဒိုင်က သူ့ရဲ့ဆုံးဖြတ်ချက်ကို မပယ်ဖျက်ဘဲ ပင်နယ်တီကိုကန်ခွင့်ပြုခဲ့တယ်။ ဒီအနေအထားတရပ်မှာတော့ စပါးအသင်းဘက်က နစ်နာခဲ့ပါတယ်။ ရုပ်ပျက်ဆင်းပျက်ဖြစ်ရပ်တွေကြောင့် ဝေဖန်မှုမြင့်တက်နေတဲ့ VAR စနစ်ဟာ အမှားတွေပြင်ဖို့ထက် ပမာဒလေခနေတုန်းလို့ ကောက်ချက်ချရမှာပါ။

နတ်ရေကန်ထဲပစ်ချလိုက်သလို အရာရာ ပြောင်းလဲသွားတဲ့ အာဆင်နယ်
စ​ပါးနဲ့ပထမအကျော့မှာ အသွားမရှိတဲ့ ဓားလို တုံးအနေတဲ့ အာဆင်နယ်ရဲ့ကစားပုံဟာ လပိုင်းအတွက် အချိန်တိုအတွင်းမှာ နတ်ရေကန်ထဲပစ်ချလိုက်သလို အရာရာ ပြောင်းလဲသွားတာကို တွေ့ရတယ်။ နည်းစနစ်ပိုင်းကျွမ်းကျင်မှုမြင့်မားတဲ့ စမစ်သ်ရိုးနဲ့ မာတင်အိုဒီဂါ့တ်ရဲ့ ပေါင်းထည့်ပေးမှုအားက အာဆင်နယ်ရဲ့ကစားပုံကို တဆင့်မြင့်သွားစေခဲ့တယ်။ ဒီအသင်းက ပိုကောင်းလာတဲ့အသင်းမဟုတ်ပါဘူး။ နောက်တဆင့်တက်ပြီး ပိုကောင်းသွားပြီဖြစ်တဲ့အသင်းအနေနဲ့ ဒီပွဲမှာ ခိုင်ခိုင်မာမာ သက်သေပြခဲ့တဲ့ စွမ်းဆောင်ရည်က ဖုံးကွယ်ထားလို့မရအောင် မြင်မြင်သာသာ ထင်ထင်ရှားရှား ထွက်ပေါ်လာတယ်။

ပွဲမပြီးခင် ၁၀ မိနစ်ဟာ အာဆင်နယ်ရဲ့အဆိုးရွားကစားပုံလို့ ဝန်ခံခဲ့တဲ့ အာတီတာ
ပွဲမပြီးခင် ၁၀ မိနစ်ဟာ အာဆင်နယ်ပရိသတ်တွေအတွက် မွန်းကြပ်ခဲ့ရတယ်။ ထွက်ပေါက်မရှိ အသက်ရှုမဝတဲ့ ခံစားမှုကို ရခဲ့ကြတယ်။ ဒီကစားပုံနဲ့ပတ်သက်ပြီး ပွဲမပြီးခင် ၁၀ မိနစ်ဟာ မိမိလက်ထက် အာဆင်နယ်ရဲ့ အဆိုးရွားဆုံးပုံစံလို့ အာတီတာက လူသိရှင်ကြား ဝေဖန်ခဲ့တယ်။ တယောက်လျော့ စပါးကို အသာစီးရယူမှု မရှိခဲ့ဘဲ ခက်ခက်ခဲခဲ ခုခံခဲ့ရတဲ့ ဒီ ၁၀မိနစ်က အာဆင်နယ်ရဲ့ ပွဲအရှိန်အတင်အချစိုးမိုးမှုမှာ ကျေညက်ဖို့ အားနည်းနေသေးကြောင်း ဖော်ပြခဲ့တယ်။
အာဆင်နယ်ရဲ့ ကစားကွက် တည်ဆောက်မှုပုံစံတခုလုံးဟာ ကစားတဦးချင်းစီအထိ ပျက်စီးသွားခဲ့တာဟာ အာတီတာရဲ့ငရဲဖြစ်ခဲ့ပြီး ကစားပွဲတွင်းစီမံမှု စည်းကမ်းကြီးတဲ့ သူ့အတွက် လက်မခံနိုင်စရာဖြစ်ခဲ့တယ်။ ဒါဟာ ဆင်ခြင်ပေးစရာမရှိဘဲ တိုးတက်အောင်လုပ်ဆောင်ဖို့ ကျန်ရှိနေသေးတဲ့ အာဆင်နယ်နဲ့အာတီတာရဲ့လုပ်ငန်းစဥ်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.