Match Report Premier League

ကစားကွက်ပြောင်းပြီး ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အမှားအယွင်းမရှိ ရှေ့ဆက်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ထူးထူးဆန်းဆန်း ၃-၄-၃ ကစားကွက်ကို ပြောင်းလဲကစားခဲ့ပြီး ဒီဘရိုင်းနားကိုတော့ အရန်ခုံမှာပဲ ထားခဲ့သလို တိုက်စစ်မှာတော့ ဆာဂျီယို အဂွေရိုကို တောင်ပံတစ်ဖက်စီကနေ ဂျေဆူးစ်၊ တောရက်စ်တို့နဲ့ ဝန်းရံပြီး ပွဲထုတ်လာခဲ့ပါတယ်။

ဖူလ်ဟမ်ကတော့ အထောင်တိုက်စစ်မှူး မသုံးဘဲ ကွင်းလယ်နဲ့ ထိန်းပြီး တန်ပြန်တိုက်စစ်ကစားဖို့ လျင်မြန်တဲ့ လွတ်ခ်မန်းနဲ့ ကာဗာလေရိုတို့နှစ်ဦးကိုပဲ တင်ကစားခဲ့ပြီး ပွဲစတာနဲ့ စကော့ ပါကားရဲ့ လူတွေက ဆက်တိုက် Pressing ကစားပြီး ထိုးဖောက်နေမှုကို စီးတီးတို့ တော်တော်လေး တောင့်ခံခဲ့ရပါတယ်။

ဒီနေ့ပွဲမှာ ပါဝင်လာတဲ့ နောက်ခံလူ မန်ဒီကတော့ အမှားမရှိရင် သူမဟုတ်ဘူးလို့ပဲ ပြောရမှာဖြစ်သလို စီးတီးတို့အတွက် ဘယ်နောက်ခံလူတစ်ယောက် မဖြစ်မနေ လိုအပ်တယ်ဆိုတာကို ပြသနေပြီး သူ့ဘက်က မကြာခဏ ထိုးဖောက်နေတဲ့ ကင်းမရွန်းသား ဇြမ္ဘို အြန္ဂီးဆာသာ ပလာတာမများရင် စီးတီးတို့ တော်တော်လေး မျက်လုံးပြူးရမယ့် အနေအထားလည်းဖြစ်ခဲ့ပါတယ်။

မန်စီးတီးတို့ရဲ့ တိုက်စစ်ကတော့ ညာခြမ်းတစ်ခြမ်းတည်းနဲ့ ကစားနေခဲ့ပြီး ကန်ဆယ်လို၊ ဘာနာဒို၊ အဂွေရိုတို့ ကြိုးစားခဲ့ကြပေမယ့် ဖူလ်ဟမ်ဂိုးသမား အာရီယိုလာ အေးအေးဆေးဆေးပဲ ကာကွယ်သွားနိုင်ခဲ့သလို အိမ်ရှင်တိုက်စစ်ကလည်း Final Touch တွေမှာ အားနည်းခဲ့လို့ ပထမပိုင်းက ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ၄၇ မိနစ်မှာတော့ ဧည့်သည်မန်စီးတီးတို့ ဂိုးပေါက်ရှာတွေ့ခဲ့ပြီး ကန်ဆယ်လိုရဲ့ ဘယ်ခြမ်းက ဖရီးကစ်ကို အရင်ပွဲတွေမှာ ဆက်တိုက်ခြေစွမ်းပြနေတဲ့ အာဒါရာဘိုင်ယိုရိုက အသင်းဟောင်းနဲ့ပွဲမှာ ပေါ့ဆခဲ့ချိန်မှာ ဂျွန်စတုန်းစ်က နောက်ကနေ အဆင်သင့် ပြေးဝင်ပိတ်သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာတော့ ညာတောင်ပံက ဘာနာဒို ထိုးဖောက်လာပြီး ချပေးတာကို ရိုဒရီကန်ခဲ့ပေမယ့် ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး ၅၆ မိနစ်မှာတော့ ဖူလ်ဟမ်အသင်းခေါင်းဆောင် အန်ဒါဆန်ရဲ့ မသေမသပ်ဖျက်တာတဲ့ ဘောလုံးက ကာဗာလေရိုကို မှန်ပြီး ပြန်ထွက်လာတာကို ဂျေဆူးစ်က အသင့်အနေအထားနဲ့ ရယူပြီး ဂိုးသမား အာရီယိုလာကိုပါ လိမ်ပြီးမှ ဒုတိယဂိုးအဖြစ် ထပ်မံယူရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ အာဒါရာဘိုင်ယိုရိုရဲ့ အမှားကနေ တောရက်စ် ဘောလုံးလုယူနိုင်ခဲ့ပြီး ဂိုးရှေ့ဆွဲအပြေးမှာ နောက်က လိုက်တွန်းခဲ့လို့ လဲကျသွားချိန်မှာ ပင်နယ်တီပေးခဲ့ရပြီး ဒါကိုတော့ တိုက်စစ်မှူး အဂွေရိုက ဘယ်ဘက်တိုင်ခြေကို ကန်သွင်းခဲ့ရာမှာ ဂိုးသမား အာရီယိုလာ ဒိုက်ပစ်မှုက အနည်းငယ်နောက်ကျနေခဲ့လို့ တတိယဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တစ်ချိန်လုံးမှားနေတဲ့ ဖူလ်ဟမ်နောက်တန်းက ပြန်လည်တည်ငြိမ်သွားခဲ့ပြီး စီးတီးတို့ရဲ့ ထိုးဖောက်မှုတွေကို ထိန်းချုပ်သွားနိုင်ခဲ့ပေမယ့် ရလဒ်ကတော့ ပြန်လှန်ဖို့ အချိန်မမီတော့ဘဲ ပေါ့လျော့မှုတစ်ကြိမ်၊ အမှားနှစ်ခုနဲ့အတူ အိမ်ကွင်းမှာ ဦးဆောင်သူတွေကို အရှုံးပေးခဲ့ရပါတယ်။

ဒီပွဲအနိုင်နဲ့ Clean Sheet ကြောင့် ဒီဘရိုင်းနား မပါရင် အသင်းကစားပုံက ပိုကောင်းတယ်ဆိုရင် အဆိုတစ်ခုကို ပရိသတ်တွေကြားမှာ ဆက်လက်ငြင်းခုံဖို့ ဖြစ်လာခဲ့သလို မန်ချက်စတာစီးတီးတို့ကတော့ ရမှတ် ၇၁ မှတ်၊ နောက်ဆုံးနှစ်ပွဲဆက်အနိုင်နဲ့ မန်ချက်စတာယူနိုက်တက်တို့ မကစားခင် ပရီးမီးယားလိဂ်မှာ ၁၇ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.