Premier League

ကွန်ဒေးကို မရရင် ခေါ်ရမယ့်သူကို သတ်မှတ်ထားပြီးဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာနောက်ခံကစားသမား ဂျူးစ် ကွန်ဒေးကို ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘူးဆိုရင် ဗီလာရီးရဲလ်နောက်ခံကစားသမား ပါအူ တောရက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ယခုအပတ်အစောပိုင်းမှာ Sportsmail က မန်ချက်စတာယူနိုက်တက်ဟာ ဆီဗီလာနောက်ခံကစားသမားကို စိတ်ဝင်စားမှု ရှိနေပေမယ့်လည်း စာချုပ်လျော်ကြေး ပေါင် ၆၈ သန်းကို ပေးချေဖို့ တွန့်ဆုတ်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းတာဝန်ရှိသူတွေဟာ ၎င်းတို့ရဲ့ စိတ်ဝင်စားမှုကို ဗီလာရီးရဲလ်နောက်ခံကစားသမား ပါအူ တောရက်စ်ဆီ ပြောင်းရွှေ့သွားနိုင်တယ်လို့ Eurosport က ဖော်ပြခဲ့ပါတယ်။

စပိန်နောက်ခံကစားသမားရဲ့ စာချုပ်လျော်ကြေး ပေါင် ၄၃ သန်းဟာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရဲ့အကျိုးသက်ရောက်မှုကြောင့် ဂျူးစ် ကွန်ဒေးရဲ့ စာချုပ်လျော်ကြေးထက်စာရင် ပိုပြီး လက်တွေ့ဆန်တဲ့ရွေးချယ်မှုနဲ့ ဆွဲဆောင်မှုတစ်ခုအဖြစ် ယူနိုက်တက်က ရှုမြင်နေတာဖြစ်ပါတယ်။

တောရက်စ်ဟာ ယခုရာသီ အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီရဲ့ ဗီလာရီးရဲလ်အသင်းအတွက် ၂၉ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂ ဂိုးသွင်းယူထားသူဖြစ်ပြီး လူးဝစ္စ အန်းနရစ်ရဲ့ စပိန်လက်ရွေးစင်အသင်းအတွက်လည်း ယခုရာသီမှာ နေးရှင်းလိဂ်ပွဲစဉ် ၄ ပွဲ ပါဝင်ကစားပေးထားသူဖြစ်ပါတယ်။

ပါအူ တောရက်စ်ဟာ ဆိုင်းငံ့ထားတဲ့ ယခုနွေရာသီ ယူရိုပြိုင်ပွဲအတွင်း ဆာဂျီယိုရာမို့စ်ရဲ့ ဗဟိုခံစစ်တွဲဖက်အဖြစ် ရွေးချယ်ခံရနိုင်တယ်လို့ ထိပ်ဆုံးကနေ ရေပန်းစားနေခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ယခုနွေရာသီမှာ ဗဟိုခံစစ်နေရာကို ဦးစားပေးနေရာအဖြစ် အင်အားဖြည့်တင်းသွားချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ဖောင်းပွနေတဲ့ စျေးနှုန်းတွေနဲ့ပတ်သက်ပြီး စဉ်းစားဆင်ခြင်ဖို့ အာရုံအပြည့်စိုက်ထားတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဖီအိုရင်တီးနားအသင်းနောက်ခံကစားသမား နီကိုလာ မီလန်ကိုဗစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်လည်း ဆိုးလ်ရှားရဲ့ ပစ်မှတ်စာရင်းထဲက မြင့်မားတဲ့နေရာမှာ ပါဝင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z