Premier League

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ထက် ပိုကောင်းတဲ့သူကို ရွေးလိုက်တဲ့ ယူနိုက်တက်ကစားသမား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ အဲရစ် ဘိုင်လီက သူ့အတွက်တော့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့နှစ်ဦးထဲက တစ်ဦးကို ရွေးဆိုရင် ဘယ်သူ့ကိုမှ ရွေးမှာ မဟုတ်ဘူးလို့ ပြောလိုက်ပြီး ဒီနှစ်ဦးစလုံးဟာ သူ့အတွက် နှစ်သက်အားကျဖို့ မလုံလောက်ဘူးလို့ ပြောလိုက်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၈-၀၉ ရာသီကစလို့ ရာသီတိုင်းရာသီတိုင်း အနည်းဆုံး ဂိုး ၃၀ နဲ့အထက် သွင်းယူထားနိုင်သူဖြစ်ပြီး ဒီရာသီမှာလည်း ၂၃ ဂိုးသွင်းယူနိုင်ပြီးသူဖြစ်သလို ရော်နယ်လ်ဒိုကလည်း များပြားတဲ့ သွင်းဂိုးတွေနဲ့ နှစ်စဉ်နှစ်တိုင်း သူသာလျှင် အကောင်းဆုံးလို့ သက်သေထူနေသူဖြစ်ပေမယ့် ဘိုင်လီကတော့ ရင်ခုန်ပုံမရတာပါ။

အသက် ၂၆ နှစ်အရွယ် အိုင်ဗရီကို့စ်နောက်ခံလူက ဘယ်သူက အကောင်းဆုံးလဲလို့ မေးခဲ့တဲ့ မေးခွန်းအပေါ် “ခင်ဗျားအနေနဲ့ ကျွန်တော့်ကို မက်ဆီက အကောင်းဆုံးလား… ရော်နယ်လ်ဒိုက အကောင်းဆုံးလားမေးရင် အဖြေအနေနဲ့ ဆာဂျီယို ရာမို့စ်လို့ပဲ ဖြေမှာပါ”လို့ တုံ့ပြန်သွားခဲ့တာဖြစ်ပြီး သူ့လို ခံစစ်သမားတစ်ဦးအဖို့ တိုက်စစ်သမားတွေကို ကောင်းတယ်လို့ ယူဆပုံမပေါ်တာလည်းဖြစ်ပါတယ်။

“ကျွန်တော့်အတွက် အလွှမ်းမိုးနိုင်ဆုံး ကစားသမားက ရာမို့စ်ပါ။ သူ့ကို ကျွန်တော် လေးစားအားကျခဲ့ရတာ နှစ်ပေါင်းများစွာရှိပြီဖြစ်ပြီး ဘောလုံးလောကမှာ သူလုပ်ပြခဲ့တာတွေနဲ့ အကောင်းဆုံး အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်တာတွေက ဒီကစားနည်းရဲ့ သမိုင်းမှာ အကောင်းဆုံး တစ်ဦးဖြစ်စေပါတယ်။ လူတိုင်းမှာ ကိုယ့်အမြင်နဲ့ကိုယ် ရှိပြီး သူကတော့ ကျွန်တော့်အတွက် တိုင်းတာစရာ စံပေတံပါပဲ”လို့ ဘိုင်လီက ပြောလိုက်ပါတယ်။

Greatest of All Time လို့ ခေါ်တဲ့ GOAT ဆိုတာ မက်ဆီနဲ့ ရော်နယ်လ်ဒို မဟုတ်ဘဲ ရာမို့စ်ဖြစ်နေတာဟာ ပရိသတ်တွေအတွက်တော့ အံ့အားသင့်စရာဖြစ်ခဲ့ပေမယ့် သူ့အရပ်နဲ့ သူ့ဇာတ်၊ သွေးတူမွေးတူချင်း ကောင်းချီးပေးကြတာဖြစ်လို့ ရွှေဘောလုံးပိုင်ရှင်နှစ်ဦးက အကောင်းဆုံး မဟုတ်ဘူးလို့ မပြောနိုင်သလို ရီးရဲလ်မက်ဒရစ်ရဲ့ လူကြမ်းကြီးကိုလည်း မကောင်းဘူးလို့ မပြောနိုင်တာကြောင့် ပရိသတ်တွေအမြင်ကရော ဘယ်လို ရှိနေသလဲ ချိန်ဆကြည့်နိုင်ဖို့ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.