Premier League

အသင်းအရှက်တကွဲရှုံးနိမ့်ခဲ့တာတောင် ရယ်မောနေခဲ့တဲ့ ရော်နယ်ကိုးမန်း

ဘာစီလိုနာအသင်းပရိသတ်တွေဟာ ပီအက်စ်ဂျီအသင်းကို ၄-၁ နဲ့ အိမ်ကွင်းနူးကမ့်မှာ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ရယ်မောနေခဲ့တဲ့ နည်းပြ ရော်နယ်ကိုးမန်းကို ဒေါသထွက်ခဲ့ကြပါတယ်။

ဘာစိလိုနာအသင်းနည်းပြဟာ အဲဗာတန်အသင်းကို နည်းပြတုန်းက အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ ပီအက်စ်ဂျီကစားသမား အစ်ဒရစ်ဆာဂေးနဲ့ နှုတ်ဆက်ခဲ့တာဖြစ်ပြီး အပြုံးတွေဝေဝေဆာဆာနဲ့ ပွေ့ဖက်နှုတ်ဆက်ပြီးနောက် ပါးကိုတောင် ချစ်စနိုးနဲ့ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ နူးကမ့်က ပွဲပြီးရလဒ်ကို ဒေါသတကြီးမျက်နှာထားမျိုးက ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ဘယ်သူကမှ ပြောမနေပေမယ့် ရှုံးနိမ့်မှုကြောင့် ဒေါသထွက်နေတဲ့ ဘာစီလိုနာပရိသတ်တွေအတွက်တော့ မျက်နှာပိုးတော့ သတ်ထားခဲ့သင့်တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဒတ်ချ်လူမျိုး နည်းပြအတွက်တော့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်ဟာ ကြောက်ဖက်ဖွယ်အိပ်မက်ဆိုး ဖြစ်ခဲ့ပြီး လီယွန်နယ်မက်ဆီရဲ့ ပင်နယ်တီကြောင့် ဘာစီလိုနာအသင်းဟာ အဖွင့်ဂိုးရရှိခဲ့ပေမယ့် ဘတ်ပီရဲ့ ဟက်ထရစ်သွင်းဂိုး၊ မွိုက်ကီးန်ရဲ့ သွင်းဂိုးတွေကြောင့် ၄-၁ နဲ့ ရှုံးနိမ့်သွားခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ပီအက်စ်ဂျီအသင်းကပဲ တဖက်သတ် လွှမ်းမိုးထားနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းအတွက် ချန်ပီယံလိဂ်မှာ နောက်ထပ်တစ်ကြိမ် အရှက်ရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြ ရော်နယ်ကိုးမန်းအတွက်ကတော့ ပြုံးပျော်စရာ အကြောင်းအရင်းရှိနေဆဲဖြစ်ခဲ့ပြီး ဘာစီလိုနာပရိသတ်တွေဟာ တွစ်တာလူမှုကွန်ရက်မှာ ဒတ်ချ်လူမျိုး နည်းပြကို ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။

“ဘာလဲဟ။ ကိုးမန်းက ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တာကို ရယ်မောနေတယ်။ ဒီလူက တော်တော်ကို စိတ်ပျက်စရာကောင်းတာပဲ။ အနိုင်ယူခံခဲ့ရတာကိုတောင် သူက အဲဒါကို ရယ်မောနေတယ်။ ဒီလိုလူက ဘယ်လိုဖြစ်ပြီး ဘာစီလိုနာ နည်းပြဖြစ်နေတာလဲ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး အခြားပရိသတ်တစ်ဦးကလည်း “အသင်းကရှုံးနိမ့်နေတဲ့အချိန်မှာ ကိုးမန်းက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြိုင်ဘက်ကစားသမားတွေကို ဂုဏ်ပြုနေသောအခါ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။