Premier League

လာမယ့်နွေရာသီမှာ သန်းပေါင်းများစွာ မကုန်ကျစေမယ့် ကစားသမား ၃ ဦးကို ပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလတုန်းနဲ့ မတူဘဲ ဇန်နဝါရီ အပြောင်းအရွှေ့ကာလဟာ ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘဲ ကစားသမားသစ် ခေါ်ယူမှု မရှိခဲ့တာက စိုးရိမ်စရာဖြစ်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင်သန်း ၂၂၀ ကျော်သုံးစွဲပြီး ကစားသမားသစ် ၇ ဦးအထိ ခေါ်ယူခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ နည်းပြသစ် သောမတ်စ် တူဟယ်လက်အောက်မှာ ရှုံးပွဲမရှိစံချိန်ကို ထိန်းသိမ်းဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ကြာသပတေးနေ့ညနေမှာ စပါးအသင်း အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်ဟာ သောမတ်စ် တူဟယ်အတွက် ပထမဆုံး ထိပ်သီးအသင်းကြီးတစ်သင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်လည်းဖြစ်ပြီး ဘယ်လိုဗျူဟာတွေနဲ့ တုံ့ပြန်သွားမလဲဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လိုက်ပ်ဇစ်နောက်ခံကစားသမား အူပါမီကာနို၊ ဝက်စ်ဟမ်းကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်စ်၊ ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းတို့နဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလတစ်လျှောက်လုံး သတင်းတွေထွက်ပေါ်နေခဲ့ပေမယ့်လည်း အမှန်တကယ် ဖြစ်မြောက်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ အပြောင်းအရွှေ့လှုပ်ရှားမှုဆိုလို့ ကစားသမား ၇ ဦး အပြီးသတ်၊ အငှားနဲ့ အသီးသီး ထွက်ခွာသွားခဲ့ကြတာသာ ရှိခဲ့တာဖြစ်ပြီး လူငယ်ကွင်းလယ်ကြယ်ပွင့် ဘီလီ ဂီးလ်မိုးကလည်း တနင်္လာနေ့မှာ အငှားနဲ့ ထွက်ခွာမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရပေမယ့် နောက်ဆုံးမှာ အသင်းနဲ့ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ကာလလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့အတွက် ချဲလ်ဆီးအသင်းရဲ့ အာရုံစိုက်မှုဟာ နွေရာသီကို ပြောင်းလဲလိုက်ပြီဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းကလိုပဲ ပထမအသင်းလူစာရင်းမှာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားဖွယ်ရှိနေတဲ့ ပုံပေါ်ပါတယ်။ ဒေးဗစ်အလာဘာ၊ အူ့စ်မန် ဒမ်ဘီလီ၊ ဟာလန်းတို့အားလုံးဟာ ချဲလ်ဆီးအသင်းနဲ့ သတင်းတွေထွက်ပေါ်နေပြီး တူဟယ်အနေနဲ့ ဆန္ဒသာရှိမယ်ဆိုရင် ကစားသမားသစ်ခေါ်ယူဖို့ထက် အသင်းမှာ ရှိပြီးသားကစားသမားတွေကို ဖြစ်ချင်တဲ့ပုံစံအတိုင်း ပြောင်းလဲပေးနိုင်ဖွယ်ရှိနေပါတယ်။

Football.london က လာမယ့်နွေရာသီမှာ အသင်းရဲ့ ငွေကြေးနဲ့ အချိန်အချို့ကို ချွေတာဖို့ တူဟယ် ၎င်းရဲ့ အစီအစဉ်နဲ့ မိတ်ဆက်ပေးကောင်း မိတ်ဆက်ပေးနိုင်ခြေရှိတဲ့ ကစားသမား ၃ ဦးကို ဖော်ပြခဲ့ပါတယ်။

မာ့စ် ဂူဟီ

ဘိုင်ယန်နဲ့စာချုပ်သက်တမ်းကုန်တော့မယ့် အလာဘာ၊ လိုက်ပ်ဇစ်ကြယ်ပွင့် အူပါမီကာနိုတို့ဟာ တူဟယ်ရဲ့ လာမယ့်နွေရာသီ ထိပ်တန်းပစ်မှတ်တွေအဖြစ် သတင်းတွေက ဖော်ပြခဲ့ကြပြီး ချဲလ်ဆီးနည်းပြသစ်ဟာ ၎င်းရဲ့ ဗဟိုခံစစ်မှာ ရွေးချယ်စရာ တိုးမြှင့်ချင်နေတယ်ဆိုတာ ရှင်းပါတယ်။ လက်ရှိအခြေအနေတွေအရ တူဟယ်ဆီမှာ စီနီယာ ဗဟိုခံစစ်ကစားသမား ၄ ဦးရှိနေပြီး ပုံမှန်ခြေစွမ်းရှိနေတဲ့ သီယာဂို ဆေးလ်ဗား၊ ရူဒီဂါ၊ ကတ်ဇူးမားနဲ့ ခရစ္စတင်ဆန်တို့ ရှိနေတာဖြစ်ပါတယ်။ အဲဒီပမာဏဟာ တူဟယ်အတွက် လုံလောက်တဲ့ ပမာဏလို့ ဝန်ခံရမှာဖြစ်ပေမယ့် ဆေးလ်ဗားဟာ လက်ရှိမှာ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ယခုရာသီကုန်ထက် ကျော်လွန်ပြီး ဆက်ရှိနေမယ့်စာချုပ်သစ်လည်း မချုပ်ဆိုရသေးတာကြောင့် ချဲလ်ဆီးက ၎င်းတို့ရဲ့ ရွေးချယ်စရာနဲ့ပတ်သက်ပြီး အကဲဖြတ်ပြီးသားဘာလို့ဖြစ်နေလဲဆိုတာ နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့်လည်း ဂူဟီက ချဲလ်ဆီးအသင်းမှာ ရှိနေပြီးသားဖြစ်တဲ့ ပြီးပြည့်စုံတဲ့ အစားထိုးမှုဖြစ်ကောင်းဖြစ်နိုင်ပြီး အဲဒီထက်တောင် ပိုုနေမှာသေချာပါတယ်။ တူဟယ်ရဲ့အဖွင့်ပွဲစဉ် ၂ ပွဲမှာ ခံစစ် ၃ ဦးကစားကွက်ကို အသုံးပြုခဲ့ပြီး အဲဒီကစားကွက်ဟာ ယခုရာသီ ဆွမ်ဆီးမှာ အငှားနဲ့ သွားရောက်ကစားပြီး တောက်ပတဲ့ခြေစွမ်းပြသနေတဲ့ အသက် ၂၀ အရွယ်ကစားသမားအတွက် လုံးဝ အံဝင်တဲ့နေရာဖြစ်ပါတယ်။ ဂူဟီဟာ တန်းတက်ဖို့ တွန်းအားပေးလုပ်ဆောင်နေတဲ့ နည်းပြ စတိဗ် ကူးပါးလက်အောက်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးနေခဲ့တာဖြစ်ပြီး ကြောက်မက်ဖွယ် ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဆွမ်ဆီးပရိသတ်တွေက ၎င်းကို အသင်းမှာ ဆက်နေစေချင်နေကြပြီးသားဖြစ်ပါတယ်။

အီသန် အန်ပါဒူ

နောက်ထပ် ခံစစ်ကစားသမားတစ်ဦး ခေါ်ယူချင်နေတဲ့ တူဟယ်ရဲ့ အတွေးထဲမှာ ရှိနေမယ့်သူက လက်ရှိမှာ ရှက်ဖီးယူနိုက်တက်ကို အငှားနဲ့ သွားကစားနေတဲ့ အန်ပါဒူ ဖြစ်မှာဖြစ်ပါတယ်။ ယခုရာသီမှာ ရှက်ဖီးယူနိုက်တက်အသင်းက ရုန်းကန်နေရပေမယ့်လည်း အန်ပါဒူက ၎င်းရဲ့အလားအလာနဲ့ပတ်သက်ပြီး ရှက်ဖီးယူနိုက်တက်ပရိသတ်တွေရော၊ ချဲလ်ဆီးပရိသတ်တွေပါ ပါးစပ်အဟောင်းသားဖြစ်စေနိုင်မယ့် စွမ်းဆောင်ရည်အချို့ကို ပြသထားနိုင်ခဲ့ပါတယ်။ အသက် ၂၀ အရွယ်သာရှိသေးတဲ့ နောက်ခံကစားသမားဟာ ယခုရာသီ ရှက်ဖီးယူနိုက်တက်အတွက် ၁၈ ကြိမ် ပါဝင်ကစားပေးထားပြီး အဲဒီထဲက ၁၅ ပွဲဟာ ပရီးမီးယားလိဂ်မှာဖြစ်ပါတယ်။ ဝေးလ်နောက်ခံကစားသမားဟာ ဗဟိုခံစစ်နေရာမှာပဲ ကစားခဲ့သူမဟုတ်ဘဲ တခါတရံ ကွင်းလယ်အထိ တက်ပြီး ကွင်းလယ်ဗဟိုခံစစ်ကစားသမားအဖြစ်လည်း ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ဂူဟီလိုပဲ အန်ပါဒူဟာ ငယ်ရွယ်သေးပြီး အရည်အသွေးတွေအားလုံး ပြည့်စုံပြီလို့ ယူဆနိုင်တဲ့အချိန်ရောက်ဖို့ အဝေးကြီးလိုသေးပေမယ့် ၎င်းရဲ့ အရည်အချင်းတွေထဲမှာ အလားအလာက ဘယ်လောက်အထိ မြင့်မားလဲဆိုတာကို မြင်နိုင်တာတော့ အသေအချာပဲဖြစ်ပါတယ်။

ကော်နာ ဂယ်လယ်ဂါ

အန်ပါဒူလိုပဲ ဂယ်လယ်ဂါက လက်ရှိမှာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့အသင်းတွေထဲက တစ်သင်းမှာ အငှားနဲ့ သွားကစားနေတဲ့ ကစားသမားပါ။ ပြီးခဲ့တဲ့ရာသီက ချာလ်တန်၊ ဆွမ်ဆီးအသင်းတို့ဆီ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့အချိန်မှာ အထင်ကြီးဖွယ်စွမ်းဆောင်ရည်တွေ ချန်ပီယံရှစ်မှာ ပြသနိုင်ခဲ့ပြီးနောက် ဂယ်လယ်ဂါဟာ ယခုရာသီမှာ ဝက်စ်ဘရွန်းအတွက် ၎င်းရဲ့ ပါရမီအချို့ကို ပြသနေခဲ့တာဖြစ်ပါတယ်။ ဗဟိုကွင်းလယ်ကစားသမားအဖြစ် လုပ်ဆောင်ပေးချင်တဲ့ ကွင်းလယ်ကစားသမားဟာ ဝက်စ်ဘရွန်းအတွက် အထင်ကြီးစရာဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၂ ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဂယ်လယ်ဂါဟာ ရှက်ဖီးယူနိုက်တက်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ၎င်းရဲ့ ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ချဲလ်ဆီးပရိသတ်တွေက ယခုနွေရာသီမှာ ဂယ်လယ်ဂါကို အသင်းဆီ ပြန်ခေါ်ပြီး ဘယ်လောက်ထိုက်တန်တဲ့သူလဲဆိုတာကို သက်သေပြသခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဂယ်လယ်ဂါဟာ ချဲလ်ဆီးအသင်းလောက် မကောင်းတဲ့ အသင်းသေးမှာ ကစားပေးနေတာကိုလည်း ထည့်တွက်ရမှာဖြစ်ပေမယ့် ၎င်းဟာ မွေးရာပါ ပါရမီတွေနဲ့ ပရိသတ်တွေရဲ့ မျှော်မှန်းချက်ကို မြှင့်တင်ဖို့ လုပ်နိုင်သလောက် လုပ်ခဲ့ပြီးသားဖြစ်ပါတယ်။ ဂယ်လယ်ဂါအနေနဲ့ ဂူဟီနဲ့ အန်ပါဒူလိုမျိုး တူဟယ်ရဲ့အစီအစဉ်ထဲကို သွတ်သွင်းခံရနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပေမယ့် တောက်ပဖို့ အခွင့်အရေးသာပေးခြင်းခံရမယ်ဆိုရင် ၎င်းရဲ့နာမည်ကို ရေးထိုးနိုင်ဖို့ အလားအလာကျိန်းသေရှိနေတဲ့သူဖြစ်ပါတယ်။