Premier League

30 Jan – နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ အသင်းခေါင်းဆောင်တိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်း မပါဝင်ဘဲ ရင်ဆိုင်ကစားသွားရမှာဖြစ်ပြီး အမေ နေမကောင်းလို့ လေယာဉ်စီး ခရီးသွားခဲ့တဲ့ ဂါဘွန်သားအနေနဲ့ ကွာရန်တင်း စည်းမျဉ်းကို လိုက်နာရမှာဖြစ်ကြောင်း သိရ။

– ပရီးမီးယားလိဂ်အသင်းတွေက အလိုရှိနေခဲ့တဲ့ ဟိုက်ဘာနီးယန်းနောက်ခံလူ ဂျော့ရှ် ဒွိုက်အတွက် သူတို့နှစ်သင်းကြား ဂိုးသမား မတ်မေစီရဲ့ အပြောင်းအရွှေ့ကို ပြုလုပ်ထားတာကြောင့် အာဆင်နယ်တို့ အလေးသာနေသလို ကစားသမားအနေနဲ့လည်း တီယာနီနဲ့ ရောဘတ်ဆန်တို့လို စကော့တလန်ဘယ်နောက်ခံလူတွေရဲ့ ခြေရာနင်းချင်တယ်လို့ ဝန်ခံထား။

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်အတွက် အသင်းရဲ့ အဓိက ကစားသမားနှစ်ဦး ပြန်လည် ပါဝင်နိုင်မှာဖြစ်ပြီး နောက်ခံလူ ကီရန် တီယာနီနဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးတို့ အင်ပြည့်အားပြည့် လေ့ကျင့်နေသလို ကစားသမားသစ် အော်ဒီဂွါဒ်ကိုလည်း ဒဏ်ရာပြဿနာရှိနေတဲ့ စမစ်ရိုးအစား အသုံးပြုနိုင်ဖွယ်ရှိနေ။

– အသင်းရဲ့ ကစားခွင့်မရတဲ့ အင်္ဂလန် ယူ-၂၁ လူငယ်လက်ရွေးစင်တွေဖြစ်ကြတဲ့ တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်နဲ့ ကွင်းလယ်လူ ဂျိုး ဝီလော့ခ်တို့ကို အပြောင်းအရွှေ့ မပိတ်ခင်မှာ ချန်ပီယံရှစ်ကို အငှားချထားလိုတယ်လို့ နည်းပြ မီခယ်လ် အာတီတာက ပြောလိုက်ပြီး ကမ်းလှမ်းမှုတွေကို စောင့်ကြိုနေ။

– ဘူကာယို ဆာကာဟာ မန်ချက်စတာယူနိုက်တက်ကို ကောင်းကောင်းကြီး ဒုက္ခပေးမယ့်သူဖြစ်ပြီး ဘယ်ခြမ်းမှာ လုခ်ရှောနဲ့ အဲလက်စ် တဲလက်စ် ဘယ်သူ့ကိုထားထား ကျော်ဖြတ်နိုင်မှာဖြစ်သလို သူ့ရဲ့ တစ်ဦးချင်း ရုန်းကန်ကျော်ဖြတ်နိုင်စွမ်းကလည်း အများကြီး တိုးတက်လာတယ်လို့ စကိုင်းစပို့စ်ရဲ့ အလန် မက်ကင်နယ်လီ သုံးသပ်သွား။

– မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက အာဆင်နယ်အသင်းရဲ့ မာတင် အော်ဒီဂွါဒ်ကို အငှားခေါ်ယူနိုင်တဲ့ အပြောင်းအရွှေ့ဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ချီးကျူးလိုက်ပြီး ကစားသမားရဲ့ အရည်အသွေးက ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တယ်လို့ နော်ဝေသားချင်း ထောက်ခံမှုပေးသွားခဲ့။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းမှုတွေကို ဖြေကြားရာမှာ အသင်းပရိသတ်တွေ စိုးရိမ်နေသလို လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုး နေရာမပျောက်နိုင်ဘဲ သူနဲ့ အော်ဒီဂွါဒ်တို့အနေနဲ့ အတူတွဲဖက်ကစားနိုင်ကြောင်း ပြောကြားသွား။

– ဝုလ်ဗ်စ်၊ ဝက်စ်ဘရွန်းနဲ့ ထိပ်ဆုံးလေးသင်းဝင် အသင်းတစ်သင်း(လက်စတာဖြစ်ဖွယ်ရှိ)က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို အငှားခေါ်ယူကြမယ့် ပြိုင်ပွဲမှာ ဆောက်သမ်တန်အသင်းပါ ပါဝင်လာခဲ့ပြီး အာဆင်နယ်အသင်းနဲ့ ဘာထရန်အတွက် တစ်နည်းတစ်ဖုံ သဘောတူညီမှု ပြုလုပ်နိုင်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းနေကြ။

– အာဆင်နယ်အသင်းရဲ့ Invincible ဂန္ထဝင်နောက်ခံလူဟောင်းကြီး မာတင် ကီးယွန်းက မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံမယ့်ပွဲဟာ သူတို့အတွက် အိမ်ကွင်းမှာ အနိုင်သုံးမှတ်ယူပြီး အမှတ်ပေးဇယားအပေါ်ပိုင်းကို တက်လှမ်းဖို့အတွက် နည်းပြ အာတီတာရဲ့ အခွင့်အရေးပဲလို့ ပွဲကြိုပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.